-ခါကာဘို ရေးသားသည်။
ကမ္ဘာကြီး ပူလာနေတယ်ဆိုတဲ့စကားကို နှစ်ပေါင်းများစွာ ကြားခဲ့ကြပေမယ့်၊ အခုတော့ အဲဒီစကားဟာ သီအိုရီတစ်ခုသာ မဟုတ်တော့ပါဘူး။ လက်ရှိ ထိုင်းနိုင်ငံမှာ Heat Index ၅၂ ဒီဂရီစင်တီဂရိတ်အထိ သတိပေးချက် ထုတ်ပြန်နေရပြီး၊ ဥရောပ တစ်ဝန်းမှာလည်း အပူချိန်စံချိန်သစ်တွေ ဆက်တိုက် တင်နေပါတယ်။ ဒီအပြောင်းအလဲတွေက မြန်မာနိုင်ငံရဲ့ တံခါးဝကိုလည်း ရောက်နေပါပြီ။
အိမ်နီးချင်း ထိုင်းနိုင်ငံက Heat Index ဟာ ၅၂ ဒီဂရီစင်တီဂရိတ်အထိ ရောက်ရှိနိုင်တယ်လို့ အာဏာပိုင်တွေက သတိပေးထားတာဟာ သာမန် အပူချိန် ၅၂ ဒီဂရီရှိတယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ Heat Index ဆိုတာ လေထုအပူချိန်နဲ့ စိုထိုင်းဆ ပေါင်းစပ်လိုက်တဲ့အခါ လူ့ခန္ဓာကိုယ်က အမှန်တကယ် ခံစားရတဲ့ အပူချိန်ဟာ ၅၂ ဒီဂရီအထိ ရောက်သွားတာမျိုး ဖြစ်ပါတယ်။
ဥပမာအားဖြင့် အပြင်အပူချိန်က ၃၆ ဒီဂရီစင်တီဂရိတ်ပဲ ရှိနေပေမယ့် စိုထိုင်းဆ ၇၀ ရာခိုင်နှုန်း လောက်ရှိနေတဲ့နေ့မှာလူတစ်ယောက် ခံစားရတဲ့အပူက၅၀ ဒီဂရီကျော်အထိ ရောက်သွားနိုင်ပါတယ်။ အဲဒီလိုအချိန်မှာ ခန္ဓာကိုယ်ရဲ့ သဘာဝအအေးခံစနစ် ပျက်ကွက်လာပါတယ်။ ဒါကြောင့် Heat Stroke လို့ခေါ်တဲ့ အသက်အန္တရာယ်ရှိတဲ့ အပူလျှပ်ခြင်းအထိ ဖြစ်လာနိုင်ပါတယ်။

Public Service Announcement
ထိုင်းကျန်းမာရေးဌာနကတော့ Heat Index ၅၂ ဒီဂရီစင်တီဂရိတ်နဲ့ အထက်ကို “အလွန် အန္တရာယ်ရှိသော အဆင့်” အဖြစ် သတ်မှတ်ထားပြီး၊ ပြင်းထန်တဲ့ ကိုယ်လက် လှုပ်ရှားမှုမရှိရင်တောင် အသက်အန္တရာယ် ဖြစ်နိုင်တယ်လို့ သတိပေး ထားပါတယ်။
ပြီးခဲ့တဲ့နှစ်တွေမှာလည်း အပူဒဏ်ကြောင့် သေဆုံးသူ အရေအတွက်ဟာ သိသိသာသာ မြင့်တက် လာနေပြီး ၂၀၂၄ ခုနှစ် နွေရာသီအစပိုင်း နှစ်လအတွင်းမှာတင် သေဆုံးသူအရေအတွက်ဟာ ၂၀၂၃ ခုနှစ် တစ်နှစ်လုံးနီးပါး သေဆုံးသူအရေအတွက်လောက်ထိ ရှိခဲ့တာက တကယ် စိုးရိမ်စရာပါ။
ထိုင်းနိုင်ငံမှာ အပူဒဏ်က တစ်နှစ်ထက်တစ်နှစ် ပိုမို ပြင်းထန်လာ နေပါတယ်။ ၂၀၂၅ ခုနှစ် မတ်လ အတွင်း ဘန်ကောက်အပါအဝင် ဒေသအများအပြားမှာ Heat Index ၄၂°C မှ ၅၁.၉°C အထိ မြင့်တက် ခဲ့ပြီး လိမ္မော်ရောင် (Danger Level) နဲ့ အချို့ဒေသတွေမှာ အနီရောင်(Extremely Dangerous Level) သတိပေးချက်များအထိ ထုတ်ပြန် ခဲ့ရပါတယ်။
တစ်ဖက်မှာလည်း ဥရောပတိုက်ဟာ ၂၀၂၆ခုနှစ် ဇွန်လနှောင်းပိုင်းကစပြီး ဆယ်စုနှစ်များအတွင်း အပြင်းထန်ဆုံး အပူလှိုင်းတစ်ခုကို ရင်ဆိုင်နေရပါတယ်။ ပြင်သစ်၊ စပိန်၊ ယူနိုက်တက်ကင်းဒမ်း (UK)၊ ဂျာမနီ၊ နယ်သာလန်နဲ့ ဆွစ်ဇာလန်တို့မှာ အပူချိန်စံချိန်သစ်တွေ ဆက်တိုက် တင်နေပြီး နိုင်ငံအများအပြားမှာ Red Alert တွေ ထုတ်ပြန်ထားရပါတယ်။
