“အဘကိုကာကွယ်မလား၊
ဘဝကိုကာကွယ်မလား”
အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီအောက်က စစ်သားတွေကို မေးတဲ့မေးခွန်းပါ။
“အာဏာရူးအဘတွေကို အသက်ပေးကာကွယ်ရင်း တစ်မိသားစုလုံးဖက်ထိပ်အခိုင်းခံနေရတဲ့ ဘဝကိုရွေးမလား။ အာဏာရူးအဘတွေကျူးလွန်နေတဲ့ ရက်စက်ကြမ်း ကြုတ်မှုတွေမှာ အမှုတွဲခံမလား။ပြည်သူ လူထုနဲ့ဓမ္မဘက်ကိုရဲရဲရပ်တဲ့ပြည်သူ့စစ်သားဘဝကိုရွေးမလား။စဥ်းစားဆုံးဖြတ်ဖို့ အချိန်သိပ်မကျန်တော့ပါဘူး” လို့ပြည်သူ့ရင်ခွင်ကို ခိုလှုံလာတဲ့ ပြည်သူ့တပ်မတော်သားတွေ စုဖွဲ့ထားတဲ့ “ပြည်သူ့ရင်ခွင် “အဖွဲ့က ဘဝတူစစ်သားတွေကို စဥ်းစားဆုံးဖြတ်ဖို့ ဆက်လက်တိုက်တွန်းထားပါတယ်။ ပြည်သူ့ရင်ခွင်အဖွဲ့က အကြမ်းဖက်စစ်ကောင်စီအောက်မှတာဝန်မထမ်းဆောင်လိုတော့ဘဲ ပြည်သူ့ရင်ခွင်ခိုလှုံလာတဲ့တပ်မတော်သားတွေကို ကူညီပေးနေတဲ့အဖွဲ့ဖြစ်ပါတယ်။
အမှားနဲ့အမှန် ၊ဓမ္မနဲ့ အဓမ္မကိုသိရင် အမှန်တရား၊ဓမ္မ ဘက်ကရပ်တည်ချင်တဲ့ စစ်သားတွေအနေနဲ့ ပြည်သူ့ရင်ခွင်ကို ခိုလှုံဖိုအကောင်ဆုံးအချိန်က ဒီအချိန်ပါပဲ ။ လက်ကျန်ဘဝအချိန်တွေမှာ နာမည်ကောင်းချန်ရစ်ခဲ့ဖို့အတွက်ဆိုရင် ၊မိသားစုဆွေစဥ်မျိုးစဥ်နာမည်ကောင်း ၊ပုံရိပ်ကောင်းချန်ခဲ့ချင်တယ်ဆိုရင် ပြည်သူတွေကိုသေနတ်နဲ့ ချိန်ထားတဲ့အခြေအနေကနေ ပြည်သူရင်ခွင်ခိုလှုံတာက အကောင်းဆုံးဖြစ်ပါတယ်။ ပြည်သူ့ရင်ခွင်ခိုလှုံဖို့ဒီထက်ကောင်းတဲ့အချိန်မရှိတော့ပါဘူး။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က သြဂုတ် ၂၃ ရက်မှာ ယာယီသမ္မတဒူဝါလရှီးလ လက်မှတ်ထိုးပြီးအလွန်ထူးခြားတဲ့ကြေညာချက်တစ်စောင်ကိုထုတ်ပြန်ခဲ့ပါတယ်။ အကြမ်းဖက်စစ်ကောင်စီရဲ့လက်ကိုင်တုတ်အနေနဲ့မရပ်တည်တော့ဘဲ ပြည်သူတွေဘက်ရပ်တည်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံလာမယ်ဆိုရင် “ပြည်သူ့သားကောင်းများ”အဖြစ်အသိအမှတ်ပြုမယ့်အပြင် ၊ အဲဒီတပ်မတော်သား၊ ပြည်သူ့ရဲတွေရဲ့ အသက်လုံခြုံရေး ၊လုပ်သက်၊ပင်စင်၊ရာထူးတွေကို NUG ကတာဝန်ယူမှာဖြစ်ပါတယ် ။ မိသားစုတွေရဲ့ ဘဝလုံခြုံမှု ၊ရပ်တည်ရေး တို့ကိုလည်းကူညီမယ်လို့ဆိုပါတယ်။ ဒါအပြင်ပြည်သူရင်ခွင် ခုံလှုံလာတဲ့ တပ်မတော်သားနဲ့ ရဲတွေအနေနဲ့ အနာဂါတ်မှာ တည်ထောင်မယ့် ဖက်ဒရယ်တပ်မတော်နဲ့ ရဲတပ်ဖွဲ့မှာတာဝန်ထမ်းဆောင်ချင်တယ်ဆိုရင်လည်း ပါဝင်နိုင်အောင်ဆောင်ရွက်ပေးမယ်လို့ ကတိပြုထားပါတယ်။
နောက် ၅ ရက်ကြာတဲ့အခါ( သြဂုတ် ၂၈ရက်နေ့)မှာ လည်းပြည်သူ့ရင်ခွင်ခိုလုံမယ့် တပ်မတော်သားနဲ့ ရဲတွေဟာ ပြည်သူတွေကို သတ်ဖြတ် ၊ဖမ်းဆီးနှိပ်စက်တာ၊ပြည်သူ့လူထုပိုင်ပစ္စည်းတွေကို လုယက်ဖျက်ဆီးတာတွေမလုပ်ဖို့ ၊ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)နဲ့မဟာမိတ်တွေကို တိုက်ခိုက်၊နှောက်ယှက်တာတွေမလုပ်ဖို့ ထပ်မံသတိပေးထားပါသေးတယ်။ ပြည်သူ့ရင်ခွင်ခိုလှုံမယ့်သူတွေကို NUG ကကြိုဆိုပြီး စောင့်ရှောက်ပေးသွားမှာဖြစ်လို့ အမြန်စာရင်းပေးကြဖို့လည်း ထပ်မံတိုက်တွန်းထားပါတယ်။ ဒါပေမယ့် ပြည်သူ့ရင်ခွင်မခိုလှုံဘဲ ကိုယ် ကျိုးစီးပွားအတွက် တိုင်းပြည်အာဏာလုယူပြီး ၊တပ်မတော်ကိုသာမကနိုင်ငံကိုပါအလုံးစုံပျက်စီးအောင်လုပ်နေတဲ့အာဏာသိမ်းစစ်ခေါင်းဆောင်တွေရဲ့အမိန့်တွေကို ဆက်နာခံနေရင် ၊အကြမ်း ဖက်စစ်တပ်ရဲ့ လက်ကိုင်တုတ် အနေနဲ့ပါဝင်နေရင်တော့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နဲ့ မဟာမိတ်တပ်ဖွဲ့တွေက ပြင်းပြင်းထန်းထန်အရေးယူ သွားမယ်လို့လည်းသတိပေးထားပါတယ်။

Public Service Announcement
NUG မတိုင်ခင် ချင်းဒေသကာကွယ်ရေးအဖွဲ့ (CDF)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) တို့ကလည်း အကြမ်းဖက်စစ်တပ်ကို စွန့်ခွာပြီး ပြည်သူနဲ့ပူးပေါင်လာရင် ၊လက်နက်ခဲယမ်းတွေပါယူလာရင် လုံခြုံရေးကိုတာဝန်ယူတဲ့အပြင် ဂုဏ်ပြုငွေ ကျပ်သိန်း ၅၀ပါ ချီးမြှင့်မယ်လို့လည်း ကမ်းလှမ်းထားပါတယ်။
