Connect with us

Hi, what are you looking for?

သတင်း

သားဖြစ်သူပေါ်တာဆွဲခံရလို့ စစ်သားစုဆောင်ရေးတပ်ကိုသွားရှာတဲ့ ဖခင်ကိုပါ စစ်တပ်ကဖမ်းထား

ရန်ကုန်မြို့မှာဇူလိုင် ၂၂ ရက်ညက သားဖြစ်သူအလုပ်မှအပြန်ပေါ်တာဆွဲခံရတာကြောင့် ဖခင်ဖြစ်သူကတညင်းကုန်းမှာရှိတဲ့စစ်သားစုဆောင်းရေးတပ်ကို သွားရောက်စုံစမ်းမေးမြန်းခဲ့ရာ ဖခင်ကိုပါ စစ်တပ်ကထပ်မံဖမ်းဆီးလိုက်ပါတယ်။

(သားအဖ နှစ်ဦးစလုံးကို ​ပေါ်တာဆွဲ ၊ဖမ်းဆီးထားတဲ့ တညင်းကုန်းမြို့နယ်ရှိ အမှတ်(၁)စစ်သားစု​ဆောင်း​ရေးတပ် ရဲ့အဝင်ဆိုင်းဘုတ်(ပုံအ​ဟောင်းဖြစ်ပါတယ်)။ ဓါတ်ပုံ-စစ်​ကောင်စီ )

ဇူလိုင်-၂၄၊၂၀၂၆။တာရာ/People’s Spring

ရန်ကုန်မြို့မှာဇူလိုင် ၂၂ ရက်ညက သားဖြစ်သူအလုပ်မှအပြန်ပေါ်တာဆွဲခံရတာကြောင့် ဖခင်ဖြစ်သူကတညင်းကုန်းမှာရှိတဲ့စစ်သားစုဆောင်းရေးတပ်ကို သွားရောက်စုံစမ်းမေးမြန်းခဲ့ရာ ဖခင်ကိုပါ စစ်တပ်ကထပ်မံဖမ်းဆီးလိုက်ပါတယ်။

အသက် ၂၅ နှစ်အရွယ်လူငယ်တဦးဟာဇူလိုင် ၂၂ ရက်ညပိုင်းကအလုပ်မှအပြန် ဆူးလေကနေ မြောက်ဒဂုံသို့ပြန်လာစဥ် ကျောင်းလမ်းမှတ်တိုင် အနီးမှာ ဖမ်းဆီးခံရတာဖြစ်တယ်လို့ ဖြစ်စဥ်သိသူအချို့က​ပြောပါတယ်။

သားဖြစ်သူ​ပေါ်တာဆွဲခံရတာ​ကြောင့်ဖခင်ဖြစ်သူက ​နောက်တစ်ရက်မှာအင်းစိန်မြို့နယ် တညင်းကုန်းမှာရှိတဲ့ အမှတ်(၁)စစ်သားစုဆောင်းရေးတပ်ထံသွားပြီးသတင်းစုံစမ်းခဲ့ပါတယ်။ သားဖြစ်သူ သတင်းလာစုံစမ်းတဲ့ အသက် ၅၆ နှစ်အရွယ်ဖခင်ဖြစ်သူကိုပါ စစ်တပ်ကထပ်မံဖမ်းဆီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

