အောက်တိုဘာ ၁၁၊ ၂၀၂၆။ထားမြတ်/People’s Spring
ကချင်ပြည်နယ်၊ ဗန်းမော်နဲ့ ရွှေကူမြို့နယ်တွေမှာ အာဏာသိမ်းစစ်တပ်က စစ်ရေးလှုပ်ရှားမှုတွေ ပိုပြုလုပ်လာလို့ တိုက်ပွဲတွေ ပြင်းထန်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။
အောက်တိုဘာ ၁၀ရက်မှာ KIA သတင်းပြန်ကြားရေးရဲ့ ဖော်ပြချက်မှာ အောက်တိုဘာ ဒုတိယပတ်အတွင်း ရွှေကူနဲ့ ဗန်းမော်ဒေသ စစ်မျက်နှာတွေရဲ့ စစ်ရေးအခြေအနေ အကျဉ်းကို အသိပေးခဲ့တာဖြစ်ပါတယ်။
KIA တပ်မဟာ(၁၁) တပ်ရင်း(၁၂) နယ်မြေ ရွှေကူဒေသမှာ စစ်တပ် စစ်ရေးလှုပ်ရှားလာလို့ တိုက်ပွဲတွေဖြစ်ခဲံပြီး လက်နက်ခဲယမ်း သိမ်းရတာတွေရှိခဲ့ကြောင်း ဖော်ပြပါတယ်။

Public Service Announcement
စစ်တပ်ဟာ ရွှေကူဒေသအတွင်းကို အင်အားအများအပြားဖြင့် အဆက်မပြတ် စစ်ကြောင်းထိုးနေတာလို့လည်း ဖော်ပြပါတယ်။
KIA တပ်မဟာ(၃)နယ်မြေ ဗန်းမော်စစ်မျက်နှာမှာလည်း စစ်တပ်က လေကြောင်း တိုက်ခိုက်တာ၊ စစ်ကြောင်းထိုးတာ၊ လက်နက်ကြီး ပစ်ခတ်တာ၊ ဒရုန်းနဲ့ တိုက်ခိုက်တာတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်တပ်နဲ့ KIA ပူးပေါင်းတပ်ဟာ ရှမ်းမြောက် မိုးမိတ်-မဘိမ်းလမ်းပိုင်းမှာလည်း အောက်တိုဘာလဆန်းကစပြီး တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတာပါ။
စစ်တပ်ဟာ ဗန်းမော်၊ ရွှေကူ၊ မိုးမိတ် ဒေသတွေကို စစ်အင်အားဖြည့်တင်းပြီး စစ်ရေးလှုပ်ရှား ထိုးစစ်ဆင်နေလို့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတာလို့ ကချင်စစ်ရေး သတင်းရင်းမြစ်အချို့က အသိပေးထားပါတယ်။
စစ်ရေးအခြေအနေတွေကြောင့် ရွှေကူ-ငါးအိုးလမ်းမကြီးကို KIAက ပိတ်ထားပြီး ပြည်သူများအားလုံးအနေနဲ့ အဲဒီ လမ်းမကြီးကို သွားလာလှုပ်ရှားခြင်းမပြုကြဖို့ KIA တပ်ရင်း(၁၂) က အောက်တိုဘာ ၅ရက်မှာ သတိပေးချက် ထပ်မံ ထုတ်ပြန်ထားပြီး ရွှေကူနဲ့ ငါးအိုးဒေသကို သွားလာမယ်ဆိုရင် KIO/KIA သတ်မှတ်ထားတဲ့ လမ်းအတိုင်းသာ သွားလာဖို့ အသိပေးထားပါတယ်။
KIA တပ်မဟာ(၁၁) တပ်ရင်း(၁၂)နယ်မြေဖြစ်တဲ့ ရွှေကူမြို့အဝင် လမ်းမကြီး နဲ့ ငါးအိုး-ရွှေကူလမ်းမကြီး အားလုံးပိတ်ထားချိန် ပြည်သူတွေအနေနဲ့ တော်လှန်-လမ်းကူး-စီသာ-မိုးကင့်-စီဖွားလမ်းပိုင်းကိုသာ အသုံးပြုကြဖို့ အခုနှစ် ဇွန်လကတည်းက ကြေညာထားတာပါ။



















































