စက်တင်ဘာ၂၈၊၂၀၂၆။ထားမြတ်/People’s Spring
ကချင်ပြည်နယ်၊ ဗန်းမော်မြို့က စစ်တပ် နေရာယူနေတဲ့ စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။
ဗန်းမော်မြို့ နမ့်ဖားကျေးရွာမှာ တပ်စွဲထားတဲ့ စစ်တပ်စခန်းကို စက်တင်ဘာ ၂၆ရက် ညနေပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။
စက်တင်ဘာ ၂၇ရက်မှာလည်း ဗန်းမော်မြို့မှာ တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်တပ်က လေကြောင်း တိုက်ခိုက်မှု လုပ်ဆောင်ခဲ့တယ်လို့ အသိပေးပါတယ်။

Public Service Announcement
လက်တလောမှာ စစ်တပ်ဟာ ဗန်းမော်မြို့တွင်း စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်တာ လက်နက်ကြီးတွေနဲ့ ရမ်းသန်း ပစ်ခတ်တာတွေ လုပ်ဆောင်နေတယ်လို့ ဖော်ပြပါတယ်။
ကချင်သတင်းရင်းမြစ်အချို့ရဲ့ ပြောပြချက်အရ စက်တင်ဘာ လကုန်ပိုင်း ဗန်းမော်တိုက်ပွဲ အတွင်း စစ်ကောင်စီတပ်ထံက အလောင်း လက်နက် သိမ်းရတာ သုံ့ပမ်းတွေ ဖမ်းမိတာတွေရှိခဲ့တယ်လို့ ဆိုပါတယ်။
လူမှုကွန်ရက်မှာ ရေးသားဖော်ပြနေတဲ့ ဗန်းမော်တိုက်ပွဲအတွင်း စစ်တပ် ရဲ့သံချပ်ကာယာဉ်အချို့ သိမ်းရတယ်ဆိုတာ လတ်တလော ဖြစ်စဉ်တွေ မဟုတ်ဘူးလို့လည်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
KIA ပူးပေါင်းတပ်ဟာ ဗန်းမော်မြို့သိမ်းတိုက်ပွဲကို ၂၀၂၄ ဒီဇင်ဘာက ဖော်ဆောင်ခဲ့ရာ ၂၀၂၅ နှစ်ဆန်းပိုင်း တိုက်ပွဲတွေအတွင်း စစ်ကောင်စီရဲ့ ဗန်းမော်အခြေစိုက် သံချပ်ကာတပ်ရင်း၊ တင့်ကား တပ်ရင်း၊ ခြေလျင်တပ်ရင်း အချို့အပါအဝင် တပ်စခန်းနေရာ အများအပြားကို သိမ်းပိုက်နိုင်ခဲ့ကာ သံချပ်ကာယာဉ်တွေကို သိမ်းရတာ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တာတွေ ရှိခဲ့ပါတယ်။
ဒါ့အပြင် ဗန်းမော်မြို့ကို စစ်ကူလာတဲ့ စစ်တပ်ရယာဉ်တွေကို တိုက်ခိုက်ဖျက်ဆီးတာ၊ စစ်အင်အားဖြည့်တင်းဖို့ ကြိုးပမ်းတဲ့ စစ်တပ်သင်္ဘောတွေကိုတိုက်ခိုက်ဖျက်ဆီးတာတွေလည်း KIA ပူးပေါင်းတပ်က လုပ်ဆောင်ခဲ့ပြီး စစ်တပ်ဟာ အထိနာခဲ့ပါတယ်။


















































