ဇူလိုင်-၁၇၊ ၂၀၂၆။ဟာနာဆန်/People’s Spring
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မော်လိုက် အကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား ၁ဦး အုပ်စုဖွဲ့လုပ်ကြံတိုက်ခိုက်ခံရပြီးနောက် ဆေးကုသမှုမပေးဘဲ တိုက်ပိတ်ခံထားရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)ရဲ့ ဦးဆောင်ကော်မတီဝင် မရောင်နီလင်းက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၈ ရက် ညနေ ၄ နာရီခန့်က ကလေးမြို့၊ မော်လိုက်အကျဉ်းထောင်မှာ အသက်(၄၆)နှစ်အရွယ် နိုင်ငံရေးအကျဉ်းသား ကိုအာကာမင်းကို အခြားရာဇဝတ်အကျဉ်းသားတွေဖြစ်တဲ့ သီဟအောင်နဲ့ ပိုင်ဇင်လတ်ဆိုသူတို့က အခန်းအပြင်မှာ အလစ်ငိုက် အုပ်စုဖွဲ့လုပ်ကြံတိုက်ခိုက်ခဲ့လို့ ကိုအာကာမင်းဟာ မျက်နှာဘယ်ဘက် မျက်စိအနီး ပြင်းထန်ဒဏ်ရာရရှိကာ ၃ ချက်ချုပ်ခဲ့ရကြောင်း PPNMက ဒီကနေ့ ဇူလိုင် ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။
ကိုအာကာမင်းဟာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မတွေဖြစ်တဲ့ ပုဒ်မ ၅၀(ည)၊ ၅၁(က)၊ ၅၀(ဈ)၊ ခွင့်ပြုချက်မရှိဘဲ စုဝေးမှုပုဒ်မ ၁၄၅ နဲ့ ထောင်တွင်းဖြစ်စဉ် ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှု ၆(၁) စတဲ့ ပုဒ်မတွေနဲ့ ထောင်ဒဏ် (၁၉) နှစ် ကျခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ဖြစ်ပါတယ်။

Public Service Announcement
နိုင်ငံရေးအကျဉ်းသား ကိုအာကာမင်းနဲ့ အခြားရာဇဝတ်အကျဉ်းသား ပိုင်ဇင်လတ်တို့ဟာ ယခင်က ခြင်းလုံးအတူ ကစားခဲ့ကြပြီး ပြဿနာကြီးကြီးမားမား မရှိခဲ့ဘဲ အကြောင်းမဲ့ တိုက်ခိုက် ခဲ့တာလို့ PPNM က ဆိုပါတယ်။
ဖြစ်စဉ်ဖြစ်ပွားပြီးနောက် ထောင်အာဏာပိုင်တွေဟာ ဒဏ်ရာရရှိတဲ့ နိုင်ငံရေးအကျဉ်းသား ကိုအာကာမင်းကိုသာ အခြားတိုက်ဖြစ်တဲ့ တိုက်နံပါတ် (၂) သို့ ချက်ချင်းပြောင်းရွှေ့ခဲ့ပြီး ကိုယ်ထိလက်ရောက် ကျူးလွန်တဲ့ ရာဇဝတ်အကျဉ်းသားတွေကိုတော့ မူလနေရာမှာပဲ ပုံမှန်အတိုင်း ဆက်လက်ထားရှိခဲ့တယ်လို့ ဆိုပါတယ်။
နောက်တစ်နေ့မှသာ အဲဒီရာဇဝတ်အကျဥ်းသားတွေကို စစ်ဆေးပြီး ခြေကျင်းခတ်တာနဲ့ ခံဝန်ကတိထိုးခိုင်းတာလောက်သာ အရေးယူခဲ့လို့ ထောင်အာဏာပိုင်တွေဟာ ရာဇဝတ်အကျဉ်းသားတွေဘက် ဘက်လိုက်နေတာကြောင့် နိုင်ငံရေးအကျဉ်းသားတွေရဲ့ လုံခြုံရေး စိုးရိမ်နေရကြောင်း PPNMက ထောက်ပြပါတယ်။
” PPNM အနေနဲ့ ထပ်ပြီးတော့ တောင်းဆိုချင်တာက အခုနှိပ်စက်ခံထားရတဲ့ နိုင်ငံရေးအကျဥ်းသား ကိုအာကာမင်းကို အဆောင်ကို ပြန်လည် ပို့ဆောင်ပေးဖို့နဲ့ ရရှိထားတဲ့ ဒဏ်ရာတွေကို ဆေးဝါးကုသစောင့်ရှောက်မှု ရရှိဖို့၊ ပြီးတော့ ပေါ့လျော့ခဲ့တဲ့ အရေးယူမှုကိုလည်း ပြန်ပြီးတော့မှ ဆက်လက်တာဝန်ယူ ဖြေရှင်းပေးဖို့ တောင်းဆိုချင်ပါတယ်”လို့ PPNM ရဲ့ ဦးဆောင်ကော်မတီဝင် မရောင်နီလင်းက ပြောပါတယ်။
မော်လိုက်အကျဉ်းထောင်ဟာ ယခင်ကတည်းက အဂတိလိုက်စားမှု၊ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု၊ နိုင်ငံရေးအကျဉ်းသားတွေအပေါ် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားကာ နံပါတ်တုတ်နဲ့ရိုက်တာ၊ ကျင်စက်နဲ့တို့တာ၊ ဖိနပ်နဲ့ပါးရိုက်တာ စတဲ့ ညှင်းပန်းနှိပ်စက်မှုတွေကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ အကျဉ်းထောင်ဖြစ်ကြောင်း PPNMက ဆိုပါတယ်။
ရာဇဝတ်အကျဉ်းသားတွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကြား ပဋိပက္ခဖြစ်ပွားပါက နိုင်ငံရေးအကျဉ်းသားတွေကိုသာ ပိုမိုပြစ်ဒဏ် ပေး နှိပ်စက်လေ့ရှိကြောင်း မော်လိုက်အကျဉ်းထောင်မှ လွတ်မြောက်လာသူတွေထံကနေ အတည်ပြုနိုင်ခဲ့တယ်လို့ PPNMက ဆိုပါတယ်။
ယခုလို သေဒဏ်ကျရာဇဝတ်အကျဉ်းသားတွေက နိုင်ငံရေးအကျဉ်းသားကို အုပ်စုဖွဲ့အကြမ်းဖက်တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်အပေါ် ထောင်အာဏာပိုင်တွေရဲ့ အရေးယူဆောင်ရွက်မှုဟာ လုံလောက်မှုမရှိဘဲ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အသက်အန္တရာယ်နဲ့လုံခြုံရေးကို ဆက်လက်ခြိမ်းခြောက်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ထားပါတယ်။


















































