ဇူလိုင်-၁၁၊ ၂၀၂၆။ ခိုင်မြတ်/People’s Spring
ရခိုင်ပြည်နယ်အတွင်းက မြို့နယ်တွေမှာ သွေးလွန်တုပ်ကွေးဖြစ်ပွားမှု အများအပြားရှိနေပြီး ဆေးရုံ၊ ဆေးခန်းနဲ့အလှမ်းဝေးတဲ့ တောင်ပေါ်၊ ချောင်းဖျားဒေသတွေမှာ တရွာလုံးနီးပါးထိဖြစ်ကာ သေဆုံးသူ ဆယ်ဦးဝန်းကျင် ရှိလာနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
လက်ရှိမှာ လူထုနွေဦးက မေးမြန်း၊ သိထားရတဲ့အချက်အလက်တွေအရ မင်းပြားမြို့နယ် ဖုံသာချောင်းဖျားဒေသမှ ၆ ဦး၊ မြောက်ဦးမြို့နယ် ဝေသာလီကျေးရွာမှ ၂ ဦးနဲ့ အမ်းမြို့နယ် ဒလက်ချောင်းဒေသမှ ၁ ဦးတို့ဟာ သွေးလွန်တုပ်ကွေးကြောင့် သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။
“ချောင်းဖျားပိုင်းရွာတွေမှာ အဖြစ်များတယ်။ အဖျားပိုင်းငါးရွာလောက်မှာဖြစ်နေတယ်။ သူတို့ကျတော့ သာမန်ဖျားတယ်ထင်ပြီး ဆေးရုံလည်း မရောက်ဘူး။ ဝေးလည်းဝေးတာကိုး။ ရွာမှာတင် သေသွားတယ်။ ကျွန်မတို့သိရတာ ၆ ယောက်ရှိပြီ”လို့ ဖုံသာချောင်းဒေသမှာ တာဝန်ကျနေတဲ့ ပညာရေးဝန်ထမ်းဆရာမတစ်ဦးက ပြောပါတယ်။

Public Service Announcement




ဖုံသာချောင်းဒေသဟာ မင်းပြားမြို့နယ် အထက်ပိုင်း၊ ရခိုင်ရိုးမတောင်ခြေမှာ တည်ရှိတဲ့ ဝေးလံခေါင်သီတဲ့ဒေသတခုဖြစ်ပြီး ကျန်းမာရေးဆေးပေးခန်းတွေလည်း မရှိဘဲ ဒေသတွင်း ဆေးဆရာ(ရမ်းကု)တွေကိုသာ အားကိုးနေကြရတာဖြစ်ပါတယ်။
ဒါ့အပြင် မြောက်ဦးမြို့နယ် ဝေသာလီကျေးရွာမှာလည်း တရွာလုံးနီးပါး ဖျားနာနေကြပြီး ဇူလိုင် ၇ ရက်က တစ်ဦး၊ ၈ ရက်နေ့က တစ်ဦး သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။ “တရွာလုံးဆိုသလိုပဲ ဖျားနေကြတယ်။ အချင်းချင်း ကူးသွားကြတာထင်တယ်”လို့ ဝေသာလီရွာမှ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
အလားတူပဲ အမ်းမြို့နယ် ဖုံသာချောင်းဒေသမှာလည်း ဖျားနာသူတွေရှိနေပြီး သေဆုံးသူတစ်ဦးရှိတယ်လို့ ကြားသိရကြောင်း အမ်းဒေသခံတစ်ဦးက ပြေပါတယ်။
အာရက္ခတပ်တော်(AA)ရဲ့ ကျန်းမာရေးဌာနကတော့ ပြီးခဲ့တဲ့ ဧပြီ ၂၈ ရက်မှာ ရခိုင်ပြည်နယ်အတွင်း ပထမဆုံးဆေးရုံတက်ကုသရတဲ့ သွေးလွန်တုပ်ကွေးလူနာကို တွေ့ခဲ့ရပြီး လက်ရှိမှာ ရမ်းဗြဲ၊ မြောက်ဦး၊ ရသေ့တောင်၊ မင်းပြားနဲ့ မြေပုံမြို့နယ်တို့မှာ ဇူလိုင် ၁၀ ရက်အထိ ဆေးရုံတက်ကုသနေရတဲ့ သွေးလွန်တုပ်ကွေးလူနာ ၃၃ ဦး ရှိလာခဲ့ပြီဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