“သူက YBS ၁၂ ကိုအမြဲစီးတာ။ ဘာလို့ဆိုအဲဒီကားကပဲ ည ၈ နာရီခွဲအထိပဲရှိတာလေ။ အဲဒီတော့သူအလုပ်ဆင်းချိန်နဲ့ကွက်တိဆိုတော့ အဲဒီကားကိုပဲစီးတာ။ အဲဒီနေ့က ကယ်ရီသမားတစ်ယောက်ကတွေ့လိုက်တာ။ ကားပေါ်ကို ကောင်လေးတစ်ယောက်ဆွဲခေါ်ခံရတယ်။ ဘတ်စ်ကားပေါ်ကဆင်းပြီး အိမ်ကိုလမ်းလျှောက်နေချိန်။ အိမ်စီးကားနဲ့ပဲဖမ်းခေါ်သွားတာ။သူ့အိမ်ကတော့သူ့သားမှန်းမသိသေးဘူး။ နောက်တစ်ရက်ကျတော့ လိုက်စုံစမ်းရင်းနဲ့မှသူတို့သားဖြစ်နေတော့ နီးစပ်ရာကိုလိုက်စုံစမ်းကြတာပေါ့။ အုပ်ချုပ်ရေးမှူးကပဲ တညင်းကုန်းစစ်သားစုဆောင်းရေးတပ်ကိုသွားဖို့ အကြံပေးလိုက်တာ။ သားသမီးဇောဆိုတော့ ဟိုကလည်းမစဥ်းစားနိုင်ဘူး။ လိုက်တာပေါ့။ အဲဒီရောက်တော့ လူတယောက်ကအထဲမှာဝင်ကြည့်လို့ရတယ်ပြောပြီး ဖခင်ဖြစ်သူကိုခေါ်သွားတာ”လို့ ဖြစ်စဥ်သိရှိသူတဦးကပြောပါတယ်။

သားဖြစ်သူသတင်းစုံစမ်းရင်း အဖမ်းခံတဲ့ ဖခင်နဲ့ ကျန်မိသားစုဝင်​တွေဟာ ဇူလိုင် ၂၄ ရက်အထိအဆက်အသွယ်မရ​​သေးဘူးလို့စုံစမ်းသိရပါတယ် ။သူတို့မိသားစုမှာမိသားစုဝင်စုစုပေါင်း ၆ ဦးရှိပြီး အလုပ်ကအပြန်အဖမ်းခံရတဲ့လူငယ်ဟာတတိယမြောက်သားဖြစ်ပါတယ်။

ရန်ကုန်မှာပေါ်တာဆွဲခံရတဲ့လူငယ်တွေကို တညင်းကုန်းစစ်သားစုဆောင်းရေးတပ်လို့ လူသိများတဲ့ အမှတ်(၁)စစ်သားစု​ဆောင်း​ရေးတပ်ကိုပို့ဆောင်ပြီး အဲဒီကနေတဆင့် စစ်သင်တန်းကျောင်းကိုပို့ဆောင်​လေ့ရှိပါတယ်။

စစ်အုပ်စုဟာအခု​နောက်ပိုင်း ရန်ကုန်မြို့မှာစစ်ကားတွေနဲ့မဟုတ်ပဲ အိမ်စီးကားတွေကို အဓိကအသုံးပြုပြီး လူငယ်တွေကို​ပေါ်တာဆွဲ​နေတာဖြစ်တယ်လို့ မြို့ခံအချို့က​ပြောပါတယ် ။စစ်တပ်က ​အရွယ်မ​ရွေး​ ဖမ်းဆီး​ပေါ်တာဆွဲတာများလာတာ​ကြောင့် ပြည်သူ​တွေထိတ်လန့်ပြီး ညပိုင်းမှာအပြင်ထွက်သူနည်းလာတယ်လို့လည်း ပြည်သူအချို့​က​ပြောပါတယ်။

ဒါ့အပြင်ရန်ကုန်မြို့ကကွန်ဒိုတွေမှာနေထိုင်သူတွေကို စစ်မှုထမ်းဖို့ စစ်တပ်ကဇူလိုင်လလယ်ပိုင်းမှာခေါ်စာတွေ စတင်ပေးပို့နေတယ်လို့ကွန်ဒိုအခန်းတွေမှာ နေထိုင်သူတွေက ပြောပါတယ်။ စစ်တပ်က ပြဋ္ဌာန်းထားတဲ့ စစ်မှုထမ်းဥပဒေအရ အသက် (၁၈) နှစ်ကနေ (၃၅) နှစ်အတွင်း စစ်မှုမထမ်းမနေရ အကျုံး၀င်သူတိုင်းကိုပုံစံ (၂)နဲ့ ဆင့်ခေါ်မှာလို့ ဆိုပါတယ်။

