အောက်တိုဘာ-၁၁၊၂၀၂၆။ရွှေပြည်စိုး/People’s Spring
အင်းတော်မြို့နယ်၊ မဲဇာရွာအနီးတိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားနေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေသလိုတိုက်ပွဲတွေ ဆက်လက်ပြင်းထန်နိုင်တဲ့အတွက် ခရီးသွားပြည်သူတွေ ကသာ-ထီးချိုင့်လမ်းပိုင်းကို အသုံးမပြုဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကသတိပေးချက်ထုတ်ပြန်လိုက်ပါတယ်။
ရွှေဘို- မြစ်ကြီးနားလမ်းရဲ့အဓိကလမ်းပိုင်းဖြစ်တဲ့ မဲဇာရွာကို အောက်တိုဘာလဆန်းပိုင်းမှာ စစ်တပ်စစ်ကြောင်းတွေထပ်မံဝင်ရောက်လာပြီးနောက်ပိုင်းတိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေတာဖြစ်ပါတယ်။
“တိုက်ပွဲကမဲဇာအနီးမှာ တော်တော်ပြင်းထန်နေတယ်။ ဒေသခံတွေအများစုရှောင်ကြပေမယ့် သက်ကြီးရွယ်အိုတွေကျန်ခဲ့တယ်။ စစ်တပ်ကအထိနာပြီလေကြောင်းကနေဗုံးကြဲတော့ မဲဇာက ကျေမွနေပြီ”လို့ နယ်မြေခံသတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။

Public Service Announcement
အာဏာသိမ်းစစ်တပ်က ကသာမြို့အခြေစိုက်ခြေမြန်တပ်ရင်းခမရ(၃၀၉) နဲ့ ထီးချ်ိုင့်မြို့ထဲမှာတပ်စွဲထားတဲ့စစ်ကြောင်းတွေကို အင်းတော််မြို့ဘက်ဆီ နှစ်ဘက်ညှပ်ပြီး စစ်ကြောင်းထိုးဝင်လာတာကြောင့် PDF နဲ့တော်လှန်ရေးမဟာတွေက ခုခံတိုက်ခိုက်ရင်း တိုက်ပွဲတွေပြင်းထန်နေတာဖြစ်ပါတယ်။
စစ်တပ်ဟာမန္တလေး-မြစ်ကြီးနားပြည်ထောင်စုလမ်းအတိုင်း တစ်ဆက်တည်းရှိနေတဲ့ ထီးချိုင့်-အင်းတော်-ကသာမြို့လမ်းပိုင်းကို ထိန်းချုပ်ဖို့ကြိုးစားနေတာဖြစ်ပြီး လေကြောင်းကနေ မကြာခဏဗုံးကြဲနေတယ်လို့သိရပါတယ်။
လက်ရှိမှာကသာ-ထီးချိုင့်အမှတ်( ၃ )ကားလမ်းကို စစ်တပ်က အသုံးပြုနေပြီး စစ်တပ်ယာဉ်တန်းတွေကို တိုက်ခိုက်ချေမှုန်းမှာဖြစ်တဲ့အတွက် ခရီးသွားပြည်သူတွေ ဖြတ်သန်းသွားလာခြင်းမပြုကြဖို့ကသာခရိုင် အမှတ် ( ၁ ) တပ်ရင်းက အောက်တိုဘာလ၁၀ရက်နေ့မှာသတင်းထုတ်ပြန်ထားပါတယ်။
လက်ရှိစစ်ရေးတင်းမာနေတဲ့ ကသာ-အင်းတော်-ထီးချိုင့် မြို့တွေဟာ ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားခဲ့တဲ့ဒေသတွေဖြစ်ပါတယ်။
အင်းတော်မြို့ကို PDF ၊ကျောင်းသားတပ်မတော်(ABSDF) ၊KIA ၊ပကဖ နဲ့ မဟာမိတ် ပူးပေါင်းတပ်တွေက ၂၀၂၅ ဧပြီလ၇ရက်နေ့မှာသိမ်းပိုက်ထိန်းချုပ်ခဲ့ပါတယ်။အင်းတော် မြို့သိမ်းတိုက်ပွဲမှာတပ်မ(၇၇)တပ်မမှူး ဗိုလ်မှူးချုပ်အောင်သက်ဦးနဲ့စစ်သုံ့ပန်းအများအပြားကို တော်လှန်ရေးတပ်တွေကဖမ်းဆီးနိုင်ခဲ့ပါတယ်။
