Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

အမေရိကန် ဘာလဲ

ဗီယက်နမ်စစ်ပွဲမှာ ဗီယက်ကောင်းတွေရဲ့ ထိုးစစ်ကို မခံနိုင်လို့ အမေရိကန်တပ်ဖွဲ့ဝင် ၆၀၀၀၀ နီးပါးလောက်အသက်ဆုံးရှုံးခဲ့ရလို့ ဖြစ်ပေမယ့် အခု အာဖဂန်ဖြစ်ရပ်ကတော့ တခြားစီပါပဲ။

— ချစ်ဝင်းမောင်

အခု နာရီပိုင်းလေးအတွင်း တက်လာတဲ့ သတင်းတွေအရ တာလီဘန်တွေဟာ မြို့တော်ကာဘူးလ် ကလွဲရင် အာဂဖန်တစ်နိုင်ငံလုံးနီးပါး သိမ်းပိုက်ထားလိုက်ပြီလို့ ဆိုပါတယ်။ ဒီပုံစံအတိုင်းဆိုရင် ရက်ပိုင်းအတွင်း အာဖဂန်နစ္စတန်ဟာ တာလီဘန်လက်အောက် ပြန်ရောက်သွားပါတော့မယ်။ ဒီဖြစ်ရပ်ဟာ မျက်မှောက်သမိုင်းမှာ ဖြစ်တောင့်ဖြစ်ခဲ ဖြစ်စဉ်တစ်ရပ်ဖြစ်သလို အဓိကမေးခွန်းကြီးတစ်ခုက ” အမေရိကန်ဘာလဲ” ဆိုတာပါ။

အခုလတ်တလော အာဖဂန်မှာ ဖြစ်နေတဲ့ အခြေအနေဟာ ၁၉၇၃ ခုနှစ်က တောင်ဗီယက်နမ်နိုင်ငံ ဆိုင်ဂုံမြို့ပေါ်မှာ ဖြစ်နေတဲ့ အခြေအနေမျိုးဆိုက်ရောက်နေပြီလို့ တချို့က ဆိုတယ်။ အာဖဂန်က အမေရိကန်တပ်တွေ စတင်ရုပ်သိမ်းပြီဆိုကတည်းက တာလီဘန်တွေဟာ တစ်မြို့ပြီးတစ်မြို့ အလျင်အမြန်သိမ်းပိုက်လာလိုက်ကြတာ ခုဆိုရင် မြိုတော် ကာဘူးလ်တစ်ခုပဲ ကျန်တော့တယ်။ အာဖဂန်ပြည်သူ စစ်ပြေးဒုက္ခသည်အလုံးအရင်းဟာလည်း မြိုတော်ကာဘူးလ်ကို ခိုလှုံဖို့ပြေးလာနေကြတာ မြင်မကောင်းဘူး။

ရက်ပိုင်းအတွင်း တာလီဘန်တွေလက်ထဲ ကျရောက်လာတော့မယ်မှန်း သဘောပေါက်နေတဲ့ အမေရိကန်တွေဟာ သူ့ရဲ့သံရုံးဝန်ထမ်းတွေအပါအဝင် နိုင်ငံသားတွေကို ကယ်ထုတ်နိုင်ဖို့ စစ်ကူအင်အား ၆၀၀ ထပ်ပြီးစေလွှတ်နေတယ်လို့ကြားရသလို အခြား ယူကေ အပါအဝင် ဥရောပနိုင်ငံများကလည်း သံရုံးပိတ်ပြီး ပြေးဖို့ အလုပ်ရှုပ်နေကြပါပြီ။ ဒီပုံအတိုင်း ကာဘူးလ်မြို့က အမေရိကန်တွေ ကသောကမျော ဆုတ်ခွါရမယ်ဆိုရင် ဒါဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ဝန်းကျင်က ဗီယက်နမ် စစ်ပွဲကို အရှုံးပေးလိုက်ရတဲ့ အမေရိကန်တွေရဲ့ နောက်ထပ်ပုံစံတူအဖြစ်အပျက်လို့ပဲ ဆိုရတော့မယ်။

