Connect with us

Hi, what are you looking for?

နိုင်ငံတကာ

EUရဲ့ အရက်တွေကို အခွန် ၂၀၀ ရာခိုင်နှုန်း တိုးမြှင့် စည်းကြပ်နိုင်ကြောင်း ထရမ့် ခြိမ်းခြောက်

ဥရောပ သမဂ္ဂ (EU)ဖက်က တင်သွင်းလာတဲ့ အရက်မှန်သမျှကို သွင်းကုန် အခွန်အခ ၂၀၀ ရာခိုင်နှုန်း တိုးမြှင့် ကောက်ခံဖို့ စဉ်းစားနေကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ခြိမ်းခြောက် ပြောကြားခဲ့ပါတယ်။

ဥရောပ သမဂ္ဂ (EU)ဖက်က တင်သွင်းလာတဲ့ အရက်မှန်သမျှကို သွင်းကုန် အခွန်အခ ၂၀၀ ရာခိုင်နှုန်း တိုးမြှင့် ကောက်ခံဖို့ စဉ်းစားနေကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ခြိမ်းခြောက် ပြောကြားခဲ့ပါတယ်။

အစဉ်အလာ မဟာမိတ်တွေ ဖြစ်ခဲ့တဲ့ အမေရိကန်နဲ့ EUတို့ဟာ လတ်တလောမှာတော့ ထရမ့်ရဲ့ အခွန်စည်းကြပ်မှု မြှင့်တင်တဲ့ မူဝါဒတွေကို အကြောင်းပြုပြီး ကုန်သွယ်ရေး စစ်ပွဲတစ်ခု အသွင်ကို ဆောင်လာနေပါတယ်။ ထရမ့်ဟာ သမ္မတ ဖြစ်လာချိန် ကတည်းက တရုတ်လိုမျိုး ခါးသီးပြိုင်ဘက်တွေကိုသာ မကဘဲ အိမ်နီးချင်းနိုင်ငံတွေနဲ့ မဟာမိတ် နိုင်ငံတွေရဲ့ သွင်းကုန်တွေကိုပါ အခွန်စည်းကြပ်မှုတွေ သတ်မှတ်ခဲ့ပါတယ်။

ထရမ့်က EUရဲ့ သံမဏိနဲ့ အလျူမီနီယမ် ပို့ကုန်တွေကို အမေရိကန်မှာ ၂၅ ရာခိုင်နှုန်း အခွန်တိုးမြှင့် စည်းကြပ်ခဲ့တဲ့နောက် EUကလည်း လက်တုံ့ပြန်တဲ့ အနေနဲ့ အမေရိကန်လုပ် ဝီစကီ အရက်တွေ EUနိုင်ငံတွေဆီ တင်သွင်းရင် အခွန် ၅၀ ရာခိုင်နှုန်း တိုးမြှင့်စည်းကြပ်ဖို့ စီစဉ်လာခဲ့ပါတယ်။ မတ်လ ၁၃ ရက်နေ့မှာတော့ ထရမ့်က အမေရိကန် ဝီစကီတွေကို EUက အခွန်တိုးကောက်မယ်ဆိုရင် EUနိုင်ငံတွေဆီက တင်သွင်းတဲ့ ဝိုင်အပါအဝင် အရက်အမျိုးအစား မှန်သမျှကို အမေရိကန်က အခွန် ၂၀၀ ရာခိုင်နှုန်း တိုးမြှင့် စည်းကြပ်မယ်လို့ ခြိမ်းခြောက်ခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် ဝီစကီအပေါ် ပစ်မှတ်ထားတဲ့ EUရဲ့ အခွန်မူဝါဒဟာ ညစ်ပတ်လွန်းတယ်လို့လည်း ထရမ့်က ဝေဖန်ခဲ့ပါတယ်။ နောက်ပြီး EUရဲ့ မူဝါဒတွေဟာ ရန်လိုပြီး နိုင်ထက်စီးနင်း ဆန်ကြောင်း၊ အမေရိကန်ပေါ်က ရနိုင်သမျှ အမြတ်ထုတ်ဖို့ အတွက်သာ EUကို ဖွဲ့စည်းထားခဲ့တာဖြစ်ကြောင်းလည်း ထရမ့်က စွပ်စွဲခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