စစ်တပ်က အခုနှစ်ဆန်းပိုင်းမှာ သပိတ်ကျင်း ၊တကောင်း ၊ထီးချိုင့်မြို့တွေကို ပြန်ထိန်းချုပ်ရင်း အင်းတော်မြို့နယ်ကို တန်ပြန်ထိုးစစ်ဆင်ရင် ၂၀၂၆ ဧပြီလမှာ စစ်တပ်ကအင်းတော်မြို့ကိုပြန်လည်ထိန်းချုပ်နိူင်ခဲ့ပါတယ်။အင်းတော်မြို့ကိုထိန်းချုပ်ပြီးနောက်ဘေးပတ်ဝန်းကျင်ရွာတွေကို စစ်ကြောင်းထိုးဖို့ကြိုးစားနေပြီး တော်လှန်ရေးတပ်တွေက ပိတ်ဆို့တိုက်ခိုက်နေတာဖြစ်ပါတယ်။စစ်တပ်က ဇူလိုင်လမှာ မဲဇာ အပါအဝင် တပ်စွဲထားတဲ့ဒေသတွေကပြန်ဆုတ်သွားပြီး တော်လှန်ရေးတပ်တွေက နယ်မြေပြန်ထိန်းချုပ်ထားချိန်မှာ အခုလိုစစ်ကြောင်းပြန်ထိုးလာတာဖြစ်ပါတယ်။
ထီးချိုင့်မြို့ကို ၂၀၂၃ နိုဝင်ဘာလမှာ တော်လှန်ရေးတပ်တွေက မြို့သိမ်းတိုက်ပွဲတိုက်ခိုက်ခဲ့ဖူးပါတယ်။ စစ်တပ်ကမြို့ကိုလေကြောင်းကနေဗုံးကြဲပြီး မီးရှို့လို့တော်လှန်ရေးတပ်တွေက ပြန်ဆုတ်ခွာခဲ့ပါတယ်။မြို့အနီးက ရွာတွေကိုတော့ တော်လှန်ရေးတပ်တွေက ထိန်းချုပ်ခဲ့ပါတယ်။ ထီးချိုင့်မြို့ပေါ်က ဒေသခံတွေဟာ ၂၀၂၃ နိုဝင်လာလကတည်းက ယခုထိ နေရပ်စွန့်ခွာတိမ်းရှောင်နေကြရဆဲဖြစ်ပါတယ်။
ကသာမြို့မှာလည်းပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်မတ်လနဲ့ ယခုနှစ် မတ်လမှာ တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားခဲ့ပါတယ်။၂၀၂၅ ခုနှစ်မတ်လကခမရ(၃၀၉)ထဲကနေထွက်လာတဲ့ စစ်ကြောင်းကိုအင်းတော်နဲ့ ကသာမြို့ကြားမှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲမှာ စစ်တပ်ဘက်က အရာရှိအချို့အပါအဝင် ၃၃ဦး သေဆုံးပြီးစစ်သုံ့ပန်း၃၁ဦးဖမ်းမိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၁) စစ်ဒေသကသတင်းထုတ်ပြန်ခဲ့ပါတယ်။
ပြီးခဲ့တဲ့မတ်လမှာလည်း ကသာမြို့ထဲမှာတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး စစ်တပ်ကစစ်ဘေးရှောင်တွေခိုလှုံနေတဲ့ဘုန်းကြီးကျောင်းကိုဗုံးကြဲခဲ့လို့ သံဃာတော်တွေအပါအဝင် စစ်ဘေးရှောင်ပြည်သူတွေသေဆုံးခဲ့ပါတယ်။
အဲ့ဒီတိုက်ပွဲမှာ ခမရ(၃၀၉)ကို စစ်ကူနဲ့ လက်နက်ခဲယမ်းလာပို့တဲ့ စစ်ကောင်စီရဟတ်ယာဉ် သုံးစီးထဲက တစ်စီးကို PDFပူးပေါင်းတပ်တွေပစ်ခတ်ဖျက်ဆီးခဲ့ဖူးပါတယ်။
လက်ရှိစစ်ရေးတင်းမာနေစဉ် ကသာ-ထီးချိုင့်လမ်းပိုင်းကို အသုံးမပြုဖို့ သတိပေးချက်ထုတ်ပြန်တာဟာ မိဘပြည်သူတွေ တစ်စုံတစ်ရာ ထိခိုက်နစ်နာမှု မရှိစေဖို့ဖြစ်ပြီး မလိုက်နာလို့ဖြစ်ပေါ်လာတဲ့အကျိုးဆက်ကို တာဝန်ယူဖြေရှင်းသွားမှာမဟုတ်ဘူးလို့ကသာခရိုင် အမှတ်( ၁ )တပ်ရင်းကအသိပေးထားပါတယ်။



















































