ဩဂုတ် ၆၊ ၂၀၂၆။DEE/People’s Spring
ထိုင်းအစိုးရက အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင် ဘန်ကောက်မြို့ရောက်နေချိန်မှာ ဆန္ဒပြမှုတွေ မပြုလုပ်ဖို့တက်ကြွလှုပ်ရှားသူတွေကို တားဆီးစောင့်ကြည့်နေတယ်လို့ လူထုနွေဦးက စုံစမ်းသိရပါတယ်။
ထိုင်းရဲတပ်ဖွဲ့ဟာစစ်ခေါင်းဆောင် မင်းအောင်လှိုင် မလာမီတစ်ရက်အလို ဩဂုတ် ၅ရက်နေ့ကစပြီး စစ်အာဏာရှင်တွေကို ကန့်ကွက်ဆန္ဒပြလေ့ရှိတဲ့ ထိုင်းနိုင်ငံအတွင်းက တက်ကြွလှုပ်ရှားသူတွေကို အပြင်ထွက်ခွင့် တားဆီး ပြီး စောင့်ကြည့်နေတယ်လို့ မဟာချိုင်ဒေသ AAC မဟာမိတ်အဖွဲ့ တည်ထောင်သူ ဦးခိုင်ကြီးက ပြောပါတယ်။
“မနေ့တည်းက ထိုင်းထောက်လှမ်းရေးတွေလာပြီး၂နာရီခြားလောက်တစ်ခါအတူ ဓာတ်ပုံရိုက်ခံနေရတာ။အပြင်လည်းထွက်မရဘူး။ ဘာလုပ်ဖို့ အစီအစဉ်ရှိလဲ။ဆန္ဒပြကြမှာလည်း မေးနေတာ”လို့ ဦးခိုင်ကြီးက ပြောပါတယ်။

Public Service Announcement
ဒါ့အပြင် ထိုင်းရဲတပ်ဖွဲ့ဟာ ဩဂုတ် ၅ရက်ကစပြီး ဘန်ကောက်မြို့က အာဏာသိမ်းစစ်တပ်ရဲ့သံရုံးကို လုံခြုံရေးတိုးချထားပြီး ဆန္ဒပြမှုမဖြစ်အောင် တားဆီးပိတ်ပင်ထားတယ်လို့ ဦးခိုင်ကြီးက ပြောပါတယ်။
” မြန်မာဆို သံရုံးနား ကပ်မရအောင် တားထားတာ”လို့ ၎င်းက ဆက်ပြောပါတယ်။
ဒါ့အပြင် ထိုင်းအာဏာပိုင်တွေက စစ်အာဏာရှင်ဆန့်ကျင်တဲ့ မြန်မာလုပ်သားတွေ လှုပ်ရှားမှုမရှိအောင် ထိုင်းအမျိုးသားရေးအစွန်းရောက်အဖွဲ့ဖြစ်တဲ့ ပြည်သူ့ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကော်မတီ (PDRC)ခေါင်းဆောင် နှုတ်ခမ်းမွှေးနဲ့ အဖွဲ့ကို မြေပြင်မှာ လှုပ်ရှားခိုင်းထားတယ်လို့ ထိုင်းရောက်မြန်မာလုပ်သားအရေးဆောင်ရွက်သူတွေက ပြောပါတယ်။၂၀၂၅ ဧပြီလဆန်းက BIMSTEC ထပ်သီးဆွေးနွေးပွဲလာတက်တဲ့မင်းအောင်လှိုင်ကိုဆန္ဒပြဖို့ စီစဥ်တယ်ဆိုပြီးမြန်မာ လူငယ်၂ ဦးဟာ ဖမ်းဆီးခံခဲ့ရပြီး အခုထိပြန်မလွတ်သးသလို ဆန္ဒပြဖို့ ခွင့်ပြုချက်တင်ပြီး ဆန္ဒပြသူတွေကိုလည်း နှုတ်ခမ်းမွေးနဲ့အဖွဲ့က တားတီးပြီး ရန်ပြုခဲ့ပါတယ်။
နှုတ်ခမ်းမွေးနဲ့အဖွဲ့ဟာ အာဏာသိမ်းစစ်တပ်ရဲ့ဘန်ကောက်ရှိ သံရုံးနဲ့အဆက်အစပ်ရှိသလို သံရုံးဟောင်း အဆောက်အအုံကို အဝင်အထွက်ပုံမှန်ရှိတယ်လို့ သိရှိတဲ့သတင်းရင်းမြစ်အချို့ကပြောပါတယ် ။ဒါ့အပြု် နှုတ်ခမ်းမွေးနဲ့အဖွဲ့ဟာ မြန်မာအလုပ်သမားတွေကို မကြာခဏပြသာနာရှာတာ ၊အမုန်းစကားပြောတာ၊စစ်တပ်လက်အောက်ခံပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော် ထိုင်းလာစဥ် တွေ့ဆုံခဲ့သူလည်းဖြစ်ပါတယ်။
