ဇူလိုင် ၁၄၊ ၂၀၂၆။ ဟာနာဆန်/People’s Spring
ပြည်သူတစ်ဦးကို ပြည်ပကနေ ၁နှစ် ဖုန်း ၂လုံးသာ ဝယ်ခွင့်ပေးမယ့် ကန့်သတ်ချက်ကို အာဏာသိမ်းစစ်ကောင်စီက ကြေညာလိုက်ပြန်ပါတယ်။
ရန်ကုန်၊ နေပြည်တော်၊ မန္တလေးစတဲ့ အပြည်ပြည်ဆိုင်ရာလေဆိပ်တွေကနေ ဝင်ရောက်လာတဲ့ ခရီးသည်တစ်ဦးဟာ လက်ရှိအသုံးပြုနေတဲ့ ဖုန်းအပါအဝင် မိုဘိုင်းလက်ကိုင်ဖုန်း ၂လုံးသာ သယ်ယူခွင့်ပြုကြောင်း၊ မှတ်ပုံတင်မထားရသေးတဲ့ လက်ကိုင်ဖုန်းပါရှိလာရင် လေဆိပ်အကောက်ခွန်ကောင်တာမှာ Passenger Declaration Form (PD Form) တင်သွင်းပြီး CEIR စနစ် မှတ်ပုံတင်ဖို့ အဆင့်ဆင့် ဆောင်ရွက်သွားရမယ်လို့ စစ်ကောင်စီ လက်အောက်ခံ CEIR နှင့် EIR စနစ်စီမံကိန်းဦးစီးကော်မတီက ဒီကနေ့ ဇူလိုင် ၁၄ ရက်မှာ စစ်ကောင်စီ သတင်းစာကနေ ကြေညာပါတယ်။
ဒါ့အပြင် ခရီးသည်တစ်ဦးဟာ ပထမအကြိမ် PD Form ကြေညာတဲ့နေ့ကနေ ၁နှစ်အတွင်း မိုဘိုင်းလက်ကိုင်ဖုန်း ၂ လုံးအထိသာ လျှောက်ထားနိုင်တယ်လို့ ဆိုပါတယ်။ ခရီးသည်တစ်ဦးဟာ ပြည်ပကနေ တစ်နှစ် ဖုန်း ၂ လုံးပဲ ဝယ်ယူခွင့် ရရှိမှာဖြစ်တယ်လို့ နားလည်ရပါတယ်။

Public Service Announcement
“ပြည်သူတွေကျ တစ်လုံးနှစ်လုံးနဲ့ လိုက်ရစ်နေတာ။ သူတို့ကျ စိတ်ကြိုက်အလုံးထောင်ချီ သယ်နေကြတာ”လို့ ပြည်သူတစ်ဦးက မှတ်ချက်ပြုပါတယ်။
လေဆိပ်အခွန်ကောင်တာမှာလည်း PD Form နဲ့အတူ Passport၊ လေယာဥ်လက်မှတ်၊ Boarding Pass တွေပါ ပူးတွဲတင်ပေးရမှာဖြစ်ပြီး ၁လအတွင်း အခွန်မသွင်းရင် ဒဏ်ကြေးပါ ကောက်ခံမယ်လို့ သိရပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ မိုဘိုင်းဖုန်းမှတ်ပုံတင်စနစ်ဖြစ်တဲ့ CEIR စနစ်ကို ပြီးခဲ့တဲ့ ဧပြီလကနေ စတင်သတ်မှတ်လိုက်တာဖြစ်ပြီး ပြည်သူတွေဟာ ဖုန်းတန်ဖိုးပေါ်မူတည်ပြီး ဖုန်းဖိုးအပြင် အခွန်ငွေသိန်းချီ ထပ်ဆောင်းကုန်ကျနေပါတယ်။


















































