တိဘက်ကုန်းမြင့်နဲ့ ထိစပ်ရာ နီပေါပိုင်နက်ထဲက ရေဘေးသင့် တောင်ပေါ်ဒေသတွေဆီ အကူအညီ ပစ္စည်းတွေ ပေးပို့ရေးဟာ အရမ်း ခက်ခဲနေတယ်လို့ ကုလသမဂ္ဂ (UN)က ပြောကြားခဲ့ပါတယ်။
ဩဂုတ် ၂၆ ရက်နေ့ မနက်ပိုင်းတုန်းက တိဘက်နဲ့ နီပေါနယ်စပ်မှာ ရေခဲမြစ် ကျိုးပျက်မှု နောက်ဆက်တွဲအဖြစ် ရုတ်တရက် ရေကြီးမှုကြီး ဖြစ်ပွားခဲ့ပြီး လူပေါင်း ထောင်ချီ အသေအပျောက်တွေ ရှိခဲ့ပါတယ်။ စက်တင်ဘာ ၃ ရက် ညပိုင်းထိ စာရင်းတွေအရ နီပေါမှာ သေဆုံးသူ ၁၂၅၂ ဦးနဲ့ နိုင်ငံခြားသားတွေ အပါအဝင် ပျောက်ဆုံးနေသူ ၄၂၁၆ ဦးရှိပါတယ်။ တိဘက်ဖက်ခြမ်းမှာတော့ ၁၆ ဦးသေပြီး ၅၄၆ ဦး ပျောက်ဆုံးနေကြောင်း ထုတ်ပြန်ထားပါတယ်။
ဆိုးရွားလှတဲ့ ရေဘေးကြီးနဲ့ ရုတ်တရက်ကြုံပြီး အသက်ရှင် လွတ်မြောက်လာသူတွေဆီ ထောက်ပံ့ရေး ပစ္စည်းတွေ ပို့ဆောင်ဖို့ဟာ အင်မတန် အရေးကြီးတဲ့ ကိစ္စဆိုပေမယ့် ရေကြီးချိန်အတွင်း လမ်းတွေ၊ တံတားတွေ ပျက်စီးကုန်တာက ထောက်ပံ့ရေး လမ်းကြောင်းတွေကို ပြတ်တောက်သွားစေပါတယ်။ အရင်ကတည်းက ဝေးလံသီခေါင်လှပြီး ဟိမဝန္တာ တောင်တန်းတွေနဲ့ ဆက်စပ်တည်ရှိတဲ့ နေရာတွေမို့ အခုလို ရေဘေးကြုံလာတဲ့အခါ ထောက်ပံ့ရေး ပစ္စည်းတွေ ပို့ဆောင်နိုင်မယ့် ရွေးချယ်စရာ နည်းလမ်းတွေက မရှိသလောက် နည်းသွားကြောင်း UNက ဆိုပါတယ်။
ကယ်ဆယ်ရေး အဖွဲ့တွေကတော့ ပစ္စည်းသယ်တဲ့ ဒရုန်းတွေ၊ နောက်ပြီး အထမ်းသမားတွေကို အသုံးပြုပြီး ရေဘေးသင့် ဒေသတွေဆီ လူသားချင်းစာနာမှု အထောက်အပံ့ ပစ္စည်းတွေ ပေးပို့နိုင်ဖို့ ကြိုးစား နည်းလမ်းရှာနေပါတယ်။

Public Service Announcement
ကြုံခဲ့တဲ့ ကပ်ဘေးကြီးဟာ မယုံနိုင်လောက်အောင် ပမာဏ ကြီးမားတဲ့ အပျက်အစီးတွေကို ဖြစ်ပေါ်စေခဲ့ကြောင်း၊ အဲဒီအတွက် လူသားချင်းစာနာမှု မစ်ရှင်တွေမှာလည်း အခက်အခဲကြီးတွေ ကြုံလာစေကြောင်း နီပေါရဲ့မြို့တော် ခတ္တမန္ဒူမှာ အခြေစိုက်တဲ့ UN ဌာနေ ကိုယ်စားလှယ် လိုင်လာ ပီယက်တာစ် ယာဟီယာက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
နီပေါရော၊ တိဘက်မှာပါ ပျောက်ဆုံးနေသူတွေထဲမှာတော့ ဟိန္ဒူ ဝတ်ပြုခရီးသည်တွေ၊ ခြေလျင်တောင်တက်သမားတွေ အပါအဝင် နိုင်ငံပေါင်း ၃၄ ခုက နိုင်ငံခြားသား ၈၀၀ ကျော် ပါဝင်ပါတယ်။
လက်ရှိမှာတော့ UNရဲ့ အေဂျင်စီတွေဟာ ရေဘေးသင့် ဒေသတွေဆီ သောက်သုံးရေ၊ ရိက္ခာ၊ ဆေးဝါးနဲ့ သန့်ရှင်းရေးဆိုင်ရာ ပစ္စည်းတွေ ပို့ဆောင်ဖို့ အပူတပြင်း ကြိုးစားနေပေမယ့် လမ်းကြောင်းတွေက သိပ်ခက်ခဲနေတယ်လို့ ပီယက်တာစ် ယာဟီယာက ပြောပါတယ်။ ထိချက်အပြင်းဆုံး ဒေသတွေမှာ ရှိနေတဲ့ လူ့အဖွဲ့အစည်းတွေဆီ အဲဒီပစ္စည်းတွေ ရောက်သွားဖို့ အရေးတကြီး လိုအပ်နေတယ်လို့လည်း သူက ဆိုပါတယ်။
UNဟာ ကယ်ဆယ်ရေး ပစ္စည်းတွေ ပို့ဆောင်ဖို့ ဖြစ်နိုင်သမျှ နည်းလမ်းတွေကို စဉ်းစားနေကြောင်း၊ နီပေါက တောင်ပေါ်ဒေသတွေမှာ အလုပ်လုပ်နေကြတဲ့ အထမ်းသမားတွေကို ငှားရမ်းတာမျိုး ဖြစ်နိုင်ခြေတွေကိုလည်း စဉ်းစားနေကြောင်း UNရဲ့ ဌာနေ ကိုယ်စားလှယ်က ပြောကြားသွားပါတယ်။
စက်တင်ဘာ ၃ ရက်နေ့မှာတော့ နီပေါနိုင်ငံခြားရေး ဝန်ကြီး ရှီဆာ ခါနဲလ်က ခတ္တမန္ဒူမှာ နိုင်ငံတကာ သံအရာရှိတွေကို ရေကြီးမှုအကြောင်း ရှင်းလင်းတင်ပြခဲ့ရာမှာ ဟိမဝန္တာ ဆူနာမီလို့ ထည့်သွင်း သုံးနှုန်းသွားခဲ့ပါတယ်။ လက်ရှိမှာတော့ ကယ်ဆယ်ရေးနဲ့ ရှာဖွေရေးအတွက် နီပေါဟာ စစ်တပ်၊ ရဲတွေနဲ့ ကယ်ဆယ်ရေး အဖွဲ့တွေ အပါအဝင် အင်အား ၂၁၀၀၀ ကျော်ထိ ဖြန့်ကျက် အသုံးပြုထားကြောင်းလည်း ဝန်ကြီးက အတည်ပြုသွားပါတယ်။
ကိုးကား: AFP


















