ဗီယက်နမ်စစ်ပွဲမှာ ဗီယက်ကောင်းတွေရဲ့ ထိုးစစ်ကို မခံနိုင်လို့ အမေရိကန်တပ်ဖွဲ့ဝင် ၆၀၀၀၀ နီးပါးလောက်အသက်ဆုံးရှုံးခဲ့ရလို့ ဖြစ်ပေမယ့် အခု အာဖဂန်ဖြစ်ရပ်ကတော့ တခြားစီပါပဲ။

နှစ်ပေါင်း(၂၀) ကြာ အာဖဂန်ကို သိမ်းပိုက်ထားစဉ်အတွင် စစ်ပွဲမှာ သေဆုံးရတဲ့ အမေရိကန်အရေအတွက်က ထောင်ဂဏန်းမျှသာပဲ ရှိတယ်။ အာဖဂန်ပြည်သူတွေကတော့ သန်းနဲ့ချီ သေဆုံးရတာပေါ့။ အမေရိကန်တွေ အာဖဂန်ကို ကျောခိုင်းလိုက်တာဟာ ” အာဖဂန်စစ်ပွဲ ပြီးဆုံးပြီ” လို့ ခေါင်းစဉ်တပ်လိုက်ပေမယ့် အခုဖြစ်ပေါ်နေတဲ့ အခြေအနေတွေဟာ ” အမေရိကန်တွေ အာဖဂန်စစ်ပွဲမှာ အောင်မြင်မှု တကယ်ရခဲ့သလား” ဆိုတဲ့ မေးခွန်းတွေ ဖြစ်လာပါတယ်။

နှစ်ပေါင်း ၂၀။ စစ်အတွက် သုံးစွဲလိုက်ရတဲ့ ဒေါ်လာ ဘီလျံပေါင်းများစွာ။ ဘာအကျိုးရလဒ်တွေ ရခဲ့ပါသလဲ။ တာလီဘန်တွေရဲ့ လက်ချက်နဲ့ အသက်ဆုံးရှုံးခဲ့ရတဲ့ အမေရိကန်ဆားဗစ်မင်းတွေကို ဘယ်လို ပြောကြမလဲ။ အနောက်န်ုင်ငံတွေကို ဂျီဟတ်စစ်ပွဲဆင်နွှဲမယ်လို့ ခြိမ်းခြောက်ခဲ့တဲ့ အကြမ်းဖက်အုပ်စုတွေ အခု ပြန်လည်ခေါင်းထောင်လာတော့မယ့် အခြေအနေကို ဘယ်လိုရင်ဆိုင်မလဲ။ အကြမ်းဖက်အုပ်စုတွေကို အမြစ်ပြတ်နှိမ်နင်းမယ်ဆိုတဲ့ အမေရိကန်ရဲ့ ရည်မှန်းချက် အောင်မြင်ခဲ့သလား။

ဒီအဖြစ်ပျက်အားလုံးရဲ့ ရင်းမြစ်ဟာ ၉/၁၁ ပါ။ ၂၀၀၁ ခုနှစ် စက်တင်ဘာ(၁၁)ရက်၊ နယူးယော့ခ်မြို့က တွင်တာဝါ နှစ်ခုကို အယ်ကေဒါတွေက လေယာဉ်တွေနဲ့ ရုတ်တရက်တိုက်ခိုက်ခဲ့ကြလို့ အပြစ်မဲ့ အမေရိကန်ပြည်သူ နှစ်ထောင်ကျော် အသက်ဆုံးရှုံခဲ့ရာက စလို့ အမေရိကန်တွေဟာ သူတို့ နားရွက်တံတွေးဆွတ်ခံလိုက်ရပြီလို့ သတ်မှတ်ပြီး War on Terrorism အကြမ်းဖက်နှိမ်နင်းရေးစစ်ပွဲ ကို စတင်လိုက်တာဖြစ်တယ်။ ဒီအဖြစ်အပျက်ဟာ ဟာဝိုင်ယီမှာ တပ်စွဲထားတဲ့ အမေရိကန်ရေတပ်အုပ်စုကို ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်တွေ ရုတ်တရက်ဝင်တိုက်ခဲ့လို့ ဒုတိယကမ္ဘာစစ်ထဲ အမေရိကန်ဝင်ပါလာရပုံမျိုး နဲ့ ဆင်တူတယ်လို့ ဆိုကြတယ်။

