— ဒေါက်တာ တေဇာဆန်း
ကျနော်တို့ အားကိုးယုံကြည်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ယနေ့ (၇ စက်တင်ဘာ ၂၀၂၁) က စတင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ပြည်သူတို့ရဲ့ တရားမျှတတဲ့ ခုခံတွန်းလှန်စစ် (Just and Defensive War) ကို စတင်နေပြီလို့ တရားဝင် ထုတ်ပြန်ကြေညာလိုက်ပါပြီ။
ဒီလောက် ပြည်သူ့အပေါ် ရက်စက်ယုတ်မာလှတဲ့ အကြမ်းဖက်စစ်ကောင်စီကို ကျနော်တို့အနေနဲ့ တွန်းလှန်ရေးမှာ လက်နက်ကိုင်တော်လှန်ရေးက မဖြစ်မနေ ရွေးချယ်လာရတဲ့ ပဓာနလမ်းစဉ် ဖြစ်လာတာကိုအားလုံး သဘောပေါက် လက်ခံကြပြီး ဖြစ်ပါလိမ့်မယ်။
ဒီကြီးမြတ်တဲ့ ပြည်သူ့တော်လှန်ရေးကြီးမှာ ကျနော်တို့ ဘာလုပ်သင့်သလဲ၊ ဘာလုပ်နိုင်ကြမလဲ။
အသက်အရွယ်နဲ့ ကျန်းမာရေးအရ သင့်လျော်ပြီး မိမိတို့စိတ်ဆန္ဒရှိသူအားလုံး PDF၊ ပကဖ၊ EAOs တို့မှာ ပါဝင်ပြီး လက်နက်ကိုင် တော်လှန်ရေးတိုက်ပွဲမှာ မဖြစ်မနေ ပါဝင်ပေးကြပါ။ ရရာလက်နက် ဆွဲကိုင်ပြီး တရားမျှတတဲ့ ခုခံစစ်မှာ ပါဝင်ပေးကြပါ။
ဟုတ်ပြီ၊ ဒီနေရာမှာ လက်နက်ကိုင် တော်လှန်ရေးထဲကို အကြောင်းကြောင်းကြောင့် မပါဝင်နိုင်တဲ့ ပြည်သူတွေက စစ်အာဏာရှင် တော်လှန်ရေးမှာ လုပ်စရာ အလုပ်မရှိတော့ဘူးလား၊ အိမ်တွင်းအောင်းနေကြရုံပဲလားလို့ မေးစရာ ရှိတယ်။ အဲ့ဒီလို လုံးဝ မဟုတ်ပါဘူး။
ကျန် ပြည်သူတစ်ရပ်လုံးက လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲနေတဲ့ PDF၊ ပကဖ၊ EAOs များကို အဖက်ဖက်က အစွမ်းကုန် ကူညီဝန်းရံပေးပါ။
အကြောင်းကြောင်းကြောင့် လက်နက်ကိုင်တော်လှန်ရေးတိုက်ပွဲမှာ ကိုယ်တိုင် မပါဝင်နိုင်တဲ့ ပြည်သူများက ကျန်တော်လှန်ရေးတိုက်ပွဲနည်းနာများမှာ အစွမ်းကုန် အရှိန်မြှင့် ပါဝင်ပေးပါ။
