Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမြို့နယ် ၂ ခုမှာစစ်မှုထမ်းမဲနှိုက်နေတဲ့အပြင် ပေါ်တာလည်းဆွဲနေ

မန္တလေးမြို့က ချမ်းမြသာစည်နဲ့ အမရပူရမြို့နယ်တွေမှာ ရပ်ကွက်တိုင်း စစ်မှုထမ်းခေါ်ဆောင်ဖို့ မဲနှိုက်နေတဲ့အပြင် ပေါ်တာဆွဲဖမ်းဆီးတာတွေလည်း ပြုလုပ်​နေကြောင်း Voice Of Mandalay အဖွဲ့က ပြောပါတယ်။

(ပေါ်တာဆွဲရာမှာ ပါဝင်တဲ့ စစ်တပ် လက်သပ်မွေးထားတဲ့ မန္တလေးမြို့က ပျူစောထီး(ခ) ပြည်သူ့စစ်များအား တွေ့ရစဥ်။ ဓာတ်ပုံ − File Video)

သြဂုတ် ၃၀၊ ၂၀၂၆။မေရီ/People’s Spring

မန္တလေးမြို့က ချမ်းမြသာစည်နဲ့ အမရပူရမြို့နယ်တွေမှာ ရပ်ကွက်တိုင်း စစ်မှုထမ်းခေါ်ဆောင်ဖို့ မဲနှိုက်နေတဲ့အပြင် ပေါ်တာဆွဲဖမ်းဆီးတာတွေလည်း ပြုလုပ်​နေကြောင်း Voice Of Mandalay အဖွဲ့က ပြောပါတယ်။

​ချမ်းမြသာစည်မြို့နယ်နဲ့ အမရပူရမြို့နယ်တို့မှာ စစ်တပ်က စစ်မှုထမ်းဖို့အတွက် ရပ်ကွက်အလိုက် တစ်အိမ်တစ်ယောက်ခေါ်ယူ မဲနှိုက်ခိုင်းတာတွေ အတင်းအကျပ် ဆက်လက်လုပ်ဆောင်နေကြောင်း မန္တလေးမြေပြင်ကင်းထောက်အဖွဲ့ဖြစ်တဲ့ Voice Of Mandalay အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

မနေ့က ဩဂုတ် ၂၉ ရက် မနက် ၈ နာရီခွဲခန့်က ချမ်းမြသာစည်မြို့နယ်၊ ၁၁၀ လမ်း နဲ့ ၆၆ လမ်းထောင့်ရှိ ရွှေဘုန်းရောင်ဘုရားကို တစ်အိမ်လျှင် လူတစ်ဦးနှုန်း လာရောက်ကြဖို့ ပျူစောထီးတွေက ကားနဲ့ လှည့်လည်ကြေညာအော်ဟစ်ခေါ်ယူခဲ့ပြီး စစ်မှုထမ်းမဲနှိုက်ခိုင်းခဲ့ကြောင်း Voice Of Mandalay အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အလားတူ အမရပူရမြို့နယ်အတွင်းရှိ ဒန်တပင်နဲ့ တိုးချဲ့မှန်တန်းရပ်တွေမှာလည်း မဲနှိုက်ခဲ့ကြပြီး ကျန်ရှိနေသေးတဲ့ မှန်တန်း၊ ဆည်တဲ၊ ဝါးတန်းနဲ့ မြေပဲတန်း စတဲ့ရပ်ကွက်တွေမှာလည်း ယခုလကုန်ရက်အတွင်း စစ်မှုထမ်းမဲနှိုက်ဖို့ ဆက်လုပ်သွားမယ်လို့ သိရကြောင်း Voice Of Mandalay အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

ဒါ့အပြင် မန္တလးမြို့တွင်းလမ်းတွေနဲ့ ရပ်ကွက်တွေမှာလည်း နေ့ရောညပါ ပေါ်တာဆွဲ ဖမ်းဆီးမှုတွေ ဆိုးရွားစွာ ပြုလုပ်နေကြောင်း သိရပါတယ်။

“လမ်းမှာနေပြီးတော့(အထိုင်ချပြီးတော့) ချနေတာပဲ။ ဆွဲနေကြတာ”လို့ Voice Of Mandalay အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

မနေ့က သြဂုတ် ၂၉ ရက် ညနေပိုင်းနဲ့ ညပိုင်းတွေမှာ ချမ်းမြသာစည်၊ အမရပူရနဲ့ မဟာအောင်မြေမြို့နယ်တွေမှာ စစ်တပ်က အိမ်စီးကားတွေနဲ့ ပေါ်တာပတ်ဆွဲလို့ ၈ ဦးထက်မနည်း ဖမ်းဆီးခံလိုက်ရကြောင်း Voice Of Mandalay အဖွဲ့ရဲ့ ထုတ်ပြန်ချက်​တွေအရ သိရပါတယ်။

