အောက်တိုဘာ-၁၀၊၂၀၂၆။မီးအိမ်/People’s Spring
စစ်အုပ်စုရဲ့အလုပ်သမားဝန်ကြီး မင်းကင်းမောင်မြင့်က ပြည်ပရောက်အလုပ်သမားကူညီစောင့်ရှောက်ရေးဆိုတဲ့ခေါင်းစဥ်နဲ့နေပြည်တော်မှာ အစည်းအဝေးလုပ်ပြီး ပြည်ပရောက်အလုပ်သမားတွေ မိသားစုထံငွေပြန်လွှဲရေး အတွက် အေဂျင်စီတွေကိုတာဝန်ယူကြပ်မတ်ဖို့ ဖိအားပေးနေပါတယ် ။
ပြည်ပရောက်မြန်မာလုပ်သားတွေကို ကူညီစောင့်ရှောက်ရေးအတွက်ဆိုတဲ့ ဆွေးနွေးပွဲကို အောက်တို ဘာ ၁၀ရက်က နေပြည်တော်မှာ လုပ်ပြီး အထက်ပါအတိုင်း ဖိအားခဲ့တာလို့တယ်လို့ ပြည်ပအလုပ်အကိုင်အေဂျင်စီလုပ်ငန်းရှင်အချို့ကပြောပါတယ်။
“ဆွေးနွေးပွဲခေါင်းစဥ်ကသာ ကူညီစောင့်ရှောက်ရေး၊တကယ်ကလွှဲပို့ငွေတိုးအောင်လုပ်ဖို့ပဲဦးတည်တာ”လို့ ဆွေနွေးပွဲတက်ခဲ့တဲ့လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

Public Service Announcement
အဲဒီဆွေးနွေးပွဲမှာမြန်မာလုပ်သားအများဆုံးရောက်ရှိနေတဲ့ ထိုင်းနိုင်ငံအတွင်း မည်သူမည်ဝါဖြစ်ကြောင်းထောက်ခံစာ(CI) လျှောက်ထားသူတွေကိုအနည်းဆုံးဝင်ငွေခွန် ၁ နှစ်စာနဲ့ မိသားစုထံ လွှဲပို့ငွေ ၃လစာလွှဲပို့ထားတဲ့ အထောက်အထားတွေကို စိစစ်သွားမယ်ဆိုပြီး မင်းကင်းမောင်မြင့်ကပြောခဲ့တယ်လို့ ဆိုပါတယ်။
အောက်တိုဘာ ၃ ရက်မှာ စစ်အုပ်စုရဲ့အလုပ်သမားဝန်ကြီး ဖြစ်လာတဲ့ မင်းကင်းမောင်မြင့်ဟာ တာဝန်ပေးခံရပြီးတာနဲ့ ပြည်ပကနေလွှဲပို့ငွေရရှိရေးကိုအဓိကထားလုပ်နေတာက အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ဦးစားပေးဖြစ်လိုတဲ့စိတ်ကြောင့်လို့ မြင်ကြောင်း အလုပ်သမားအရေးလူပ်ရှားသူတွေနဲ့အေဂျင်စီလုပ်ငန်းရှင်တချို့ကပြောပါတယ်။
“မင်းအောင်လှိုင် လိုလိုချင်ချင်ဖြစ်နေတဲ့ လွှဲပို့ငွေကိစ္စကိုပဲ အတင်းကိုဖိနေတာ။ သူပုံစံကအလုပ်သမားရော၊အေဂျင်စီတွေရှေ့ဆက်မလွယ်ဘူး “လို့ ပြည်ပအလုပ်အကိုင်အေဂျင်စီလုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီး လအနည်းငယ်ကြာကတည်းက နိုင်ငံတစ်ဝန်း မရပ်မနားစစ်တိုက်နေတဲ့ အာဏာသိမ်းစစ်တပ်က လက်နက်ခဲယမ်း၊ စစ်သုံးနည်းပညာတွေနဲ့လေယာဥ်ဆီဝယ်ယူဖို့နိုင်ငံခြားငွေအမြဲလိုအပ်နေပါတယ်။