အခု NUG က ချမှတ်ဆင်နွှဲနေတာက ပြည်သူ့စစ်မဟာဗျူဟာ ဖြစ်ပါတယ်။ ဒီမဟာဗျူဟာရဲ့ သဘောတရားကိုက လက်နက်ကိုင်တော်လှန်ရေးတိုက်ပွဲကို ကျန်တိုက်ပွဲနည်းနာများနဲ့ ဟန်ချက်ညီညီ၊ ချိန်သားကိုက်၊ စနစ်တကျ ချိတ်ဆက်ပူးပေါင်း ဖော်ဆောင်ခြင်း ဖြစ်ပါတယ်။ လက်နက်ကိုင်တိုက်ပွဲအပြင် နိုင်ငံရေးတိုက်ပွဲ၊ တရားဝင်မှု နိုင်ငံတကာ သံခင်းတမန်ခင်းတိုက်ပွဲ၊ သပိတ်တိုက်ပွဲ၊ ဘူးသပိတ်တိုက်ပွဲ၊ CDM တိုက်ပွဲစတာတွေကိုလည်း ဆက်လက်ပြီး အရှိန်အဟုန်မြှင့် ဆောင်ရွက်ကြဖို့ အရေးကြီးပါတယ်။ အာဏာရှင်ဆန့်ကျင်ရေး အထွေထွေလူထု အုံကြွမှုကြီးနဲ့အတူ ပြည်သူအာဏာ ပြည်သူ့လက်ဝယ် ရရှိရေး ဖြစ်ပါတယ်။ ဒါ့ကြောင့် လက်နက်ကိုင်တိုက်ပွဲမှာ ကာယကံမြောက် မပါဝင်နိုင်တဲ့ ပြည်သူများကလည်း ကျန်တိုက်ပွဲနည်းနာများမှာ အစွမ်းကုန် ပါဝင်ပေးကြဖို့ပဲ ဖြစ်ပါတယ်။
ပြိုင်တူတွန်းရင် မြန်မြန်ရွေ့တာပေါ့ဗျာ။
ပြည်သူ့တော်လှန်ရေးအတွက် ကျနော်တို့ မုန်တိုင်းကို ဖြတ်သန်းကြမယ်။
လိုအပ်တာထက်ပိုပြီး ဂဏာမငြိမ်၊ အလှုပ်အယမ်း မဖြစ်ပါနှင့်။ ခေါင်းအေးအေးထား၊ တည်တည်ငြိမ်ငြိမ်နဲ့ ဖြတ်သန်းကြမယ်ဗျာ။ ရေရှည်ခရီးပါ။ သက်လုံနဲ့ ခံနိုင်ရည် ကောင်းပါစေ။ အသိ၊ သတိ၊ ဉာဏ်ပညာနဲ့ ဆင်ခြင်တုံတရား အားကောင်းပါစေ။
ပြည်သူ့စစ်မဟာဗျူဟာ၊ ပြည်သူပါဝင်မှု အဓိက။ လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် တစ်နိုင်ငံလုံး ပြည်သူလူထုတစ်ရပ်လုံး အစွမ်းကုန် ပါဝင်ပေးကြပါ။
တတ်နိုင်သမျှ ကိုယ့်ရွာ ကိုယ့်ရပ်ကွက်ကို ကိုယ်ထိန်းပါ၊ ကိုယ်သိမ်းပါ။ ပြည်သူ့အုပ်ချုပ်ရေး ထူထောင်ပါ။
မိမိတို့ တော်လှန်ရေးတိုက်ပွဲနဲ့ တော်လှန်ရေးနည်းနာများကို အစွမ်းကုန် အရှိန်အဟုန်မြှင့် ဆောင်ရွက်ကြပါစို့။
၇ စက်တင်ဘာ ၂၀၂၁၊ ပြည်သူ့တော်လှန်ရေးနေ့
(ဒေါက်တာတေဇာဆန်းသည် စစ်အာဏာသိမ်းမှု ကြုံပြီးနောက် မြန်မာနိုင်ငံတွင် ပထမဆုံး လမ်းပေါ်ထွက်ဆန္ဒပြပွဲဖြစ်သော မန္တလေးမြို့ မှ ဖေဖော်ဝါရီ ၄ ရက် ဆန္ဒပြပွဲ ကို ဦးဆောင်ခဲ့ပြီး ၊စစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒပြပွဲများကို တက်ကြွစွာဦးဆောင်ခဲ့သော ထင်ရှားသည့် ဆန္ဒပြခေါင်းဆောင်တစ်ဦးဖြစ်သည်။ စစ်အာဏာသိမ်းမှု မတိုင်ခင်က ယုံကြည်ရာ အသိပညာပြန့်ပွားရေးအသင်းနှင့် စာကြည်တိုက် ထူထောင်ထားသူလည်းဖြစ်သည်။)
