ဒေါက်တာစိုးသူရဇော် ရေးသားသည်
ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ ရန်သူ အကြမ်းဖက်စစ်တပ်ဟာ တော်လှန်ရေးကနေ မွေးထုတ်ပေးခဲ့တဲ့ စစ်တပ်တခုဖြစ်ပါတယ်။
လွတ်လပ်ရေးရပြီးခါစ မြန်မာနိုင်ငံရဲ့နိုင်ငံရေးအားပြိုင်မှုတွေဟာ ပြည်တွင်းစစ်ကို ဦးတည်ဖြစ်ပွါးလာစေတဲ့အခါမှာ စစ်တပ်ရဲ့ အခန်းကဏ္ဍက တဖြည်းဖြည်းနဲ့ အရေးပါလာခဲ့တယ်။
အရေးပါလာတဲ့ စစ်တပ်ကို ကိုယ့်ရဲ့ ခါးပိုက်ဆောင်တပ်အသွင် စည်းရုံးသိမ်းသွင်းဖို့ အပြိုင်အဆိုင် ချော့မြူကြတဲ့ နိုင်ငံရေးသမားတွေရဲ့ ကြားမှာ စစ်တပ်ဟာ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ဖြစ်မှန်းမသိဖြစ်လာခဲ့တယ်။

Public Service Announcement
လွတ်လပ်ရေးတိုက်ပွဲမှာ `ငါတို့က အသက်စွန့်ပြီး ပေးဆပ်ရတယ် ‘ ဆိုတဲ့ Doctrine နဲ့ နဂိုကတည်းက Brainwash လုပ်ခံထားရတဲ့ စစ်တပ်ဟာ နိုင်ငံရေးသမားတွေရဲ့ ချော့မြူ ပလူးပလဲ လုပ်မှုအောက်မှာ
` ငါတို့စစ်တပ်ဟာ မြန်မာ့နိုင်ငံရေးမှာ အရေးကြီးတယ် ၊ မတည်မငြိမ်ဖြစ်နေတဲ့ မြန်မာ့နိုင်ငံရေးကို ငါတို့ တပ်မတော်က ထိန်းသိမ်းစောင့်ရှောက်ရမယ် ‘ ဆိုတဲ့ ကယ်တင်ရှင် ဝါဒဟာ စစ်တပ်အတွင်းက အရာရှိ ၊ အရာခံက စလို့ အကြပ် တပ်သား အဆုံး တဖြည်းဖြည်းနဲ့ စိမ့်ဝင်ပျံ့နှံ့လာခဲ့တယ် ။
တကယ့်တကယ်တမ်းတော့ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးတိုက်ပွဲဟာ လက်ရှိ ကျွန်တော်တို့ ဆင်နွှဲနေတဲ့ နွေဦးတော်လှန်ရေးလိုဘဲ ခရီးရှည်ကြီးကို ဖြတ်သန်းခဲ့ရတာပါ။
ခေတ်အဆက်ဆက် လူထုလှုပ်ရှားမှုတွေကို ဖြတ်သန်းကျော်ဖြတ်ပြီးခါမှ လက်နက်ကိုင်တော်လှန်ရေးဆိုတဲ့ အဆင့်ကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။
လက်နက်ကိုင်တော်လှန်ရေးဆိုတာလည်း လက်နက်ကိုင်ကြတဲ့လူတွေချည်း လုပ်လို့ရတာမဟုတ်ဘဲ ပြည်သူရဲ့ ပါဝင်မှု ထည့်ဝင်မှုက အဓိကပါ ။
ပြည်သူဟာ ရေ ဖြစ်ပြီး လက်နက်ကိုင်တော်လှန်ရေးသမားတွေဟာ ငါး ဖြစ်ပါတယ်။
ရေမရှိဘဲ ငါးတွေ အသက်မရှင်နိုင်သလို ပြည်သူ မရှိဘဲ လက်နက်ကိုင်တော်လှန်ရေးသမားတွေလည်း ရပ်တည်လို့ မရပါဘူး။
ဒါပေမယ့် ကိုယ့်ကိုယ်ကို သွေးနားထင်ရောက်ခဲ့တဲ့ အကြမ်းဖက်စစ်တပ်ကတော့ သူတို့ကို သူတို့မြန်မာနိုင်ငံကြီးကို လွတ်မြောက်စေခဲ့တဲ့ `ကျေးဇူးရှင်’ တွေအဖြစ် ရှုမြင်သုံးသပ်လာတဲ့ အခါမှာ ပြည်သူလူထုက `ကျေးဇူးခံ ‘ ဆိုတဲ့ အဆင့်ကို နှိမ့်ချပြီး ရှုမြင်လာခဲ့တယ်။
`ပြည်သူရဲ့ အစေခံအဖြစ်ကနေ ပြည်သူရဲ့ ကယ်တင်ရှင်အဖြစ် ‘ အယူဝါဒပိုင်းဆိုင်ရာမှာ တဖြည်းဖြည်း ပြောင်းလဲလာခဲ့တဲ့ စစ်တပ်ဟာ ရုပ်ပိုင်းဆိုင်ရာမှာလည်း ပြည်တွင်းစစ်ကို အကြောင်းပြပြီး အင်အား ကြီးသထက် ကြီးလာခဲ့တယ် ။
