ဇူလိုင် ၁၉၊ ၂၀၂၆/People’s Spring
အာဇာနည်နေ့အခမ်းအနားကျင်းပတဲ့ အာဇာနည်ကုန်းကို စစ်ကောင်စီတပ်သားတွေက အင်္ကျီအနက်ရောင်နဲ့ အနီရောင်ဝတ်ဆင်ထားသူတွေကို ပေးမတက်ဘူးလို့ သွားရောက်သူတွေက ပြောပါတယ်။
စစ်တပ်က အာဇာနည်ကုန်းအနီးကို လုံခြုံရေးတွေအထပ်ထပ်ချထားပြီး အရပ်သားပြည်သူတွေကို ဖြတ်သန်းသွားလာခွင့်ပိတ်ထားပြီး အနက်ရောင်နဲ့ အနီရောင်ဝတ်ဆင်ထားသူတွေကို ပေးမသွားဘူးလို့ သိရပါတယ်။
” အဲဒီနားကို လုံခြုံရေးတော်တော်ကြပ်ထားတာ။ လမ်းတွေလည်းပိတ်ထားတာ တောက်လျှောက်ပဲ။ ဖုန်းလိုင်းရော အင်တာနက်လိုင်းရောမရဘူး။ သူတို့လူတွေပဲအာဇာနည်ကုန်းကို သွားကြတာများတယ်။ အနက်ရောင်နဲ့အနီရောင်ဆို လုံးဝကိုပေးမဝင်ဘူး။ ဒီတစ်ခေါက်တော်တော်လေးကိုကြပ်တာ” လို့ ပြည်သူတစ်ဦးက ပြောပါတယ်။

Public Service Announcement
အာဇာနည်နေ့အခမ်းအနားကို အာဏာသိမ်းခေါင်းဆောင်နဲ့အပေါင်းအပါတွေက တတ်ရောက်ကြပြီး ၎င်းတို့လုပ်ကြံခံရမှာစိုးတာကြောင့် စစ်တပ်အင်အားကို အလုံးအရင်းနဲ့ချထားကာ ဖုန်းလိုင်းနဲ့အင်တာနက်လိုင်းကိုပါ ဖြတ်တောက်ခဲ့ပါတယ်။
ဒါ့အပြင် အထူးပုဂ္ဂိုလ်တတ်ရောက်မည်ဟု စစ်တပ်ဘက်က သတင်းလွှင့်ခဲ့ပေမယ့် အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်ကို ရည်ညွှန်းတာဖြစ်တယ်လို့ စစ်ကောင်စီအရာရှိတစ်ဦးက ပြောပါတယ်။
” သမ္မတအနေနဲ့တတ်တာကို အထူးပုဂ္ဂိုလ်ဆိုပြီး ညွှန်းထားတာ။ ဘယ်သူမှမတတ်ပါဘူး” လို့ ၎င်းကပြောပါတယ်။
အခုနှစ်မှာလည်း ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်သူ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တတ်ရောက်ခွင့်မရခဲ့ပြန်ပါဘူး။


















