ပြည်ပရင်းနှီးမြှပ်နှံမှုအများစုထွက်ခွာသွားပြီး ပြည်ပချေးငွေမရတော့သိလို ကုန်သွယ်ရေးကျဆင်းနေတဲ့စစ်အုပ်စုဟာ နိုင်ငံခြားငွေလိုအပ်ချက်အတွက် ၂၀၂၃ ကစပြီး ပြည်ပရောက် အလုပ်သမားတွေကိုလစာရဲ့ ၂၅ ရာခိုင်နှုန်းကိုမဖြစ်မနေပြန်ပို့ပြီး စစ်တပ်သတ်မှတ်ထားတဲ့ငွေလဲနှုန်းနဲ့ မဖြစ်မနေလဲပေးရမယ်လို့ကန့်သတ်ထားသလို ဝင်ငွေခွန်၂ရာခိုင်နှုန်းဆောင်ရဖို့ သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် ပြည်ပအလုပ်အရေးကိုင်တွယ်ပုံ စိတ်တိုင်းမကျမှုတွေကြောင့် မင်းအောင်လှိုင်က အာဏာသိမ်းပြီးနောက်ပိုင်း ၅ နှစ်ကျော်အတွင်း အလုပ်သမားဝန်ကြီး ၇ ဦးအထိလဲလှယ်ခဲ့ပါတယ် ။ဒါကြောင့် မင်းကင်းမောင်မြင့်က အရင်သူတွေနဲ့မတူကြောင်းပြလိုတဲ့စိတ်ရှိပုံရတယ်လို့ အလုပ်သမားအရေးလူပ်ရှားသူတစ်ဦးက ပြောပါတယ်။
“သူလုပ်နိုင်တယ်ဆိုတာ အရမ်းပြချင်နေတာ။ ဒီနေရာကိုလည်းသူလိုချင်နေတာလေ။ မင်းအောင်လိူင်ရဲ့ယုံကြည်မှုရဖို့အတွက် ဆက်ရမ်းပြနေဦးမယ့်အနေအထားတွေမြင်နေရတယ် “လို့ သူကဆက်ပြောပါတယ်။
စစ်တပ်ခန့်အလုပ်သမားဝန်ကြီး မင်းကင်းမောင်မြင့်က တာဝန်ပေးခံရတဲ့နေ့မှာဘဲ ပြည်ပရောက်အလုပ် သမားတွေရဲ့ မိသားစုထံ လွှဲပို့ငွေရရှိတာနည်းလို့ဆိုပြီး ဝေဖန်ပြစ်တင်ပြောဆိုထားတဲ့ ဗီဒီယိုဖိုင်ကို လူမှုကွန်ရက်တင်ခဲ့ပါတယ်။
“လွှဲတဲ့သူကလွှဲတယ်၊မလွှဲတဲ့သူကမလွှဲဘူး။တကယ် တမ်းပြောရရင်နိုင်ငံတော်က သူတို့ကိုလွှတ်သာလွှတ်ရတယ်၊အကျိုးမရှိဘူး “လို့ ပြောခဲ့တာဖြစ်ပါတယ်။သူဟာ ဦးသိန်းစိန်အစိုးရလက်ထက်မှာ အလုပ်သမားဝန်ကြီးအဖြစ် ၁နှစ်နီးပါးတာဝန်ယူဖူးတဲ့ ဗိုလ်မှူးချုပ်ဟောင်းတစ်ဦး ဖြစ်ပါတယ်။
ဒါ့အပြင်ပြည်ပအလုပ်အကိုင်အေဂျင်စီတွေထဲက စေလွှတ်ခဲ့တဲ့အလုပ်သမားဦးရေအတိုင်း လွှဲပို့ငွေအထောက်အထားရာခိုင်နှုန်းပြည့်မတင်ပြနိူင်တဲ့အေဂျင်စီ ၁၁၆ ခု ကိုအလုပ်ခေါ်စာအသစ်တင်ပြခွင့်ကို အောက်တိုဘာ ၁ရက်ကစပြီးဆိုင်းငံ့အရေးယူထားတယ်လို့စစ်အုပ်စုရဲ့အလုပ်သမားဝန်ကြီးဌာနကစက်တင်ဘာ၂၉မှာထုတ်ပြန်ခဲ့ပါတယ်။
ဒါ့အပြင် စေလွှတ်ခဲ့တဲ့အလုပ်သမားရှိပေမယ့်လွှဲပို့ငွေအထောက်အထားတင်ပြဖို့ပျက်ကွက်တဲ့အေဂျင်စီ ၁၀ ခုကိုလည်းဒါဏ်ကြေးငွေ ကျပ်၁၀ သိန်းအပြင်အကျိုးဆောင်လိုင်စင်ကို ၆လပိတ်သိမ်းအရေး ယူသွားမယ်လို့လည်း ခြိမ်ခြောက်ထားပါတယ်။



















































