ဇူလိုင် ၇၊ ၂၀၂၆။ဟာနာဆန်/People’s Spring
မန္တလေးမြို့မှာ မီးလောင်နေတဲ့ ဂိုဒေါင်ထဲ ပိတ်မိနေတဲ့ ဂိုဒေါင်စောင့် အဘိုး၊အဘွားလင်မယားကို ပြည်သူတစ်ဦးက ဘာအကာအကွယ်မှမပါဘဲ ဝင်ရောက်ကယ်တင်နိုင်ခဲ့ပါတယ်။
ဇူလိုင် ၆ ရက် မနက် ၈ နာရီခန့်က မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ၁၀၁ A လမ်း ၆၇ A လမ်းထောင့်က ဂိုဒေါင်ဟောင်းတစ်ခု မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပါတယ်။
အဲဒီဂိုဒေါင်မှာ အစောင့် သက်ကြီးဘိုးဘွား ဇနီးမောင်နှံ နေထိုင်ကြပြီး မီးစလောင်တဲ့အချိန်ဖြစ်တာကြောင့် မီးသတ်ကားတွေ ရောက်မလာသေးတဲ့အချိန် ပြည်သူတစ်ဦးက ဝင်ကယ်ခဲ့တာကို ရုပ်သံမှတ်တမ်းမှာ တွေ့ရှိခဲ့ရတာပါ။

Public Service Announcement
မီးသတ်ကားတွေ မလာသေးတဲ့အချိန် စွပ်ကျယ်အဖြူ၊ ပုဆိုးအနက်ဝတ်ထားတဲ့ လူလတ်ပိုင်းအမျိုးသားတစ်ဦးဟာ မီးခိုးတွေအူထွက်နေတဲ့ ဂိုဒေါင်အတွင်း ပြေးဝင်သွားခဲ့ပြီး အဘွားဖြစ်သူကို ခေါ်ဆောင် ကယ်ထုတ်ခဲ့တာ တွေ့ရပါတယ်။ အဘွားဟာ ဂိုဒေါင်ထဲမှာ အဘိုးကျန်နေသေးကြောင်း ပြောဆိုခဲ့တာကြောင့် စွပ်ကျယ်ဝတ်အမျိုးသားဟာ မီးလောင်အဆောက်အအုံအတွင်း ဘာအကာအကွယ်မှမပါဘဲ နောက်တစ်ကြိမ် ထပ်ဝင်သွားခဲ့ပြန်ပါတယ်။
အဲဒီ အမျိုးသားဟာ မီးလောင်အဆောက်အအုံထဲကနေ သူတစ်ဦးတည်း ပြန်ထွက်လာခဲ့ပြီး အဘိုးအိုကို ရှာလို့မတွေ့ခဲ့ပါဘူး။ မြေကြီးပေါ် ထိုင်ချထားတဲ့ အဘွားအိုကို ဘယ်ထဲမှာတုန်းလို့ သူဟာ ထပ်မေးခဲ့ပြီး အဘွားက အဆောက်အအုံတနေရာကို လက်ညှိုးထိုးပြခဲ့ပါတယ်။ စွပ်ကျယ်ဝတ်အမျိုးသားဟာ မီးလောင်အဆောက်အအုံအတွင်း နောက်ထပ်တစ်ကြိမ် ဝင်သွားခဲ့ပါတယ်။ မကြာခင်ပဲ စွပ်ကျယ်ဝတ်အမျိုးသားဟာ မီးလောင်ဒဏ်ရာတွေရထားတဲ့ အဘိုးအိုကို ကယ်ထုတ်လာနိုင်ခဲ့ပါတော့တယ်။
မီးလောင်ဒဏ်ရာရခဲ့တဲ့ အသက်(၆၄)နှစ်အရွယ် ဦးတင်ထွန်းနဲ့ ၎င်းရဲ့ဇနီးတို့ဟာ မန္တလေးဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။ သက်ကြီးဘိုးဘွား ၂ဦးကို ဘာအကာအကွယ်မှမပါဘဲ ကယ်ထုတ်နိုင်ခဲ့တဲ့ စွပ်ကျယ်ဝတ်အမျိုးသားကို ပြည်သူတွေက ချီးကျူးနေကြပါတယ်။


















































