-ခါကာဘို ရေးသားသည်
နိုင်ငံတကာက တီဗီဖျော်ဖြေရေး အစီအစဉ်တွေကို ကြည့်တဲ့အခါ ရယ်စရာ ပြက်လုံးတွေရဲ့ နောက်ကွယ်ကနေ နိုင်ငံရေးနဲ့ လူမှုပတ်ဝန်းကျင်ကို ထက်ထက်မြက်မြက် ဝေဖန်တတ်တဲ့ လူတစ်ယောက်ကို သတိထားမိကြမှာပါ။ သူကတော့ တခြားလူမဟုတ်ပါဘူး၊ CBS ရုပ်သံလိုင်းရဲ့ Late-Night Show အစီအစဉ်ကို ဦးဆောင်နေတဲ့ ကမ္ဘာကျော် ဟာသသရော်စာပညာရှင် ‘Stephen Colbert’ ပါပဲ။
Colbert ဆိုတာ ရိုးရိုးဟာသသရုပ်ဆောင်တစ်ယောက်တင် မဟုတ်ပါဘူး။ သူဟာ ကမ္ဘာ့အခြေအနေ၊ နိုင်ငံရေးနဲ့ လူမှုပတ်ဝန်းကျင်ကို အလွန်ပါးနပ်စွာအကဲခတ်တတ်တဲ့ သရော်စာဆရာ (Satirist)၊ စာရေးဆရာ နဲ့ ဉာဏ်ကြီးရှင်တစ်ယောက် ဖြစ်ပါတယ်။ သူ့ရဲ့ အရည်အချင်းက ဘာလဲဆိုရင် ရယ်စရာတွေကြားထဲကနေ တွေးစရာ အမှန်တရားတွေကိုလူတွေရဲ့ နှလုံးသားထဲ ရောက်အောင် ချပြနိုင်တာပါပဲ။ စကားလုံး အသုံးအနှုန်း ကြွယ်ဝမှု၊ မျက်နှာအမူအရာ ချက်ချင်းပြောင်းနိုင်မှု နဲ့ နိုင်ငံရေးသမားတွေရဲ့ ဟန်ဆောင်မှုတွေကို ချက်ချင်းမျက်နှာဖုံးခွါချပြနိုင်တဲ့ သူ့ရဲ့ ပါးနပ်မှုက တကယ့်ကို ပြောင်မြောက်လွန်းပါတယ်။
ကျွန်တော်တို့မြင်ရတဲ့ အောင်မြင်မှုတွေရဲ့ နောက်ကွယ်မှာ သူ့ရဲ့ ဘဝဇာတ်ကြောင်းက အင်မတန်စိတ်မကောင်းစရာပါ။ငယ်ငယ်ကတည်းက လေယာဉ်ပျက်ကျမှုကြောင့် ဖခင်နဲ့ အစ်ကိုနှစ်ယောက်ကို တစ်ပြိုင်နက်တည်း ဆုံးရှုံးခဲ့ရရှာတယ်။ ဒီလို ရင်ကွဲမတတ် ဝမ်းနည်းမှုတွေကို သူဟာ ဟာသနဲ့ အနုပညာအဖြစ် ပြောင်းလဲပြီး ဘဝကို ကုစားခဲ့ပါတယ်။

Public Service Announcement
သူဟာ အစပိုင်းမှာ ပြဇာတ်ရုံငယ်လေးတွေ၊ Improvisation (ဇာတ်ညွှန်းမပါဘဲ ချက်ချင်းသရုပ်ဆောင်ရတဲ့ အနုပညာ) လောကကနေ တက်လာခဲ့တာပါ။ The Daily Show with Jon Stewart မှာ သရော်စာသတင်းထောက်အဖြစ်နဲ့ လူသိများလာပြီး၊ နောက်တော့ သူ့ရဲ့ ကိုယ်ပိုင်ရှိုးဖြစ်တဲ့ The Colbert Report မှာ သရော်စာဇာတ်ကောင်အဖြစ် အောင်မြင်မှု အထွတ်အထိပ်ကို ရောက်ခဲ့ပါတယ်။သူဟာညအိပ်ရာဝင်ခါနီးလူတွေကို ရယ်မောစေဖို့အတွက် နေ့စဉ်ရက်ဆက် ဉာဏ်ကို သွေးခဲ့ရပြီး အဆင့်ဆင့် ကြိုးစားတက်လှမ်းခဲ့တဲ့ အင်မတန်ဇွဲ ကောင်းသူတယောက်ပါ။