နောက်ပိုင်းမှာ မြန်မာ့စီးပွါးရေးဦးပိုင်လိမိတက်ကို တည်ထောင်ပြီး ကိုယ့်စီးပွါး ကိုယ်ရှာစားလာတဲ့ လက်နက်ကိုင် စစ်တပ်အဖို့ ကျားကို အတောင်ပံတပ်ပေးလိုက်သလိုဖြစ်ပြီး တတိုင်းပြည်လုံး ငါးပါးမှောက်ခဲ့တာ ယနေ့ မျက်မှောက်ထိပါ။
သမိုင်းဖြစ်ရပ်များဟာ တပတ်လည်တတ်ပါတယ်။
လွတ်မြောက်နယ်မြေ ၊ ထိန်းချုပ်နယ်မြေ တွေ ကျယ်ပြန့် များပြားလာတာနဲ့ အမျှ ကိုယ့်တပ်ဖွဲ့အခြေစိုက်ရာ နယ်မြေအတွင်းမှာ နယ်စား ပယ်စားကဲ့သို့ ၊ စစ်ဘုရင်တပါးကဲ့သို့ ပြုမူ နေထိုင် သွားလာ စားသောက်နေကြတာတွေ များသထက် များလာကြတာလည်း အားလုံး မျက်မြင်ဖြစ်ခဲ့ပြီ။
အခြေအနေအရ NUG အစိုးရက အလုံးစုံ မထောက်ပံ့နိုင်တဲ့အခါမှာ ကိုယ့်တပ်အတွက် ကိုယ့်စီးပွါး ကိုယ့်ဘာသာ ရှာစားရတဲ့ အခြေအနေဟာလည်း PDF လောကမှာ ဆန်းကြယ်တဲ့ ကိစ္စတော့လည်း မဟုတ်ပြန်သလိုလို။
အခုလို ရုပ်ပိုင်းဆိုင်ရာအရ ပြောင်းလဲမှုတွေ ဖြစ်လာတာနဲ့အမျှ `ငါတို့ရဲဘော်တွေ အသက်ပေးထားရတယ်ဆိုတဲ့ စကားကို နင်းလို့ ကိုယ့်ကိုကိုယ် ကယ်တင်ရှင်ကြီးများအဖြစ် မြင်နေပြီလား ‘ ဆိုတဲ့ အယူဝါဒပိုင်းဆိုင်ရာ အခြေခံ မေးခွန်းကိုလည်း ကိုယ့်ကိုကိုယ် ဖြေကြည့်ကြဖို့လိုပါတယ်။
လူဆိုတာ ဒုက္ခကို အံကြိတ်ပြီး ခံနိုင်ပေမယ့် သုခကိုတော့ ခံနိုင်စွမ်း မရှိကြပါ။
လူဆိုတာ အခါးဒဏ်ကို ခံနိုင်ပေမယ့် အချိုဆိုရင်တော့ ထန်းလျက်ခဲတခဲရဲ့ အရသာကိုတောင် ခံနိုင်ရည် မရှိကြဘူး။
တော်လှန်ရေးစစ်သည်တဦး မှန်ပါက မဖြစ်မနေ စောင့်ထိန်းရမယ့် ကျင့်ဝတ်နဲ့ စည်းကမ်းတွေ ရှိပါတယ်။
စောင့်ထိန်းရမယ့် ကျင့်ဝတ်တွေကို မျက်ကွယ်ပြုပြီး ငွေကြေး၊ အာဏာ ၊ လုပ်ပိုင်ခွင့်စတာတွေကို ဦးစားပေးလွန်းလာပြီဆိုရင်တော့ ရဲဘော်သုံးကျိပ်က အစပြုခဲ့တဲ့ တပ်မတော်ကြီးလိုဘဲ သမိုင်းတပတ်လည်ကာ ပြည်သူက ပြန်လည် တော်လှန်ခြင်းခံရပါလိမ့်မယ်။
ရဟန်းတပါး မကျူးလွန်သင့် မကျူးလွန်အပ်တာကို ကျူးလွန်မိရင် ရဟန်းအသွင်ဘယ်လောက်ဘဲ ယူထား ယူထား ရဟန်းမဖြစ်တော့သလိုဘဲ ပြည်သူကို အခြေမပြုတော့ဘဲ မကျူးလွန်သင့် မကျူးလွန်အပ်တာကို ကျူးလွန်မိတဲ့ PDF များဟာလည်း တော်လှန်ရေးသမားလို့ ကိုယ့်ကိုကိုယ် ဘယ်လောက်ပဲ ကင်ပွန်းတပ်တပ်တော်လှန်ရေးသမားများအဖြစ် မဖြစ်တည်နိုင်တော့ပေ။ ။
(ဒေါက်တာ စိုးသူရဇော်သည် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) မှ စစ်ဦးစီးအဖွဲ့ဝင်တစ်ဦးဖြစ်ပါသည်။ယခုဆောင်းပါးကို ဒေါက်တာစိုးသူရဇော်၏ ခွင့်ပြုချက်ဖြင့် လူထုနွေဦးက ဖော်ပြခြင်းဖြစ်ပါသည်။)