ယခင်က အေးမြတဲ့ ရာသီဥတုရှိတဲ့ ဥရောပရဲ့ နေ့ဘက်မှာ ယခု ၄၀ ဒီဂရီကျော်တဲ့အပြင် ညဘက်မှာပါ အပူချိန် မကျဆင်းတော့တဲ့ “အပူပိုင်း ဒေသရဲ့ည တွေလို” (Tropical Night) တွေ ဆက်တိုက် ဖြစ်ပေါ် နေတာက ကျန်းမာရေးအတွက်ပိုပြီးစိုးရိမ်စရာဖြစ်လာပါတယ်။
လူ့ခန္ဓာကိုယ်ဟာ ညဘက်မှာအပူချိန်ကျဆင်းတဲ့အချိန်ကို အသုံးချပြီး နေ့ဘက်ကရရှိခဲ့တဲ့ အပူဖိစီးမှုကို ပြန်လည်လျှော့ချ ပေးပါတယ်။ ဒါပေမယ့် ညဘက်မှာတောင် အပူချိန်မြင့်နေမယ်ဆိုရင် ခန္ဓာကိုယ်က အနားယူခွင့်မရတော့ဘဲ နှလုံး၊ ဦးနှောက်နဲ့ ကျောက်ကပ်တို့ အပေါ် ဖိစီးမှုတွေ ဆက်လက် ဖြစ်ပေါ် နေပါတယ်။
ဒါကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အပူလှိုင်းကို”တိတ်ဆိတ်တဲ့ လူသတ်သမား” လို့တောင် သတ်မှတ်ထားတာ ဖြစ်ပါတယ်။
ဒီလိုအပူလှိုင်းတွေ ဘာကြောင့် ပိုပြင်းလာတာလဲဆိုရင် အဓိကအကြောင်းရင်းကတော့ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှု (Climate Change) ကြောင့်ပါ။
လူသားတွေက ရုပ်ကြွင်းလောင်စာတွေကို ဆက်လက် အသုံးပြုနေတာ၊ သစ်တောတွေ ပြုန်းတီး လာတာနဲ့ ဖန်လုံအိမ်ဓာတ်ငွေ့တွေ တိုးလာတာကြောင့် ကမ္ဘာ့ ပျမ်းမျှအပူချိန်ဟာ တဖြည်းဖြည်းမြင့်တက်လာနေပါတယ်။အဲဒီအပူကို လေထုနဲ့ သမုဒ္ဒရာတွေက စုပ်ယူထားတဲ့အတွက် အပူလှိုင်းတွေ ဟာ အရင်ကထက် ပိုပြီးမကြာခဏ၊ ပိုပြင်းထန်ပြီး ပိုကြာရှည်လာတာ ဖြစ်ပါတယ်။
မြို့ကြီးတွေမှာတော့ Urban Heat Island Effect လို့ခေါ်တဲ့ ဖြစ်စဉ်ကလည်း အပူကိုပိုဆိုးစေပါတယ်။ကွန်ကရစ် အဆောက်အအုံတွေ၊ လမ်းမကြီးတွေက နေ့ဘက်အပူကို စုပ်ယူထားပြီး ညဘက်မှာ ပြန်လွှတ်တာကြောင့် မြို့တွေဟာ ကျေးလက် ဒေသတွေထက် ပိုပူနေတတ်ပါတယ်။
ဒီအခြေအနေတွေဟာ မြန်မာနိုင်ငံနဲ့လည်း တိုက်ရိုက် သက်ဆိုင်ပါတယ်။ အထူးသဖြင့် အိမ်နီးချင်း ထိုင်းနိုင်ငံလိုဘဲ မြန်မာနိုင်ငံဟာလည်း အပူပိုင်းဒေသမှာ တည်ရှိတဲ့အတွက် မတ်လကနေ မေလအတွင်း အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ် နီးပါး ဒါမှမဟုတ် ကျော်လွန်တဲ့နေ့တွေ ပိုများလာ နိုင်ပါတယ်။
အထူးသဖြင့် နိုင်ငံအလယ်ပိုင်းဒေသတွေဖြစ်တဲ့ မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ နေပြည်တော်နဲ့ ပဲခူးအချို့ဒေသတွေမှာ အပူဒဏ် ပိုမို ပြင်းထန် လာနိုင်ပါတယ်။ မိုးရာသီ ဝင်ခါနီးကာလမှာ စိုထိုင်းဆလည်း မြင့်လာတဲ့အတွက် Heat Index ဟာ သာမန်အပူချိန်ထက် အများကြီး ပိုမြင့် နိုင်ပါတယ်။