အထူးသဖြင့်တော့ အကြမ်းဖက်နှိမ်နင်းရေးစစ်ပွဲ War on Terrorism ရဲ့ အဓိက ပစ်မှတ်ဟာ အယ်ကေဒါအကြမ်းဖက်အုပ်စုခေါင်းဆောင် အိုစမာဘင်လာဒင် ဖြစ်လာသလို အကြမ်းဖက်အုပ်စုတွေကို လေ့ကျင့်မွေးမြူနေတဲ့ တာလီဘန်တွေရဲ့ အာဖဂန်ဟာ အမေရိကန်ရဲ့ပစ်မှတ်ဖြစ်ခဲ့တယ်။ 2001 ခုနှစ်မှာပဲ အမေရိကန်နဲ့ နေတိုးအုပ်စုဟာ အာဖဂန်ကို လေကြောင်းကနေ အင်အားသုံးတိုက်ခိုက်လို့ တာလီဘန်အစိုးရကို ဖယ်ရှားပစ်နိုင်ခဲ့တယ်။ လစ်ဘရယ်ဒီမိုကရေစီ သွပ်သွင်းလို့ အရပ်ဖက်ဒီမိုကရေစီအုပ်ချုပ်ရေး၊ ပွင့်လင်းလွတ်လပ်တဲ့ လူ့အဖွဲ့အစည်းဖြစ်ပေါ်ရေးအပါအဝင် ရွေးကောက်ပွဲတွေ ကျင်းပပေးခဲ့လို့ အာဖဂန်မှာ အမေရိကန်ကျောထောက်နောက်ခံနဲ့ အရပ်သားအစိုးရ ဖြစ်တည်ခဲ့တယ်။

ပြန်စဉ်းစားကြည့်ရင် အမေရိကန်တပ်တွေ အာဖဂန်က အပြီးရုပ်သိမ်းဖို့ သတ်မှတ်ထားတဲ့ လာမယ့် စက်တင်ဘာ(၁၁) ရက်ဟာ နယူးယော့ခ် Twin Towers တိုက်ခိုက်ခံရမှု နှစ်(၂၀)ပြည့် ဖြစ်သလို အာဖဂန်ကို သိမ်ပိုက်ထားတဲ့ နှစ်(၂၀) ကာလလည်းဖြစ်တယ်။ ဒီလို အချိန်ကာလမျိုးမှာ ဘိုင်ဒင်ဟာ ” အာဖဂန် စစ်ပွဲ ပြီးဆုံးပြီ” ” အမေရိကန်ရဲ့ အရှည်ကြာဆုံး စစ်ပွဲပြီးဆုံးပြီ” လို့ အမေရိကန်ပြည်သူတွေကို အသိပေးလိုပုံ ရတယ်။