စစ်မှုထမ်းဥပ​ဒေပါပုံစံ (၂)ဆိုတာက စစ်မှုထမ်းအသက်အရွယ်ရောက်သူတွေကိုမြေပြင်စာရင်းကောက်ယူပြုစုတာနဲ့ စစ်ဆေးဖို့အတွက် အသုံးပြုတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လကအထိစစ်မှုမထမ်းချင်ဘူးဆိုရင် လူငယ်တွေရှိတဲ့ ကွန်ဒို​တွေမှာ တခန်းကို တစ်လတစ်သိန်း ရပ်ကွက်အုပ်ကြီးကို ပေးရတာလို့မရမ်းကုန်းမြို့နယ် ကွန်ဒိုတစ်ခုမှာ နေထိုင်သူတဦးက ပြောပါတယ်။

ဒါ​ပေမယ့်လစဉ်ကောက်ခံတဲ့ လစဥ်ကြေးကို ဇူလိုင်ကစပြီး မကောက်ခံတော့ဘဲ စစ်မှုထမ်းရမယ့်သူဆိုပါက အကြောင်းကြားဖို့ ပြောဆိုလာတယ်လို့ သူက ဆက်ပြောပါတယ်။ ဒါ့အပြင် ဒဂုံဆိပ်ကမ်းမြို့နယ်က ဧရာချမ်းသာကွန်ဒိုမှာ နေထိုင်ကြတဲ့သူတွေကိုလည်း အသက်ပြည့်မီတဲ့သူတိုင်းစစ်မှုထမ်းဖို့စစ်တပ်က အကြောင်းကြားစာပို့ထားတယ်လို့ သိရပါတယ်။ အဲဒီကွန်ဒိုနေသူတွေဟာလည်း စစ်မှုထမ်းအပတ်စဉ် (၁) ကနေ (၂၈)အထိ စစ်မှုထမ်းတာ လုံးဝမရှိခဲ့သေးတာကြောင့် စစ်မှုထမ်းဖို့ ရပ်ကွက်ရုံးနဲ့ အိမ်ရာကော်မတီရုံးခန်းကို အသိပေးရမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အာဏာသိမ်းစစ်​တပ်ခန့် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူက လူငယ်​တွေစစ်မှုထမ်းရှောင်တိမ်းမှုကြောင့် ပေါ်တာဆွဲခြင်းဖြစ်တယ်လို့ တရားဝင် ဝန်ခံထားပါတယ်။

​နေပြည်​တော်က စစ်တပ်လွှတ်​တော်မှာစစ်မှုထမ်းရှောင်လွှဲချင်သူတွေဟာ တခြားဒေသတွေကို တိမ်းရှောင်နေတာကြောင့် ဥပဒေ၊ နည်းဥပဒေနဲ့အညီ ဆင့်ခေါ်ဖို့ အခက်အခဲများစွာရှိနေကြောင်း၊ တိမ်းရှောင်သူများကို လမ်းခရီးကနေ စောင့်ကြည့် ဆင့်ခေါ်ခြင်း၊ နေအိမ်များတွင် ဝင်ရောက်ဆင့်ခေါ်ခြင်းများအား တာဝန်ရှိသူ​တွေကဆောင်ရွက်တဲ့အခါ အများပြည်သူအမြင်မှာ အဓမ္မဖမ်းဆီးခြင်း သဘောများဖြစ်တယ်လို့ စစ်တပ်ဒုဝန်ကြီးက အ​ကြောင်းပြခဲ့ပါတယ်။စစ်မှုထမ်းတိမ်းရှောင်သူတွေရဲ့စာရင်းတွေကိုလည်းမြို့အဝင်၊ အထွက် စစ်ဆေးရေး ဂိတ်တွေမှာ ပေးပို့ထားတယ်လို့ သူကဆိုပါတယ်။