အခုဆိုရင် အာဏာသိမ်းအကြမ်းဖက်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့အပေါင်းအပါတွေရဲ့ အကျိုးစီးပွားတစ်ခုတည်းအတွက် ပြည်သူကို သေဖြတ် ၊ဖမ်းဆီး
ညှင်းပန်းနှိပ်စက်ရတဲ့အလုပ်တွေကို စက်ဆုတ်လို့ အမိန့်မနာခံတော့ဘဲ ဓမ္မဘက်ကရပ်တည်ပြီး ပြည်သူရင်ခွင် ခိုလှုံလာတဲ့ ပြည်သူ့တပ်မတော်သား ၁,၅၀၀ကျော်နဲ့ ၂,၀၀၀ အတွင်း ရှိနေပြီလို့ ပြည်သူ့ရင်ခွင်အဖွဲ့ က ထုတ်ပြန်ထားပါတယ်။ အလာတူးပြည်သူရင်ခွင်ခိုလှုံလာတဲ့ ရဲတပ်ဖွဲ့ဝင်တွေကလည်း ၁,၀၀၀ ကျော်ရှိနေပြီလို့ CDM Myanmar Police Channel ကပြုစုထားတဲ့စာရင်းတွေအရသိရပါတယ်။ ဒါကြောင့် ပြည်သူ့ဘက်တော်သားတပ်မတော်သားနဲ့ ရဲတပ်ဖွဲ့ဝင် ၂,၅၀၀ ကျော်နေပြီဖြစ်ပါတယ်။ ဒါ့အပြင် ဒီတစ်ပါတ်ထဲမှာပဲ ပြည်သူ့ရင်ခွင်ခိုလှုံလာတဲ့ တပ်မတော်သားတွေအလွန်များနေတဲ့အတွက် သူတို့အတွက် အဆင်ပြေအောင်စီစဥ်ပေးနေရတာကြောင့် အလွန်အလုပ်များနေတယ်လို့ ပြည်သူ့ရင်ခွင်အဖွဲ့က ဗိုလ်ကြီးလင်းထက်အောင်က ပြောပါတယ်။
အခုနေမှာ တပ်ထဲကထွက်လာဖို့ မိသားစုလုံခြုံရေးအတွက်အဆင်မပြေသေးလို့ အတွင်းကနေပဲ တော်လှန်ရေးအတွက် အရေးကြီးတဲ့သတင်းတွေပေးပြီး တက်နိုင်တဲ့ဘက်ကကူညီနေတဲ့ ပြည်သူ့တပ်မတော်သားတွေလည်းရှိနေပါသေးတယ်။
အကြမ်းဖက်စစ်ခေါင်းဆောင်တွေက အရာအားလုံးကိုဖျက်ဆီးသလို ၊အာဏာရဖို့အတွက်ဘာမဆိုလုပ်ခဲ့ကြတယ်။စိတ်မကျန်းမာတဲ့ စစ်ခေါင်းဆောင်တွေက ပြည်သူတွေရဲ့ဘဝ ၊တိုင်းပြည်ရဲ့အနာဂတ်ကိုသာဖျက်ဆီးတာမဟုတ်ပါဘူး။ပထမဆုံးဖျက်ဆီးခံရတာ တပ်မတော်ပါ။ပြည်သူကိုကာကွယ်ရမယ့် တပ်မတော်က ပြည်သူကိုအညှာအတာကင်းကင်းသတ်ဖြတ် ၊လုယက်၊ ဓါးပြတိုက် ၊နှိပ်စက်ညှင်းပန်းမှုတွေလုပ်ခဲ့တာကြောင့် စစ်တပ်ကိုပြည်သူတွေက ခါးခါးသီးသီးမုန်းတီး၊စက်ဆုတ်သွားပါပြီ။
အကြမ်းဖက်စစ်တပ်ရဲ့ ပင်ကိုယ်ရုပ်လုံးလုံးပေါ်လာတာလည်းဖြစ်ပါတယ်။ဒီစစ်အာဏာရှင်လက်အောက်မှာဆိုရင် စစ်တပ်ဟာဘယ်လိုမှကောင်းလာစရာလည်းမရှိတော့ပါဘူး။ တစစ်တပ်ကို အလုံးစုံပျက်စီးစေတာက အာဏာရူးစစ်ခေါင်းဆောင်တွေဖြစ်ပါတယ်။ ဒါ့ကြောင့် တပ်မတော်ကို ချစ်တဲ့ စစ်သားတွေအနေနဲ့ပြည်သူ့ရင်ခွင်ခိုလှုံလာပြီး ဖက်ဒရယ်တပ်မတော်မှာ တာဝန်ထမ်းဖို့အခွင့်အရေးလက်မလွှတ်သင့်ပါဘူး။
