ဇူလိုင် ၂၈၊ ၂၀၂၆။ထားမြတ်၊ ဖိုးသား/People’s Spring
မကွေးတိုင်း၊ ဆောမြို့နယ် တိုက်ပွဲမှာ စစ်တပ် အထိနာပြီး လက်နက်ခဲယမ်းတွေ သုံ့ပမ်းတွေ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) စစ်ရုံးချုပ်က ဒီကနေ့ ဇူလိုင် ၂၈ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
ဇူလိုင် ၁၉ရက်မှာ အင်အား ၃၀၀ ခန့်နဲ့ ထိုးစစ် ဆင်လာတဲ့ စစ်တပ် အထိနာခဲ့သလို ဇူလိုင် ၂၅ရက်မှာ အင်အား ၁၈၀ခန့်၊ လေကြောင်းပစ်ကူယူ ထိုးစစ်ဆင်လာတဲ့ စစ်တပ်လည်း အထိနာကာ နှစ်ကြိမ်စလုံး စစ်တပ်စစ်ကြောင်း တပ်ပြန်ဆုတ်သွားရတယ်လို့ အသိပေးပါတယ်။
ဇူလိုင် ၁၆ရက်မှာ တပ်မ(၉၉) ဦးစီးတဲ့စစ်ကြောင်းဟာ ဆောမြို့နယ်ကို ဦးတည်ထွက်ခွာလာရာ PDF ခရိုင်စစ်ဌာနများ၊တပ်ရင်းတပ်ဖွဲ့များနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး ရန်သူများအထိနာကာ လောင်းရှည်မြို့သို့ ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း ဖော်ပြပါတယ်။

Public Service Announcement
အဲဒီ စစ်ကြောင်းကို လိုက်လံတိုက်ခိုက် နယ်မြေရှင်းလင်းရာ လက်နက်ခဲယမ်းတွေ၊ ခဲယမ်းရိက္ခာတင်ယာဉ် ၃စီး၊ ရိက္ခာများ စစ် အသုံးအဆောင် များ သိမ်းရခဲ့ကြောင်း အသိပေးပါတယ်။
ဇူလိုင် ၂၅ရက်မှာတော့ စစ်တပ် စစ်ကြောင်းဟာ လေကြောင်း ပစ်ကူနဲ့အတူ မြေပြင် ဝေဟင်ထိုးစစ်ဆင်မှု ဒုတိယ အကြိမ်ပြုလုပ်လာရာ PDF မကွေးတိုင်းစစ်ဌာန တပ်ရင်းတပ်ဖွဲ့တွေ အပြင်းအထန် ခုခံတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ် အထိနာကာ ထပ်မံ ဆုတ်ခွာသွားကြောင်း ဖော်ပြပါတယ်။
စစ်ကောင်စီတပ်တွေ ဆုတ်ခွာပြီးနောက် နယ်မြေရှင်းလင်းရာ ရန်သူ့ပစ္စည်းအများအပြားအား သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် လက်ရှိအချိန်ထိ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေဆဲဖြစ်တယ်လို့ အသိပေးပါတယ်။
အခု စစ်ဆင်ရေးအတွင်း စစ်တပ်ဘက်က သုံ့ပပန်း ၉ဦး ဖမ်းမိထားသလို လက်နက်မျိုးစုံ ၁၁လက်နဲ့ လက်နက်ကြီးကျည်တွေ အပါအဝင် ခဲယမ်းကျည်များစွာ သိမ်းရခဲ့တယ်လို့ မှတ်တမ်းပုံတွေ ဖော်ပြပါတယ်။
ဆုတ်ခွာသွားတဲ့ စစ်တပ်ထံက သိမ်းရတာတွေကတော့ MA-1 သေနတ် ၄ လက်၊ MA-3 သေနတ် ၃ လက်၊ ရှော့ဂန်းသေနတ်-၂ လက်၊ RPG ပြောင်း-၂ လက် တို့ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ၄၀ မမ အသီး-၅၁ လုံး၊ ၆၀ မမ အသီး- ၁၄၄ လုံး၊ ၈၁ မမ အသီး- ၁၉ လုံး၊ ၁၂၀ မမ အသီး- ၂၂ လုံး၊ ရှော့ဂန်း ကျည်-၂၅ တောင့်၊ ၅.၅၆ ကျည်-၅၆၁၅ တောင့်၊ ၇.၆၂ သုံးမျိုးသုံးကျည်- ၃၇၉ တောင့်၊ MG 42 ကျည်- ၁၄၁၅ တောင့်၊ လက်ပစ်ဗုံး-၅ လုံး၊ အီနာဂါ-၆ ခု၊ RPG အဖူး-၁၄ ဖူး၊ RPG ပို့ကျည်- ၁၅ တောင့်၊ MG 42 ပြောင်းပို- ၂ ခု၊ MG 42 ကျည်ခါးပတ်- ၄ ခု၊ နင်းမိုင်း- ၉ လုံး၊ တိုက်မိုင်း- ၁ လုံး၊ ရှေ့ထွက်မိုင်း- ၁၁ လုံး၊ ဒရုန်းဗုံးသီး- ၂၂ လုံး၊ ကျည်ကာဦးထုပ်- ၁၄ လုံး၊ equipment- ၂ စုံ၊ ကျည်ကာ ဦးထုပ်- ၁၄ လုံး၊ ဓား – ၁၀ ချောင်း၊ GBP-128 မိုင်းရှင်းစက်ပုံး- ၃ ပုံး၊ ကား- ၃ စီး၊ Drone Jumper-၁ ခု၊ Drone Controller-၁ ခု၊ ဒရုန်းပစ္စည်းထည့် ပုံးကြီး- ၁ ပုံး၊ ဖုန်းအထိုင်ခွက်- ၂ ခု၊မီးစက်-၂ လုံး၊ မီးကြိုးခွေ- ၂ ခု၊ Battery Charger- ၅ ခု၊ Solor Conductor – ၁ ခု၊ RPG ချိန်ဆိုဒ်- ၂ ခု၊ဆေးပစ္စည်း- ၂အိတ်၊ ဆန်အိတ်- ၅၅ အိတ်၊ ကြက်သွန်ဖြူ- ၁၅ အိတ်၊ ရွှေဖီဦးအထုပ်ကြီး-၁၄ အိတ်၊ Starlink-၁ လုံး တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း ထုတ်ပြန်ပါတယ်။
“လောင်းရှည်က စစ်ကြောင်းက ဆောကို တက်မယ်။ပြီးရင် ချင်းတောင် ကန်ပက်လက်ကို စစ်ကူအင်အားဖြည့်မှာ။ဒါပေမယ့် အခုသိရသလောက် တက်လာတဲ့ အင်အားရဲ့ထက်၀က်လောက်က ပြုန်းတီးသွားပြီ”လို့ ဆောမြို့နယ်စစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးကို ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အနေဖြင့် စစ်ကောင်စီတပ်ကို စစ်မျက်နှာအသီးသီးမှာ တိုက်ခိုက်လျက်ရှိရာ ပြည်သူတွေအနေနဲ့ PDF ရဲဘော်တွေကို တက်စွမ်းသရွေ့ ကူညီဖေးမဖို့လည်း မေတ္တာရပ်ခံထားပါတယ်။

















