တကယ့်လက်တွေ့ မြေပြင်မှာ အမေရိကန်တွေ လိုချင်ခဲ့တဲ့ အဖြေ ရခဲ့သလား။ အကြမ်းဖက်အုပ်စုတွေ ရှင်းနိုင်ခဲ့ပြီလား။ တာလီဘန်တွေကို အမြစ်ပြတ်ချေမှုန်းနိုင်ခဲ့ပြီလား။ အရပ်ဖက်အုပ်ချုပ်ရေး ခိုင်မာအားကောင်းခဲ့ပြီလား။ ရွေးကောက်ပွဲတွေ ကျင်းပနိုင်အောင်လုပ်ပေးခဲ့တယ်။ အမြဲတမ်းတပ်မတော်တစ်ခု ဖြစ်လာအောင် ကူညီပေးခဲ့တယ်။ လက်တွေ့မှာ အမေရိကန်တပ်တွေရဲ့ ကျောထောက်နောက်ခံ ပျောက်ကွယ်သွားတာနဲ့ လက်ရှိအာဖဂန်အစိုးရတပ်တွေဟာ တာလီဘန်တွေကို တစ်မြို့ပြီးတစ်မြို့ လက်လွှတ်ပေးလိုက်ရတာပဲ။

ရှင်းရှင်းပြောရရင် အခု အမေရိကန်တွေလုပ်သွားပုံက အာဖဂန်ပြည်သူတွေကို ရန်သူ့လက်ထဲ ခွေးသေ ဝက်သေ သေရစ်ခဲ့ပေတော့ ဆိုတာမျိုး တာဝန်မဲ့ လျစ်လျူရှူ သွားခဲ့ပုံမျိုးပဲ။ နှစ်(၂၀) အုပ်ချုပ်ရေးအတွင်း လုပ်ပေးစရာရှိတာ လုပ်ပေးပြီး ထားသွားခဲ့တဲ့ အမေရိကန်ရဲ့ အာဖဂန်မစ်ရှင်ဟာ မအောင်မြင်ခဲ့ပါဘူး။

ခု မကြာခင် ကာဘူးလ်ဟာ တာလီဘန်လက်ထဲ ပြန်ရောက်ခဲ့ရင် အာဖဂန်ဟာ အကြမ်းဖက်အုပ်စုတွေကို လေ့ကျင့်ထောက်ပံ့ မွေးမြူရာ၊ အစွန်းရောက် အစ္စလာမ်မစ် နိုင်ငံတစ်ခုအဖြစ် ပြန်လည်ရောက်ရှိတော့မှာပါ။ဒါဆိုရင် အမေရိကန်တွေရဲ့ War on Terrorism ဟာ အောင်မြင်မှု မရခဲ့သလို လစ်ဘရယ်ဒီမိုကရေစီ တင်ပို့ရေးဟာလည်း အောင်မြင်မှု မရခဲ့ဘူးလို့ ဆိုရမယ်။

တကယ်တော့ ၂၀၁၆ ဒေါ်နယ့်ထရန့် အာဏာရရှိခဲ့ခြင်း အမေရိကန်ပြည်သူတွေရဲ့ ” အမေရိကန်သည်သာ ပထမ ” ဆိုတဲ့ အမျိုးသားရေးဝါဒ ပေါ်ပြူလာဖြစ်လာခြင်းက စ တယ်။ အီရတ် နဲ့ အာဖဂန်အတွက် အမေရိကန်တွေ စစ်ပန်းခဲ့တယ်။ စစ်အသုံးစရိတ်မတန်တဆ ကြီးလေးခဲ့တယ်။ အမေရိကန်တပ်သားတွေ သေကြေကြရတယ်။ ကမ္ဘာ့ပုလိပ်ကြီးအဖြစ်၊ ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိန်းသိမ်းသူအဖြစ် ကမ္ဘာကြီးရဲ့ လုံခြုံရေးကို တာဝန်ယူခဲ့တဲ့ အမေရိကန်ဟာ ဆယ်စုနှစ် နှစ်ခုကြာတဲ့အခါ ဒီတာဝန်ကို ထမ်းဆောင်ဖို့ စိတ်ပါလက်ပါ မရှိတော့ဘူး။ အမေရိကန်ဟာ ကမ္ဘာ့အရေးတွေကို ဦးဆောင်နေပေမယ့် စစ်ရေးအရ ကျွံသွားရင် နှုတ်မရတော့တဲ့ သင်္ခန်းစာတွေကို အီရတ် နဲ့ အာဖဂန်မှာ ရခဲ့တယ်။