မန္တလေးမြို့ပေါ်မှာ နေ့ရောညပါ စစ်မှုထမ်းခေါ်ဆောင်ဖို့ ပေါ်တာဆွဲဖမ်းဆီးမှုများပြားနေပြီး အရင်လို ငွေပေးရွေးဖို့လည်း မလွယ်ကူတော့ကြောင်း၊ အိမ်စီးကားတွေနဲ့ ပြန်ပေးဆွဲသလို ဖမ်းဆီးနေတာကြောင့် မြို့ခံတွေ အသွားအလာ ဆင်ခြင်နေရတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

အသက် ၃၀ ကျော်နဲ့ ၄၀ ကျော်အရွယ်တွေအထိ ပေါ်တာဆွဲဖမ်းဆီးခံနေရပြီး ဈေးဝယ်ထွက်ရင်း၊ ကွမ်း၊ဆေးလိပ်ဝယ်ရင်း ပျောက်ဆုံးမှုများရှိနေကြောင်း မြို့ခံတစ်ဦးက ပြောပါတယ်။

​နယ်ကနေလာရောက်သူတွေ အထူးသဖြင့် စစ်ကိုင်းတိုင်းက လာရောက်သူတွေ အနေနဲ့ စကားပြောဆိုရာမှာ အထူးသတိထားဖို့ လိုအပ်ပြီး အငှားယာဥ်မောင်းတချို့ဟာ အာဏာသိမ်းစစ်တပ်နဲ့ချိတ်ဆက်ထားလို့ အငှားယာဥ်စီးရင် အထူးသတိပြုဖို့လိုအပ်နေကြောင်း ဒေသခံအချို့က သတိပေးပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ယခု ဩဂုတ်အတွင်းပြုလုပ်နေတဲ့ စစ်မှုထမ်း အပတ်စဥ် (၂၇)ကို လူမပြည့်ဘဲ လုပ်လိုက်ရတယ်လို့ သတင်းတွေထွက်နေပြီး လာမယ့် စက်တင်ဘာမှာ ပြုလုပ်မယ့် စစ်မှုထမ်း အပတ်စဥ် (၂၈)အတွက် စစ်မှုထမ်းဆင့်ခေါ်တာ၊ ပေါ်တာဆွဲတာတွေ ယခုကတည်းက ပြုလုပ်နေတာဖြစ်ကြောင်း သိရပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ မန္တလေးတိုင်းက ဝမ်းတွင်း၊ ညောင်ဦး၊ ကျောက်ပန်းတောင်းနဲ့ ရန်ကုန်တိုင်းက မြို့နယ်တွေမှာလည်း ပေါ်တာဆွဲမှုတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္ဆလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လယ်ကွင်းတွေထဲအထိ ပေါ်တာလိုက်ဆွဲနေလို့ လယ်စိုက်နေသူတွေ ထွက်ပြေးခဲ့ရပြီး ပျိုးနုတ်နေတဲ့ လူငယ် ၁ဦး ဖမ်းဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

နေ့စဥ်လူငယ်အများအပြားကို ဖမ်းဆီးပေါ်တာဆွဲနေတဲ့ မုံရွာမြို့ပေါ်မှာ လူငယ် ၁ဦးကို ကားနဲ့တိုက်ဖမ်းကာ ပေါ်တာဆွဲသွားကြောင်း မြို့ခံအချို့က ပြောပါတယ်။

သတင်း

မြန်မာလိဂ်ပြိုင်ပွဲဝင် ချင်းလန်းအက်ဖ်စီအသင်းရဲ့ ဘောလုံးသမားဖြစ်သူ Pa Lung ဟာ ဩဂုတ် ၂၂ ရက်က ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ်ရှိ အသင်းအဆောင် အပြန်လမ်းမှာ ပျောက်ဆုံးသွားခဲ့ကြောင်း ချင်းလန်းအသင်းက ဒီကနေ့ (သြဂုတ် ၂၇) မှာ ထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့ရှိ မြို့နယ်တွေမှာ ဒီရက်ပိုင်း အရပ်ဝတ်တွေက အိမ်စီးကားတွေနဲ့ လူလိုက်ဆွဲတဲ့ ဖြစ်စဉ်တွေ ဆက်တိုက်ဖြစ်နေတယ်လို့ Rangoon Scout Network-RSN က အသိပေးထားပါတယ်။

Facebook