အပူဒဏ်ကြာင့်ဖြစ်တဲ့လက္ခဏာတွေကိုလည်းမပေါ့ဆသင့်ပါဘူး။အစပိုင်းမှာ ကြွက်သားတက်တာ၊ ချွေးအရမ်းထွက်တာ၊ မောပန်းတာတွေဖြစ်လာနိုင်ပါတယ်။ဆက်လက်ပြီး ခေါင်းကိုက်တာ၊ မူးဝေတာ၊ ပျို့အန်တာ၊ နှလုံးခုန်မြန်တာ၊ အားအင်ကုန်ခန်းတာတွေ ဖြစ်လာရင် “Heat Exhaustion” အဆင့်ကို ရောက်နေပြီလို့ ယူဆရပါတယ်။ ဒီလိုဖြစ်ရင် အရိပ်အောက်ကို ချက်ချင်းရွှေ့ပြီး ရေဓာတ်နဲ့ ဓာတ်ဆားဓာတ် ပြန်ဖြည့်ဖို့ လိုပါတယ်။
အကယ်၍ ကိုယ်အပူချိန် ၄၀ ဒီဂရီကျော် လာတာ၊ စကားမပီတော့တာ၊ စိတ်ရှုပ်ထွေးတာ၊ သတိလစ်တာ၊ ချွေးမထွက်တော့ဘဲ အသားပူနီရဲလာတာတွေ ဖြစ်လာရင်တော့ Heat Stroke ဖြစ်နိုင်ခြေ အလွန်မြင့်နေပါပြီ။ ဒါဟာ အရေးပေါ်ဆေးကုသမှု လိုအပ်တဲ့ အခြေအနေဖြစ်ပြီး အသက်ဆုံးရှုံးနိုင်တဲ့အထိ အန္တရာယ်ရှိပါတယ်။
အခုလိုအချိန်မှာသက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေ၊ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ၊ နှလုံးရောဂါ၊သွေးတိုး၊ဆီးချို၊ ကျောက်ကပ်ရောဂါရှိသူတွေနဲ့ ဆောက်လုပ်ရေးလုပ်သားတွေ၊ လယ်သမားတွေ၊ ယာဉ်ထိန်းရဲတွေ၊ ပစ္စည်းပို့ဆောင်သူတွေလို အပြင်မှာ အချိန်ကြာကြာ အလုပ်လုပ်ရသူတွေက အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်။
အပူချိန်တစ်ခုတည်းကိုသာ မကြည့်ဘဲစိုထိုင်းဆနဲ့ တွဲဖက်ခံစားရတဲ့ Heat Index ကိုလည်း အရေးထားဖို့ လိုလာပါပြီ။
နေ့လယ် ၁၁ နာရီကနေ ညနေ ၄ နာရီအတွင်း မလိုအပ်ဘဲ နေပူထဲ မထွက်ဖို့၊ ရေ မကြာခဏသောက်ဖို့၊ အရောင်ဖျော့ပြီး လေဝင်လေထွက်ကောင်းတဲ့ အဝတ်အစားတွေ ဝတ်ဆင်ဖို့၊ အရိပ်အောက်မှာ အနားယူဖို့နဲ့ သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေရဲ့ အခြေအနေကို အနီးကပ်ဂရုစိုက်ဖို့အထူးလိုအပ်ပါတယ်။
ကမ္ဘာ့ရာသီဥတုဟာ ပြောင်းလဲနေပြီဆိုတာ ငြင်းလို့ မရတော့ပါဘူး။အပူလှိုင်းဟာ အနာဂတ်ကာလရဲ့ အန္တရာယ်မဟုတ်တော့ဘဲ လက်ရှိကျွန်တော်တို့ရင်ဆိုင်နေရတဲ့အန္တရာယ်တစ်ခု ဖြစ်လာ နေပါပြီ။ ဒါကြောင့် သတိပေးချက်တွေကို အလေးအနက်ထားလိုက်နာခြင်း၊ ကိုယ့်ကျန်းမာရေးနဲ့ မိသားစုရဲ့ လုံခြုံရေးကို ဂရုစိုက်ခြင်းကသာ ဒီ “တိတ်ဆိတ်တဲ့ လူသတ်သမား” လို့ခေါ်တဲ့ အပူလှိုင်းရဲ့ဒဏ်ကို ရင်ဆိုင်နိုင်မယ့် အကောင်းဆုံး ကာကွယ်မှု ဖြစ်ပါတယ်။
ကိုးကား – World Meteorological Organization (WMO), The Straits Times, The Nation Thailand
(ဓါတ်ပုံ-Bangkok Post)


















