ခု အမေရိကန်တပ်တွေ အာဖဂန်က ဆုတ်ခွါဖို့ အစီအစဉ်ဟာ ဒေါ်နယ်ထရန့်လက်ထက်မှာ သဘောတူခဲ့တာဖြစ်တယ်။ ထရန့်သာ အာဏာရခဲ့ရင် အာဖဂန်က ဒီ့ထက် စောစော ပိုပြီး ဆုတ်ခွါဖြစ်လိမ့်မယ်။ ဘိုင်ဒန်ကတော့ ထရန့်နဲ့သဘောတူထားတာကို ဆက်အကောင်အထည်ဖော်ရတာပါ။

ဒါပေမယ့် ခုလို အမေရိကန် တပ်ရုပ်ချိန် နဲ့ တာလီဘန်တွေ အာဖဂန်ကို အလျင်အမြန်ပြန်သိမ်းချိန်ဟာ တစ်ပြိုင်နက်တည်း ဖြစ်နေတာဟာ ဘိုင်ဒင်အတွက်တော့ အကြီးအမားဆုံး အမှားတစ်ခုလို့ ဝေဖန်ခံနေရတယ်။ ခြုံပြောရရင် အမေရိကန်ဟာ သူ့အကျိုးစီးပွားကို တိုက်ရိုက်ထိပါးမယ့် ကိစ္စမဟုတ်ရင် ကမ္ဘာ့အရေးအခင်းတွေမှာ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်ဖို့ စိတ်အားထက်သန်မှု ရှိမနေတော့ဘူး ဆိုတာပါ။

(ဆောင်းပါးရှင် ချစ်ဝင်းမောင်ရဲ့ သုံးသပ်ချက်အတွေးအမြင်ကို ပြန်လည်မျှဝေလိုက်ခြင်းဖြစ်ပါတယ်။)

ဓာတ်ပုံ – AFP, AP, Reuters, NYTimes

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

နိုင်ငံတကာ

လောလောဆယ် စွဲချက်တင်ခံထားရတဲ့ ဆရာဝန် လင်မယားရဲ့ ရှေ့နေကတော့ အမှုနဲ့ ပတ်သက်ပြီး မှတ်ချက် မပေးလိုကြောင်း ပြောပါတယ်။ ရုရှားဖက်ကလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး နှုတ်ဆိတ်နေပါတယ်။

ဗီဒီယို

အမေရိကန်နဲ့ တောင်ကိုရီးယားတို့ဟာ ဟားရစ်ရဲ့ ခရီးစဉ် မတိုင်ခင် အခုသီတင်းပတ် အစောပိုင်း ကတည်းက ပူးပေါင်း စစ်ရေး လေ့ကျင့်မှု တစ်ခုကို စတင်နေပြီး အဲဒီ အစီအစဉ်ကို အမေရိကန်ရဲ့ လေယာဉ်တင် သင်္ဘောကြီး USS Ronald Reaganက ဦးဆောင်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ဟာ မြောက်ကိုရီးယားအပေါ် ရန်လိုမှုတွေကို ပိုပြီး ထင်ထင်ပေါ်ပေါ် ပြသလေလေ၊ အခြေအနေတွေက ပိုပြီး အန္တရာယ် ကြီးလာလာလေလေ ဆိုတာကို အရှိအတိုင်း နားလည်သင့်ကြောင်း သံအမတ်ကြီး ကင်မ်က ပြောပါတယ်။

ဗီဒီယို

လောလောဆယ်မှာတော့ ကိုရီးယားကျွန်းဆွယ် ကမ်းလွန်ရေပြင်မှာ အမေရိကန်နဲ့ တောင်ကိုရီးယား ရေတပ်သင်္ဘော စုစုပေါင်း အစီး ၂၀ လောက် ဖြန့်ကျက်ပြီး စစ်ရေး လေ့ကျင့်မှုတွေ လုပ်ဆောင်နေပါတယ်။