EUရဲ့ ဥရောပ ကော်မရှင် ပြောရေးဆိုခွင့်ရ အရာရှိကတော့ လက်ရှိ တင်းမာမှုတွေ ပိုဆိုးမလာအောင် အမေရိကန်နဲ့ EUကြား ဆွေးနွေးကြဖို့ ရည်ရွယ်ကြောင်း ပြောပါတယ်။ တကယ်လို့ ထရမ့်သာ သူခြိမ်းခြောက်တဲ့အတိုင်း အခွန်စည်းကြပ်မှုတွေ မြှင့်တင်မယ်ဆိုရင် EUရဲ့ ဝိုင်လုပ်ငန်းတွေကို အဓိက ထိခိုက်စေဖွယ် ရှိပါတယ်။ ဥရောပနေ နှစ်စဉ် အမေရိကန်ကို ယူရို ၄.၅ ဘီလီယံဖိုး ဝိုင်တွေ တင်ပို့လေ့ရှိပြီး ပြင်သစ်နဲ့ အီတလီ ဝိုင်တွေက အများစု ဖြစ်ပါတယ်။ နောက်ပြီး နယ်သာလန်ရဲ့ ဘီယာစျေးကွက်ကလည်း အမေရိကန်မှာ ဝင်ဆံ့နေပါတယ်။

ထရမ့်သာ တကယ်ပဲ EUရဲ့ အရက် သွင်းကုန်တွေကို အခွန်ပမာဏ အလွန်အကျွံ တိုးမြှင့်ခဲ့မယ်ဆိုရင် စျေးကွက်ပျက်ပြီး EUမှာ အလုပ်အကိုင် ထောင်သောင်းချီ ဆုံးရှုံးရတဲ့ အခြေအနေပါ ကြုံသွားနိုင်တယ်လို့ စီးပွားရေး ပညာရှင်တွေက သတိပေးထားပါတယ်။

အမေရိကန် အစိုးရရဲ့ ဘဏ္ဍာရေးဝန်ကြီး စကော့ ဘက်ဆန့်က တကယ်တမ်းသာ ကုန်သွယ်ရေး စစ်ပွဲတစ်ခု စတင်လာမယ်ဆိုရင် အမေရိကန်ထက် EUက အများကြီး ပိုအထိနာလိမ့်မယ်လို့လည်း ခြိမ်းခြောက်ခဲ့ပါတယ်။ ဒါပေမဲ့ နှစ်ဖက်ကြားက ပြဿနာဟာ တကယ့် ကုန်သွယ်ရေး စစ်ပွဲကြီး အဆင့်ထိ ရောက်မလာနိုင်ဘူးလို့တော့ ယုံကြည်ကြောင်း ဘက်ဆန့်က ပြောကြားထားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် သမ္မတ စီးတော် လေယာဉ် (Air Force One) အသစ်ကို သမ္မတ ဒေါ်နယ်လ်ထရမ့် ကိုယ်တိုင် မိတ်ဆက် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

သူနဲ့အတူတူ ဓာတ်ပုံရိုက်ဖို့ အီတလီ ဝန်ကြီးချုပ်က ခခယယ တောင်းဆိုခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ စကားကို ကာယကံရှင်က ပြင်းပြင်းထန်ထန် တုံ့ပြန် ငြင်းဆိုခဲ့ပါတယ်။

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်နဲ့ စစ်ပြေငြိမ်းရေး နားလည်မှု စာချွန်လွှာ (MoU)ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ညစာစားရင်း လက်မှတ် ရေးထိုးခဲ့ပါတယ်။