Connect with us

Hi, what are you looking for?

သတင်း

ရခိုင်ရိုးမစစ်​ကြောင်းထိုးဖို့ကြိုးစား​နေတဲ့စစ်သားသစ်​တွေ အရာရှိ​တွေပြန်ကိုရှင်းလင်းနိုင်ရင်သိန်း၁၀၀က​နေသိန်း၁၀၀၀ အထိ​ဆု​ကြေးပေးမယ်လို့သရက်ခရိုင်ပကဖကြေညာ

မကွေးတိုင်း၊မင်းတုန်းအနောက်ခြမ်းကတဆင့် ရခိုင်ရိုးမပေါ် စစ်ကြောင်းထိုးဖို့ ပေါ်တာဆွဲခံထားရတဲ့ စစ်မှုထမ်းတပ်သားသစ်တွေအနေနဲ့ စစ်အုပ်စုအရာရှိတွေကို ရှင်းလင်းနိုင်ခဲ့ရင် ကျပ်သိန်း ၁၀၀ ကနေ ၁၀၀၀ အထိ ရာထူးအဆင့်ပေါ်မူတည်ပြီး ဆုပေးမယ်လို့ သရက်ခရိုင်ပကဖ(ပြည်သူ့ကာကွယ်ရေးအဖွဲ့)တာ၀န်ခံကိုဗဟိန်းက ပြောကြားလိုက်ပါတယ်။

(ဇွန်လက မင်းတုန်းမြို့နယ်ကိုစစ်​ကြောင်းထိုးတဲ့စစ်တပ်ကို PDF ၊ပကဖ နဲ့​တော်လှန်​ရေးတပ်​တွေက တိုက်ခိုက်ပြီးဖမ်းမိတဲ့စစ်သုံပန်း​တွေကို​တွေ့ရစဥ်။ဓါတ်ပုံ-PDF စစ်ရုံးချုပ်)

ဩဂုတ်-၂၇၊၂၀၂၆။ဖိုးသား/People’s Spring

မကွေးတိုင်း၊မင်းတုန်းအနောက်ခြမ်းကတဆင့် ရခိုင်ရိုးမပေါ် စစ်ကြောင်းထိုးဖို့ ပေါ်တာဆွဲခံထားရတဲ့ စစ်မှုထမ်းတပ်သားသစ်တွေအနေနဲ့ စစ်အုပ်စုအရာရှိတွေကို ရှင်းလင်းနိုင်ခဲ့ရင် ကျပ်သိန်း ၁၀၀ ကနေ ၁၀၀၀ အထိ ရာထူးအဆင့်ပေါ်မူတည်ပြီး ဆုပေးမယ်လို့ သရက်ခရိုင်ပကဖ(ပြည်သူ့ကာကွယ်ရေးအဖွဲ့)တာ၀န်ခံကိုဗဟိန်းက ပြောကြားလိုက်ပါတယ်။

ဒုဗိုလ်ကျပ်သိန်း ၁၀၀၊ဗိုလ်ကျပ်သိန်း ၂၀၀၊ဗိုလ်ကြီးကျပ်သိန်း ၃၀၀၊ ဗိုလ်မှူးကျပ်သိန်း ၅၀၀၊ဒုဗိုလ်မှူးကြီးအဆင့် ကျပ်သိန်း ၇၀၀ နဲ့ ဗိုလ်မှူးကြီးအဆင့် ကျပ်သိန်း ၁၀၀၀ ပေးမယ်လို့ ဆိုပါတယ်။

“မင်းတုန်းမြို့ကနေ အနောက်ဘက် ရခိုင်ရိုးမဘက်ကို စစ်ကြောင်းထိုးဖို့ အတင်းအဓမ္မ ပို့ဆောင်ခံလိုက်ရတဲ့ ပေါ်တာဆွဲခံထားရတဲ့ ပစ တွေအနေနဲ့ ခုလို ရာသီဥတုမှာ ရခိုင်ရိုးမပေါ်က AAကိုတက်ပြီးထိုးမယ်ဆိုတာ မအလ ရဲ့လူစိတ်မရှိတဲ့အမိန့်တွေပဲ။အရှင်လက်လက် ငရဲကျတာထက်ကို ပိုဆိုးတဲ့ စစ်မြေပြင်ပဲ ။ အာဏာရူးတွေက လူစိတ်ကင်းမဲ့စွာနဲ့ မင်းတို့ကို သေတွင်းထဲပို့ပြီးမင်းတို့အရိုးနဲ့ သူတို့အကျိုးစီးပွားတွေကို ကာခိုင်လိုက်တာသာဖြစ်တယ်”လို့ ကိုဗဟိန်းက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင်စစ်ရေးအရ အောက်ကနေ လှန်တိုက်ရမှာဖြစ်ပြီး မင်းတုန်းနယ်မှာ ငှက်ဖျားရောဂါ ဖြစ်ပွားမှုများတာကြောင့်လက်နက်တွေယူလာပြီး တော်လှန်ရေးတပ်တွေနဲ့ ပူးပေါင်းဖို့လည်း သူကတိုက်တွန်းထားပါတယ်။

