သြဂူတ် ၈၊ ၂၀၂၆။ဟာနာဆန်/People’s Spring
စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ ဧရာဝတီတိုင်းက မြို့နယ်ပေါင်း ၁၀ ခုမှာ ရေလွှမ်းမိုးမှုဖြစ်နေပြီး လူဦးရေ ၂သိန်းကျော် ရေဘေးသင့်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
၂၀၂၆ သြဂုတ် ၈ ရက်အထိ ရရှိထားတဲ့ စာရင်းတွေအရ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ ဧရာဝတီတိုင်းတို့ရှိ မြို့နယ် ၁၀ ခုမှာ ရေလွှမ်းမိုးမှုတွေ ဖြစ်ပေါ်နေပြီးလူဦးရေ ၂၂၄,၈၄၇ ခန့်ရေ ဘေးသင့်နေကြောင်း လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာနက ဒီကနေ့ညမှာ ထုတ်ပြန် အသိပေးပါတယ်။
မိုးကြီးတာနဲ့ ဆည်ရေတွေ ဖော်ထုတ်တာတွေကြောင့် ရေကြီးရေလျှံကာ လူသေဆုံးမှုတွေ၊ အိမ်ခြေတွေ ပျက်စီးတာတွေနဲ့ အရေးပေါ်ရွှေ့ပြောင်းရတာတွေ ဖြစ်ပေါ်နေပြီး ကယ်ဆယ်ရေးနဲ့ လူသားချင်းစာနာမှုအကူအညီတွေလိုအပ်နေတယ်လို့ အထက်ပါဌာနက ထပ်မံ အသိပေးပါတယ်။

Public Service Announcement
အဓိကအနေနဲ့ သောက်သုံးရေ၊ အစားအစာ၊ ဆေးဝါး၊ စက်သုံးဆီ၊ မိုးကာစနဲ့ ယာယီခိုလှုံရာနေရာတွေ အရေးပေါ် လိုအပ်နေကြောင်း၊ ဒါ့အပြင် တိုင်း ၃တိုင်းအတွင်းရှိ မြို့နယ် ၁၇ မြို့နယ်က မြေနိမ့်ပိုင်းနဲ့ ရပ်ကွက်အချို့မှာလည်း ရေဝင်ရောက်မှုတွေ ရှိနေတဲ့အတွက် ဆက်လက်စောင့်ကြည့်တာနဲ့ လိုအပ်တဲ့ အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေကြောင်း ယင်းဌာနက ရှင်းပြပါတယ်။
“ရေဝင်ရွာအရေအတွက်လည်း ထပ်တိုးလာတယ်။ ရွာပေါင်း ၂၀ ကျော်တယ်”လို့ ဝက်လက်ပကဖအဖွဲ့က တာဝန်ရှိသူက ပြောပါတယ်။
လာမယ့် ဩဂုတ် ၁၂ ရက်မှာလည်း ထိုင်းနိုင်ငံဘက်မှ မုတ်သုံအားမြှောင်တန်းဟာ မြန်မာနိုင်ငံဘက်ကို ရွေ့လျားမှာဖြစ်ရာ အနောက်တောင်မုတ်သုံလေပြန်လည်အားကောင်း လာနိုင်တယ်လို့ ဆိုပါတယ်။
မြစ်ရေတိုးမှုအနေနဲ့ သံလွင်မြစ်နဲ့ မြစ်လက်တက်တွေမှာမြစ်ရေဟာ ဆက်တိုးနေပြီး မိုးဆက်ရွာပါက ဧရာဝတီမြစ်ကြောင်းတစ်လျောက်နဲ့ မြစ်လက်လက်တွေမှာလည်း ရေထပ်မံတိုးလာနိုင်ကြောင်း ယင်းဌာနက သတိပေးပါတယ်။
စစ်ကိုင်းနဲ့ မန္တလေးဘက်မှ မြစ်ရေတွေဟာ အောက်ပိုင်းသို့ ဆက်လက်စီးဆင်းလာမှာဖြစ်ပြီး မိုးဆက်များနိုင်တာကြောင့် မကွေးတိုင်းအတွင်းက ဧရာဝတီမြစ်ကမ်းဘေး မြို့နယ်တွေ၊ ကျေးရွာတွေ အနေနဲ့ မိုးလေဝသအခြေ အနေတေံကို အထူးသတိပြုနေထိုင်ကြဖို့နဲ့ လိုအပ်ပါက ကြိုတင်ရွှေ့ပြောင်းနေထိုင်ကြဖို့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။


















