Colbertရဲ့အထင်ရှားဆုံးဂုဏ်ပုဒ်ကတော့ “သတ္တိ”ပါပဲ။ ၂၀၀၆ ခုနှစ် အိမ်ဖြူတော် သတင်းထောက်များညစာစားပွဲ(White House Correspondents’ Dinner) မှာ အာဏာအရှိဆုံး သမ္မတ ဂျော့ချ် ဒဗလျူ ဘုရှ် ရဲ့ ရှေ့တည့်တည့်မှာတင် ဘုရှ်ရဲ့မူဝါဒတွေကိုဟာသနှောပြီးပြင်းပြင်းထန်ထန် ထောက်ပြလှောင်ပြောင်ခဲ့တာဟာ သမိုင်းတွင်ခဲ့ပါတယ်။ အာဏာရှိသူတွေကို ဖားဖားယားယား မလုပ်ဘဲ၊ ပြည်သူတွေ သိသင့်တဲ့ အမှန်တရားကိုမျက်နှာပြောင်ပြောင်နဲ့ဟာသနှောပြီးထောက်ပြရဲတာ သူ့ရဲ့ ထူးခြားတဲ့ သတ္တိပါပဲ။
Donald Trump သမ္မတ ဖြစ်လာချိန်မှာတော့ Colbert ရဲ့ The Late Show ဟာ Trump ရဲ့ ပေါ်လစီတွေ၊ ပြောဆိုချက်တွေကို နေ့တိုင်းလိုလို အချိန်ကိုက် ဓားနဲ့မွှန်းသလို ဝေဖန်လှောင်ပြောင်ခဲ့ပါတယ်။ ဒါကြောင့်လည်း သူဟာ Trump နဲ့ သူ့ထောက်ခံသူတွေရဲ့ အငြိုးထား တိုက်ခိုက်ခြင်းကို အကြီးအကျယ် ခံခဲ့ရပါတယ်။
နိုင်ငံရေးအရ ဖိအားတွေ၊ တိုက်ခိုက်မှုတွေဟာ နောက်ကွယ်မှာ ရှိနေခဲ့ပြီး သရော်စာအစီအစဉ် ရေရှည်ရပ်တည်ဖို့အတွက် စီးပွားရေးအရ စပွန်ဆာတွေ၊ ကြော်ငြာရှင်တွေရဲ့ ဖိအားကလည်း ကြီးမားလာပါတယ်။ Trump ကို ပြင်းပြင်းထန်ထန် ဝေဖန်တာဟာ စီးပွားရေးအရ စွန့်စားမှုတစ်ခု ဖြစ်လာခဲ့ပြီး၊ နောက်ဆုံးမှာတော့ စီးပွားရေးအခြေအနေတွေ၊ မီဒီယာလောကရဲ့ အပြောင်းအလဲတွေကို အကြောင်းပြပြီး Show ရဲ့ အခန်းကဏ္ဍကို ရပ်နားဘို့ထိ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒါဟာ အမှန်တရားကို ပြောဝံ့လို့ စနစ်တစ်ခုရဲ့ အပယ်ခံ၊ အညှိုးထားခြင်းခံရတဲ့ သာဓကတစ်ခုပါပဲ။