ဒါပေမယ့် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်သူတွေက မင်းအောင်လှိုင် ဘန်ကောက်လာတဲ့ ဒီကနေ့ နေ့လည်ပိုင်းမှာ ဘန်ကောက်မြို့က ကုလသမဂ္ဂ (UN) ရုံးရှေ့မှာ ဆန္ဒပြဖို့ စီစဉ်ထားကြပါတယ်။
” မြန်မာသံရုံးရှေ့က ဘယ်လိုမှ မရလို့ ယူအန်ရုံးရှေ့မှာ လုပ်ဖို့တော့ စီစဉ်နေတာ ရှိပါတယ်”လို့ ဦးခိုင်ကြီးက ပြောပါတယ်။
အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ဟာသြဂုတ် ၆ မနက်ပိုင်းမှာ ဘန်ကောက်မြို့ကို ရောက်ရှိနေပါတယ်။
စစ်ခေါင်းဆောင်ရဲ့ ခရီးစဉ်ကို ကန့်ကွက်ကြောင်းထိုင်းအရပ်ဖက် အဖွဲ့အစည်း ၁၆ ခုက ပူးတွဲ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
Solidarity Collective TH – SEM (Spirit in Education Movement)၊ Milk Tea Alliance Thailand၊ FemSamYan၊ Socialgaze အစရှိတဲ့ မိတ်ဖက်ကွန်ရက်အရပ်ဖက်အဖွဲ့အစည်းတွေ ပူးပေါင်းပြီး မင်းအောင်လှိုင်ရဲ့ ဩဂုတ် ၆ ရက်နဲ့ ၇ ရက် ထိုင်းနိုင်ငံ ခရီးစဉ်ကို ကန့်ကွက်ခဲ့ကြတာ ဖြစ်ပါတယ်။
လူထုရဲ့ကောင်းကျိုးကို မြန်မာစစ်တပ်ရဲ့ အကျိုးစီးပွားထက် ဦးစားပေးဖို့လိုကြောင်း ခေါင်းစဉ်တပ်ထားတဲ့ ထုတ်ပြန်ချက်မှာတော့ မင်းအောင်လှိုင် ဦးဆောင်တဲ့စစ်တပ်ဟာ မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ၊ ရည်ရွယ်ချက်ရှိရှိနဲ့ စနစ်တကျ ကျူးလွန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ အစုလိုက် သေဆုံးစေမှုတွေအတွက် အဓိက တာဝန်ရှိကြောင်း ဝေဖန် ထောက်ပြထားပါတယ်။
မြန်မာစစ်တပ်ကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေဟာ ပြည်တွင်းပြဿနာ သက်သက်မဟုတ်ဘဲ ဒေသတွင်း နိုင်ငံတွေကိုပါ သက်ရောက်မှု ရှိခဲ့ပြီး ဒုက္ခသည် သန်းနဲ့ချီ နေရပ်စွန့်ခွာ ထွက်ပြေးရတာတွေ၊ နယ်စပ်မတည်ငြိမ်မှုနဲ့ လူကုန်ကူးမှုတွေ ပိုဆိုးရွားလာစေပြီး ထိုင်းပြည်သူတွေကိုပါ အကျပ်အတည်း ကြုံစေခဲ့တာတွေကို ထိုင်းအရပ်ဖက် အဖွဲ့အစည်းတွေက မီးမောင်းထိုးပြခဲ့ပါတယ်။
မင်းအောင်လှိုင်ရဲ့ ခရီးစဉ်ကို လက်ခံပေးပြီး မြန်မာစစ်တပ် အုပ်စိုးမှုကို တရားဝင်မှု၊ ဒါမှမဟုတ်ကောင်းကျိုးပြုမှုတွေထောက်ပံ့ပေးအပ်တာဟာ ဒေသတွင်း ငြိမ်းချမ်းရေးအတွက် အကျိုးရှိစေမှာ မဟုတ်ဘဲ ရန်လို တိုက်ခိုက်မှုတွေကိုပိုမို ရှည်ကြာစေပြီးပြည်သူတွေရဲ့ ဒုက္ခဆင်းရဲကို ပိုကြာညောင်းသွားစေမယ်လို့ ထိုင်းအရပ်ဖက် အဖွဲ့အစည်း၁၆ ဖွဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။


















