အာဏာသိမ်းချင်တဲ့အတွက်ရွေးကောက်ပွဲကိုရမယ်ရှာပြီး အာဏာလုခဲ့တဲ့ ဒေါ်လာဘီလီယံချီသူဌေးဗိုလ်ချုပ်တွေရဲ့လုပ်ရပ်ကို မကြိုက်တဲ့စစ်သားတွေ ၊ဘယ်ဘက်က သာမလဲစောင့်ကြည့်နေတဲ့ စစ်သားတွေအနေနဲ့ ဥာဏ်ပညာရှိရှိနဲ့ဆုံးဖြတ်ပြီး ပြည်သူနဲ့အမြန် ပူးပေါင်းကြဖို့လိုပါတယ်။ အာဏာရူးအဘတွေရဲ့ ဝါဒမှိုင်းတိုက်မှုအောက်မှာ ပျော်မွှေနေတဲ့ အကြမ်းဖက်အဖွဲ့ဝင်တွေအနေနဲ့ကတော့ မကြာခင်မှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူတွေရဲ့ ချေမှုန်း၊ဒဏ်ခပ်မှုကိုခံရတော့မှာဖြစ်ပါတယ်။ ဆွေစဥ်မျိုးဆက်လည်းအကြမ်းဖက်သမားတွေရဲ့ အနွယ်တွေအဖြစ် လူတောမတိုးတောပဲ လူညွှန့်တုံးကြတော့မှာဖြစ်ပါတယ်။
ခေတ်အဆက်ဆက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့ချင်းကိုသာသွေးခွဲတိုက်တက်တဲ့ အကြမ်းဖက်စစ်တပ်ဟာ အခုဆိုရင်ဘယ်တုန်းကမှမကြုံဘူးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ပေါင်းစုံ ၊နိုင်ငံတစ်ဝန်းက PDF တွေရယ်၊ဒေသခံကာကွယ်ရေးတပ်တွေရယ် ၊ဘယ်လိုစွန့်လွတ်မှုမျိုးကိုမဆိုးပေးဆပ်ဖို့၊ တိုက်ပွဲဝင်ဖို့ အသင့်ဖြစ်နေတဲ့ပြည်သူတွေရဲ့ ခုခံကာကွယ် ၊တော်လှန်တဲ့စစ်ပွဲကြီးတွေကို မကြာခင်ကြုံလာတော့မှာဖြစ်ပါတယ်။ဓမ္မနဲ့ အဓမ္မ ၊ အာဏာရူးနဲ့ ပြည်သူ ဘယ်ဘက်ရပ်မလဲ ဆိုတာတော့ သင်တို့ကိုယ်တိုင်ရွေးချယ်ရမယ့် ၊သင့်တို့သမိုင်းကို ဆုံးဖြတ်မယ့် လုပ်ရပ်ဖြစ်လာပါလိမ့်မယ်။ ။
(ချင်းပြည်နယ် မင်းတပ်မြို့နယ်ရှိ စစ်သားနဲ့ရဲတပ်ဖွဲ့ဝင်များစုပေါင်းတပ်ထိုင်သော မကွီအိမ်နူးစခန်းမှ တပ်ဖွဲ့ဝင်များက ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (CDF)သို့ လက်နက်များအပ်နှံ၍ ပြည်သူနှင့်ပူးပေါင်းခဲ့ကြသည်၊ဓါတ်ပုံ – CDF)