လူ့အဖွဲ့အစည်းတစ်ခုမှာ အာဏာရှိသူတွေကို ဘာမှမပြောရဲဘဲ အားလုံးက ငြိမ်ကုပ်နေကြမယ်ဆိုရင် အဲဒီနိုင်ငံဟာ မှောင်မိုက်သွားမှာပါ။ Colbert လို လူမျိုးတွေဟာ တကယ်တော့ နိုင်ငံတစ်နိုင်ငံအတွက် ‘ဝေဝါးမနေတဲ့ မှန်ချပ်’ တွေပါ။ အာဏာရှင်တွေ၊ အကျင့်ပျက် နိုင်ငံရေးသမားတွေရဲ့ ရုပ်ဆိုးအကျည်းတန်မှုကို မှန်ထဲမှာ ပေါ်အောင် ပြရဲတဲ့သူတွေပါ။ သူတို့ဟာ စစ်တပ်နဲ့ လက်နက် မရှိပေမယ့် “ဟာသ” နဲ့ “ဉာဏ်ပညာ” ကို လက်နက်လုပ်ပြီး ပြည်သူတွေကို မျက်စိပွင့်စေပါတယ်။ အာဏာရှိသူတွေ ကြောက်တာဟာ လက်နက်တင် မဟုတ်ပါဘူး၊သူတို့ရဲ့ အမှားတွေကိုပြည်သူတွေကဝိုင်းရယ်ကြမှာကိုလည်း သေလုမတတ် ကြောက်ကြပါတယ်။ ဒါကြောင့်မို့လို့ စနစ်တစ်ခုကို စောင့်ကြည့်ဖို့၊ အမှန်တရားဘက်က ရပ်တည်ဖို့အတွက် Colbert လို လူမျိုးတွေဟာ နိုင်ငံတိုင်းမှာ မရှိမဖြစ် တန်ဖိုးရှိလှပါတယ်။
သူ့ရဲ့ Late Night Show ကြီး အဆုံးသတ်သွားချိန်မှာ အမေရိကားတင်မကတစ်ကမ္ဘာလုံးကပြည်သူတွေဟာ နှမြောတသခြင်းများစွာနဲ့ စိတ်မကောင်း ဖြစ်ခဲ့ကြရပါတယ်။ သူ့ရဲ့ရပ်တည်ချက်ကို ဂုဏ်ပြုဖို့အတွက် ကမ္ဘာကျော် နာမည်ကြီး အနုပညာရှင်များစွာက သူ့ဘက်ကရဲရဲဝံ့ဝံ့ မတ်တတ်ရပ် ဝန်းရံပေးခဲ့ကြတာဟာ တကယ့်ကို ဂုဏ်ယူစရာ သမိုင်းမှတ်တိုင်တစ်ခုပါပဲ။ သူ့အစီအစဉ်ကို ရပ်တန့်စေခဲ့ပေမယ့်၊ သူ ချန်ထားခဲ့တဲ့ သတ္တိနဲ့ ဉာဏ်ပညာကိုတော့ ဘယ်တော့မှ ဖျောက်ဖျက်လို့ မရပါဘူး။
အာဏာရှေ့မှာ ဒူးမထောက်ဘဲ မိမိရဲ့ ဘဝနဲ့အလုပ်ကိုပါ စတေးပြီး အမှန်တရားကို သတ္တိရှိရှိ၊ ဟာသပညာနဲ့ ပြောင်မြောက်စွာထောက်ပြခဲ့တဲ့ Stephen Colbert လို လူမျိုးတွေ နိုင်ငံတိုင်းမှာ ပေါ်ထွက်လာပါစေလို့ မျှော်လင့်ရင်း ဒီလို စံပြလူသားတစ်ယောက်ကို ကျွန်တော်တို့အားလုံး အမြဲတမ်း လေးစားအမှတ်ရနေမှာ အမှန်ပဲဖြစ်ပါတယ်။ ။
















































