သြဂုတ် ၂၆၊ ၂၀၂၆။ ဇေအောင်/People’s Spring
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်မှာ အသက် ၄၀ ကျော်အရွယ် စစ်ရှောင်အမျိုးသား ၁ဦး ပေါ်တာဆွဲခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။
သြဂုတ် ၁၉ ရက် နေ့လည် ၁နာရီခန့်က မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ၉ လမ်း၊ အရိပ်မထွက်ဘုရားအနီး၊ ထန်းတောရပ်ကွက်မှာ နေထိုင်တဲ့ စစ်ဘေးရှောင် အသက် ၄၁ နှစ်အရွယ် ဆေးသုတ်အလုပ်သမား ကိုပြည့်ဖြိုးမောင်(ခ)မောင်မောင်ဟာ အပြင်ထွက်သွားရင်း ပျောက်ဆုံးသွားတာဖြစ်ကြောင်း မိခင်ဖြစ်သူက လူမှုကွန်ရက်မှာ ရှင်းပြခဲ့ပါတယ်။
“အလုပ်နားနေတုန်း အပြင်ဘက်ခဏ လမ်းလျှောက်သွားတာ။ ပြန်မလာတော့တာ”လို့ ၎င်းမိခင်က ပြောပါတယ်။ ပျောက်ဆုံးသူဟာ အသက် ၆၄ နှစ်အရွယ် မိခင်နဲ့ အသက် ၈၄ နှစ်အရွယ် အဘွားတို့ကိုလုပ် ကျွေးနေသူဖြစ်ကြောင်း၊ ၎င်းတို့မိသားစုဟာ စစ်ရှောင်တွေဖြစ်ပြီး မန္တလေးရောက်တာ နှစ်နှစ်ကျော်ပြီဖြစ်ကြောင်း မ်ခင်ဖြစ်သူက ရှင်းပြပါတယ်။

Public Service Announcement
အာဏာသိမ်းစစ်တပ်ဟာ အသက် ၄ဝ ကျော်တွေကိုပါ ပေါ်တာဆွဲနေတဲ့အတွက် ၎င်းအမျိုးသားဟာ ပေါ်တာဆွဲခံလိုက်ရခြင်းသာဖြစ်နိုင်ကြောင်း ဒေသခံတွေက မှတ်ချက်ပြုပါတယ်။
မန္တလေးမြို့မှာ အာဏာသိမ်းစစ်တပ်က ပေါ်တာဆွဲဖမ်းဆီးတာတွေ ဆက်တိုက်ပြုလုပ်နေပြီး မန္တလေးမြေပြင်ကင်းထောက်အဖွဲ့ဖြစ်တဲ့ Voice Of Mandalay အဖွဲ့ရဲ့ မှတ်တမ်းတွေအရ တစ်ပတ်အတွင်း လူငယ် ၂၀ နီးပါး ပေါ်တာဆွဲခံလိုက်ရကြောင်း သိရပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ယခုလအတွင်းပြုလုပ်နေတဲ့ စစ်မှုထမ်း အပတ်စဥ် (၂၇)ကို လူမပြည့်ဘဲ လုပ်လိုက်ရတယ်လို့ သတင်းတွေထွက်နေပြီး လာမယ့် စက်တင်ဘာလမှာ ပြုလုပ်မယ့် စစ်မှုထမ်း အပတ်စဥ် (၂၈)အတွက် စစ်မှုထမ်းဆင့်ခေါ်တာ၊ ပေါ်တာဆွဲတာတွေ ယခုကတည်းက ပြုလုပ်နေပါတယ်။


















