“သတ္တိမွေးပြီးငါတို့ဆီကိုလာခဲ့လိုက်ကြပါ။အရင်စစ်ကြောင်းက စီနီယာ ပစ(စစ်မှုထမ်း)တွေဆို ငါတို့ဆီမှာ ရွာတောင်တည်လို့ရနေပြီ ။ ပြန်တဲ့သူလည်းပြန် ပျော်တဲ့သူလည်း ပျော်လို့ ဘေးကင်းလုံခြုံမှုအပြည့်နဲ့ ဘ၀ကို ဖြတ်သန်းနေကြပြီ”လို့ သရက်ခရိုင်ပကဖတာ၀န်ခံက ပြောပါတယ်။

မင်းတုန်းမြို့နယ်အနောက်ခြမ်းက ရခိုင်ရိုးမ နဲ့ အနီးစပ်ဆုံးနေရာတွေဆီအာဏာသိမ်းစစ်တပ်က စစ်ကူအင်အား ၁,၅၀၀ ၀န်းကျင်ကို အခုရက်ပိုင်းထဲ ပို့‌ခဲ့တာဖြစ်ပါတယ်။

အာရက္ခတပ်တော် (AA) သိမ်းပိုက်ထားတဲ့ ရခိုင် ပြည်နယ်တောင်ကုတ်မြို့ကို ပြန်စစ်​ကြောင်းထိုးနိုင်ဖို့အနီးစပ်ဆုံးနေရာဖြစ်တဲ့ မင်းတုန်းမြို့နယ်အနောက်ဘက်ကနေတဆင့် အာဏာသိမ်းစစ်တပ်က၀င်ရောက်ဖို့ဒုတိယအကြိမ် အင်အားအလုံးအရင်းနဲ့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

“မင်းတုန်းအနောက်ခြမ်းရိုးခြေ(ရခိုင်ရိုးမ အောက်ခြေ) ရွာတွေကိုအင်အားဖြန့်နေတယ်။စစ်ကြောင်းထိုးတယ်ပြောရမယ်”လို့ မင်းတုန်းမြို့နယ်စစ်ရေးသတင်းရင်းမြစ်က ဩဂုတ် ၂၅ ရက်နေ့က ပြောထားပါတယ်။

အဲဒီအင်အားတွေက အောင်လံမြို့ကတဆင့် ရေယာဉ်တွေနဲ့ သရက်မြို့အခြေစိုက် အမှတ် ၁၂ ကာကွယ်ရေး ပစ္စည်းစက်ရုံ(ကပစ ၁၂ )ကို ပို့ဆောင်ပြီးနောက် ဩဂုတ် ၂၂ ရက် မှာ မင်းတုန်းမြို့ကို စတင် ၀င်ရောက်ခဲ့ပါတယ်။

စစ်တပ်က ဗျူဟာမှူးအဆင့်(ဗိုလ်မှူးကြီး အောင်ဇော်မင်း)ဦးစီးပြီး အင်အား ၁၀၀၀ ၀န်းကျင်နဲ့ ရခိုင်ရိုးမ ကို ဇွန်လဆန်းပိုင်းကတည်းက ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။ဒါပေမယ့် ရိုးမပေါ်တက်တဲ့ တိုက်ပွဲတွေမှာ သေဆုံးထိခိုက်မှုများပြီး အကြိမ်ကြိမ်လန်ကျပြီး ရိုးခြေက ကျေးရွာတွေထဲမှာပဲ ပြန်ဆုတ်ပြီး တပ်စွဲနေကြတာဖြစ်ပါတယ်။

မင်းတုန်းအနောက်ခြမ်းရခိုင်ရိုးခြေရွာတွေ ဖြစ်တဲ့ ပြောင်းကျေးရွာ၊ထန်းပင်ကုန်းကျေးရွာ၊ဖြူကန်ကျေး ရွာ၊ထိန်ကိုင်း နဲ့ တမာ ကျေးရွာတွေမှာ စစ်တပ်က တပ်စွဲထားပါတယ်။

ဇွန်လက ထိုးစစ်ဆင်တဲ့ စစ်တပ်ရဲ့ တပ်တွေမှာ သရက်မြို့အခြေစိုက် အမှတ် ၄၄ ခြေလျင်တပ်ရင်း (ခလရ ၄၄)၊အမှတ် ၁၂ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ၁၂) ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်လက် အောက်ကတပ်တွေပါ၀င်ပါတယ်။အခုတခေါက် စစ်ကြောင်းမှာ ဘယ်တပ်တွေပါ၀င်တယ်ဆိုတာ မသိရသေးပါဘူး။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အနောက်ခြမ်းက ရခိုင်ရိုးမနဲ့ အနီးနေရာတွေကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကူအင်အား ၁,၅၀၀ ခန့်ရောက်ရှိပြီး တပ်ဖြန့်ကာ စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီးနောက် တန်ပြန်ထိုးစစ်ဆင်ဖို့ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းတွေပြင်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အနောက်ခြမ်းက ရခိုင်ရိုးမပေါ်မှာ စစ်ကြောင်းထိုးဖို့ အာဏာသိမ်းစစ်တပ်က အင်အား ၁,၀၀၀ကျော် ထပ်မံဖြည့်တင်းနေတယ်လို့ ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။