တုပ်ကွေးကြောင့် သေဆုံးရသူတွေရှိနေတာနဲ့ ပက်သက်လို့တော့ AA ကျန်းမာရေးဌာနထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားတာမရှိပါဘူး။
“ဆေးရုံဆေးခန်းမရောက်လာရင် ကိုယ့်ဘက်ကလည်း မသိရဘူးပေါ့။ မြေပြင်မှာက တကယ် သေတာတွေ ရှိနေလောက်တယ်။ မြေပြင်ကို ကွင်းဆင်းဖို့ဆိုတာကလည်း အရင်းအမြစ်နည်းတော့ မဖြစ်နိုင်သေးတာ။ ဒါပေမဲ့ သတင်းရရင်တော့ ဆေးသွားကုပေးတာတို့ လုပ်မှာပါ”လို့ AA လက်အောက်ခံကျန်းမာရေးဌာနမှ ဆေးဝန်းထမ်းတစ်ဦးက ပြောပါတယ်။
AA ကျန်းမာရေးဌာနဟာ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးအတွက် မိုးရာသီမရောက်ခင်ကတည်းက ခြင်လောက်လန်းသတ်ဆေး(Abate)၊ ခြင်သတ်ဆေးတွေနဲ့ ကုသရေးအတွက် လိုအပ်တဲ့ ဆေးဝါးတွေ စုဆောင်း ထားခဲ့ပြီး Abate ဆေးခတ်တာ၊ ပညာပေးတာတွေ လုပ်နေခဲ့တယ်လို့ ဆိုပါတယ်။
ဘာကြောင့်ပဲဖျားဖျား နားလည်တတ်ကျွမ်းတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပြသပြီး နှာခေါင်းသွေးယိုတာ၊ အစားအသောက်မဝင်ဘဲ ဆက်တိုက်အန်တာ၊ အညိုအမဲအဖတ်တွေ အန်တာ၊ ဂနာမငြိမ်ဖြစ်တာ၊ အဖျားကျပေမယ့် ခြေ ဖျားလက်ဖျား အေးစက်နေတာ စတဲ့လက္ခဏာတွေ ကြုံလာရင် အချိန်မီ ဆေးရုံတက်ကုသမှုခံယူကြဖို့လည်း AA ကျန်းမာရေးဌာနက တိုက်တွန်းထားပါတယ်။
“သွေးလွန်တုပ်ကွေးဆိုတာက ကူးစက်တတ်တယ်။ ရွာမှာ လူတွေဖျားနာလာပြီဆိုရင် ချက်ချင်း ဆေးရုံသွားတာ အကောင်းဆုံးပဲ၊ ကျန်တဲ့လူတွေကလည်း မကူးရအောင် ခြင်ထောင်တွေနဲ့ သေချာဂရုတစိုက်နေကြဖို့လိုတယ်”လို့ သူနာပြုအမျိုးသမီးတစ်ဦးက ပြောပါတယ်။
ရခိုင်မှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်က သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၂,၄၅၂ ဦးရှိခဲ့ပြီး သေဆုံးသူ ၈ ဦး ရှိခဲ့တယ်လို့ ဆိုပါတယ်။ မြောက်ဦးမြို့နယ်ဟာ ၉၄၆ ဦးနဲ့ သွေးလွန်တုပ်ကွေးဖြစ်ပွားသူ အများဆုံးဖြစ်ပြီး မင်းပြားမြို့နယ်ကတော့ ၇၀၄ ဦးနဲ့ ဒုတိယအများဆုံးဖြစ်ခဲ့တယ်လို့ AA ကျန်းမာရေးဌာနက ဆိုထားပါတယ်။


















