ပြည်သူတစ်ဦးက​တော့ “စစ်မှုထမ်းကိုရှောင်လို့ပေါ်တာဆွဲတယ်ဆိုတာ ယုတ္တိမှမရှိတာ။ ဆွဲချင်လို့ကိုဆွဲနေတာလေ။ ပြီးရင်ပိုက်ဆံတတ်နိုင်တဲ့လူတွေပါလာရင် ခြိမ်းခြောက်ငွေတောင်းမယ်။ ယုတ်မာတာ။ စစ်မှုထမ်းဥပဒေအရ မဖြစ်မနေ ခေါ်မယ်ဆိုလည်း တန်းတူခေါ်လေ။ လူကြီးသားသမီးတွေကျတော့မပါဘူး။ ရုပ်ရှင်မင်းသားတွေကျမပါဘူး။ ပြည်သူတွေကပဲသူတို့အစားဒုက္ခခံပေးရမှာလား။ ဒါသက်သက်လူမဆန်တဲ့စကားပြောတာ။ မျက်နှာပြောင်တိုက်တာ” လို့ ပြောပါတယ်။

စစ်မှုထမ်းဖို့ လူစားထိုး​ရောင်းဝယ်တဲ့စျေးကွက်မှာ တစ်ဦးကို ကျပ်သိန်း ၈၀ ကနေ သိန်း ၁၅၀ အထိပေါက်စျေးရှိနေတယ်လို့ စုံစမ်းသိရပါတယ်။

စစ်တပ်ကနိုင်ငံတစ်ဝန်းတိုက်ပွဲ​တွေမှာ​သေဆုံးဒဏ်ရာရသူများပြီး စစ်သားအင်အားလိုအပ်တာ​ကြောင့် ပေါ်တာဆွဲတာ၊လူငယ်တွေကို အတင်းအဓမ္မစစ်မှုထမ်းခိုင်းတာ​တွေကိုပိုလုပ်လာတာလည်းဖြစ်ပါတယ်။

ဒါ​ကြောင့်​ တော်လှန်​ရေးအင်အားစု​တွေက ပြည်သူ​တွေအ​နေနဲ့ ​ပေါ်တာဆွဲမခံရဖို့ ၊ စစ်မှုထမ်းစု​ဆောင်းမခံရ​အောင်ပါးပါးနပ်နပ်​နေထိုင်ကြဖို့ အကြံပြုတိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရုပ်ရှင်အနုပညာရှင်တွေနဲ့ ဇာတ်မင်းသားတွေကို စစ်မှုထမ်းခိုင်းဖို့ သင်္ကန်းဝတ် ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က အာဏာသိမ်းစစ်တပ်ကို တိုက်တွန်းလိုက်ပါတယ်။

သတင်း

ရန်ကုန်မြို့က ကွန်ဒိုတွေမှာနေထိုင်သူတွေကို စစ်မှုထမ်းဖို့ စစ်တပ်က ဆင့်ခေါ်စာတွေ စတင်ပေးပို့နေတယ်လို့ ကွန်ဒိုအခန်းတွေမှာ နေထိုင်သူတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးမှူးအသစ်တွေရွေးချယ်ပြီးနောက် စစ်မှုထမ်းကြေး‌ ငွေ ကောက်ခံမှု တိုင်ကြားခံရလို့ဆိုပြီး မဲနှိုက်မှုတွေပြန်လုပ်ကာ မဲပေါက်သူက ကျပ်သိန်းရာနဲ့ချီပို ပေးနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မုံရွာမြို့မှာ အာဏာသိမ်း စစ်တပ်နဲ့ ရဲတွေက ၆ ရက်အတွင်း လူငယ်နဲ့ လူလတ်ပိုင်း ၁၈၀ ကျော်ကို ပေါ်တာဆွဲဖမ်းဆီးပြီး အနောက်မြောက် တိုင်းစစ်ဌာနချုပ် (နမခ) အတွင်း ပို့ဆောင်လိုက်ကြောင်း ဒေသခံတွေက ပြောပါတယ်။