သြဂုတ်-၁၉၊ ၂၀၂၆။ ဇေအောင်/People’s Spring
စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်ကြောင်းအတိုင်း စစ်တပ်ရေယာဥ်တွေ စုန်ဆင်းလာလို့ မြစ်ကမ်းဘေးနေ ပြည်သူတွေ သတိပြုနေထိုင်ကြဖို့ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီက ထုတ်ပြန်ပါတယ်။
ဒီကနေ့ သြဂုတ် ၁၉ ရက် မနက် ၁၁နာရီခန့်က မုံရွာမြို့၊ အလုံမင်းထောင့်ဆိပ်ကမ်းကနေ စစ်တပ်ရဲ့ ဖလပ်မော်တော်၂၄စီး၊ တိုက်ခိုက်ရေးသင်္ဘော ၃စီးဟာ ချင်းတွင်းမြစ်ကြောင်းအတိုင်း အောက်ကိုစုန်ဆင်းလာကြောင်းသပိတ်ကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။
“ဧရာဝတီမြစ်ထဲထိသွားတာ။ ဘယ်ကိုကပ်လဲတော့မသိဘူး”လို့ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement
အဲဒီယာဥ်တွေပေါ်မှာ ကရိန်းနဲ့ ယာဥ်ယန္တရားတွေ တင်ဆောင်လာတာ တွေ့ရပြီး ကျောက်စိမ်း၊သစ်၊ကျောက်မီးသွေးနဲ့ ပျက်စီးနေတဲ့ကားတွေ တင်ဆောင်လာတယ်လို့ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီက ဆိုပါတယ်။
စစ်တပ်ရေယာဥ်တွေဟာ အောက်ဘက်သို့ စုန်ဆင်းနေတာဖြစ်ပြီး မြစ်ကမ်းဘေးဝဲယာရှိ ပြည်သူတွေ အထူးဂရုစိုက်ကြဖို့ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီက သတိပေးထားပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ ရေယာဥ်တွေဟာ ချင်းတွင်းမြစ်ကြောင်းအတိုင်း မကြာခဏ သွားလာနေပြီး သွားလာတိုင်းလည်း မြစ်ကမ်းဘေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်လေ့ရှိတာကြောင့် ပြည်သူထိခိုက်သေဆုံးမှုတွေ၊ နေအိမ်တွေ ပျက်စီးတာတွေ ဖြစ်ပေါ်နေပါတယ်။


















































