ဩဂုတ်-၁၇၊၂၀၂၆။ဖိုးသား/People’s Spring
မကွေးတိုင်း၊သရက်မြို့နယ်က အမှတ် (၁၂)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၁၂)က ထွက်လာတဲ့စစ်တပ်စစ်ကြောင်းနဲ့ တိုက်ပွဲ ဖြစ်ခဲ့တယ်လို့ ဗမာပြည်ကာကွယ်ရေးတပ် – USBA က တာ၀န်ရှိသူက ပြောပါတယ်။
မင်းတုန်းမြို့နယ်အတွင်း သရက် – မင်းတုန်း လမ်းပိုင်းနဲ့ ပုသိမ် – မုံရွာ လမ်းပိုင်းတွေမှာ အခု ဩ ဂုတ်၁၂ ရက်ကစပြီး ၁၅ ရက်အထိ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အင်အား ၆၀ ၀န်းကျင်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ မင်းတုန်းမြို့ကို ဦးတည်ပြီး အဲဒီစစ်ကြောင်းအတွက် မင်းတုန်းမြို့ဘက်ကနေ လမ်းပိုင်းလုံခြုံရေးယူပေးခဲ့တဲ့ အင်အား ၅၀ ၀န်းကျင် နဲ့ မင်းတုန်းကျောက်တိုင်ဂိတ်စခန်းက နောက်ထပ်အင်အား ၄၀ ပါတဲ့ စုစုပေါင်း စစ်ကြောင်း ၃ခုနဲ့ တိုက်ပွဲတွေ ဖြစ်ခဲ့တာလို့ အသိပေးပါတယ်။

Public Service Announcement
တိုက်ပွဲ ၄ ရက်အတွင်း စစ်တပ်စစ်ကြောင်းတွေမှာ သေဆုံးသူ ၇ ဦးနဲ့ ၄ ဦးဒဏ်ရာရတယ်လို့ ဆိုပါတယ်။အဲဒီသေဆုံးထိခိုက်မှုနဲ့ပတ်သက်လို့ လူထုနွေဦးက သီးခြားအတည်မပြုနိုင်သေးပါဘူး။
လက်ရှိမှာ ကပစ (၁၂) ကလာတဲ့ ထောက်ပို့စစ်ကြောင်းနဲ့ လမ်းပိုင်း လုံခြုံရေးယူပေးတဲ့မင်းတုန်းစစ်ကြောင်းတွေက မင်းတုန်းမြို့ထဲကို ရောက်ရှိသွားပြီး ကျောက်တိုင်အထိုင်ဂိတ်စခန်းက စစ်ကြောင်းကလည်း အဲဒီဂိတ်စခန်းအတွင်းမှာပြန်လည်တပ်စွဲထားတယ်လို့ သိရပါတယ်။
စစ်ရေးအချက်အလက်တွေအရ သရက်မြို့နယ် စခမ်းကြီးကျေးရွာနဲ့ ပိတောက်ပင်ကျေးရွာအနီးမှာရှိတဲ့ အမှတ်(၁၂)ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၁၂ )ဟာ ၆၀ မမ၊ ၈၁ မမ နဲ့ ၁၂၀ မမ ဗုံးသီးတွေကို ထုတ်နေတာဖြစ်ပါတယ်။
ဒါ့အပြင် ဒေသတွင်းစစ်ရေးအရ အရေးပါတဲ့ သရက်-မင်းတုန်းလမ်းပိုင်းမှာ စစ်အုပ်စုနဲ့တော်လှန်ရေးတပ်တွေ မကြာခဏ တိုက်ပွဲတွေ ဖြစ်နေပါတယ်။
ဩဂုတ် ၁၀ ရက်ကလည်း သရက်-မင်းတုန်းလမ်းပိုင်းမှာ တိုက်ပွဲမှာ စစ်တပ်ဘက်က သေဆုံးသူတွေရှိပြီးလက်နက်နဲ့ခဲယမ်းတချို့ရရှိတယ်လို့ သရက်ခရိုင်အမှတ် – ၄ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
စစ်တပ်က သရက်-မင်းတုန်းလမ်းပိုင်း အသုံးပြုပြီး မင်းတုန်းမြို့နယ်အနောက်ခြမ်းက ရခိုင်ရိုးမကို စစ် ကြောင်းထိုးနေပေမယ့် နှစ်လကျော်ကြာတဲ့အထိ ရိုးမပေါ် မတက်နိုင်သေးဘဲ အနီးတဝိုက်ကျေးရွာတွေမှာပဲ တပ်ဖြန့်ထားတယ်လို့ သိရပါတယ်။


















































