Connect with us

Hi, what are you looking for?

ထိုင်း - ကမ္ဘောဒီးယား

ထိုင်း-ကမ္ဘောဒီးယား တိုက်ပွဲမှာ ထိုင်းရေတပ် ပါဝင်တိုက်ခိုက်

အပစ်အခတ် ရပ်စဲရေး စကားအစပျိုးထားတာတွေ ရှိကြပေမယ့် ထိုင်းနဲ့ ကမ္ဘောဒီးယား စစ်ရေးပဋိပက္ခဟာ တတိယနေ့အဖြစ် တိုက်ခိုက်မှုတွေ စတင်နေကြပြီလို့ သိရပါတယ်။

Thai Navy/Facebook

ဇူလိုင် – ၂၆ ၊၂၀၂၅ /People’s Spring

အပစ်အခတ် ရပ်စဲရေး စကားအစပျိုးထားတာတွေ ရှိကြပေမယ့် ထိုင်းနဲ့ ကမ္ဘောဒီးယား စစ်ရေးပဋိပက္ခဟာ တတိယနေ့အဖြစ် တိုက်ခိုက်မှုတွေ စတင်နေကြပြီလို့ သိရပါတယ်။

အစောပိုင်းမှာ ကုလသမဂ္ဂဆိုင်ရာ ကမ္ဘောဒီးယား သံအမတ်ကြီးက ထိုင်းနဲ့ ချက်ချင်း အပစ်အခတ် ရပ်စဲရေးကို ကမ္ဘေားဒီးယားက လိုလားကြောင်း ပြောကြားခဲ့ပါတယ်။ ထိုင်းအစိုးရဖက်ကလည်း ကြားလူတွေ ဝင်ညှိပေးတာမျိုး မဟုတ်ဘဲ ကမ္ဘောဒီးယားနဲ့ နှစ်နိုင်ငံတည်း မျက်နှာချင်းဆိုင် ဆွေးနွေးမှုမျိုးကို လက်ခံ စဉ်းစားလိုကြောင်း သဘောထား မှတ်ချက် ပေးထားပါတယ်။

ဒါပေမဲ့ ဇူလိုင် ၂၆ ရက်နေ့ မနက်ပိုင်းမှာတော့ နယ်စပ်မှာ တိုက်ပွဲတွေက ပြန်စနေပြီလို့ ထိုင်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ကမ္ဘောဒီးယား တပ်တွေဟာ ထိုင်းရဲ့ ထရတ်ပြည်နယ်က ဘန်ချမ်ရက်ခ်နားမှာ စစ်မျက်နှာ အသစ်ဖွင့်ပြီး ထိုးစစ်ဆင်လာတာကြောင့် ထိုင်းတပ်ဖွဲ့တွေက တုံ့ပြန်ရာက ထိတွေ့ တိုက်ပွဲတွေ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီအတွက် ထိုင်းရေတပ်ကလည်း ကြည်းတပ်ကို ဝင်ကူညီပေးခဲ့ပြီး ထိုင်းပိုင်နက်ထဲ ကျွံဝင်ရောက်ရှိနေတဲ့ ကမ္ဘောဒီးယား စစ်ကြောင်း ၃ ခုကို တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ ပြီးတော့ မိနစ် ၂၀ အတွင်းမှာတင် ကမ္ဘောဒီးယားတပ်တွေ ဆုတ်ခွာသွားအောင် ဖိအားပေးနိုင်ခဲ့ပြီး အဲဒီနယ်မြေတွေကို ရှင်းလင်းနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ကမ္ဘောဒီးယားကတော့ ဇူလိုင် ၂၆ ရက်နေ့ မနက်အစောပိုင်းမှာ ထိုင်းတပ်တွေက ပူအာဆတ်မှာရှိတဲ့ ကမ္ဘောဒီးယား နယ်စပ် ကျေးရွာ အီကာရက်ချ်ကို ထိုင်းစစ်တပ်က လက်နက်ကြီးတွေနဲ့ အကြောင်းမဲ့ ရန်စ ပစ်ခတ်ခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။

ထိုင်းရဲ့ လွန်ကဲတဲ့၊ ပြောင်ပြောင်တင်းတင်း ရန်စတဲ့ လုပ်ရပ်၊ ကမ္ဘောဒီးယား အချုပ်အခြာ အာဏာပိုင်နက်နဲ့ နိုင်ငံတကာ စည်းမျဉ်း ဥပဒေတွေကို ချိုးဖောက်တဲ့ လုပ်ရပ်အပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချတယ်လို့လည်းကမ္ဘောဒီးယားကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

ထိုင်းရဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေဟာ အရပ်သား ပြည်သူတွေကို ထိခိုက်စေနိုင်သလို ဒေသရဲ့ တည်ငြိမ် အေးချမ်းမှုကိုပါ ပျက်ပြားစေနိုင်တယ်လို့လည်း ကမ္ဘောဒီးယားဖက်က ထုတ်ပြန်ချက်မှာ ဖော်ပြထားခဲ့ပါတယ်။ ကမ္ဘောဒီးယား စစ်တပ်ဟာ နိုင်ငံရဲ့ အချုပ်အခြာ အာဏာနဲ့ ပြည်သူတွေကို ကာကွယ်ဖို့အတွက် နောက်ထပ် ရန်လို တိုက်ခိုက်မှုတွေကို အစွမ်းကုန် တွန်းလှန်သွားမယ်လို့လည်း ဆိုပါတယ်။

ထိုင်စစ်တပ်ကလည်း ဒီတိုက်ပွဲကို ကမ္ဘောဒီးယားကစတင်တာဖြစ်ပြီး ကမ္ဘောဒီးယားစစ်တပ်ရဲ့ ရန်လို တိုက်ခိုက်ပစ်ခတ်မှုတွေကြောင့် ထိုင်းဘက်ခြမ်းက အရပ်ဘက်နေရာတွေပေါ် လက်နက်ကြီးကျည်ကျရောက်ပြီး အရပ်သား တစ်ဒါဇင်ကျော် သေဆုံးခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။

နယ်စပ်အငြင်းအခုံ ကိစ္စနဲ့ တင်းမာမှုတွေ ဖြစ်ပေါ်နေတဲ့ အိမ်နီးချင်း နှစ်နိုင်ငံကြားမှာ ဇူလိုင် ၂၄ ရက်နေ့ကစပြီး ထိတွေ့ တိုက်ပွဲတွေ စတင်လာခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်ရက်အတွင်း နှစ်ဖက်စစ်တပ်တွေကြား လက်နက်ကြီးတွေနဲ့ အပြင်းအထန် ပစ်ခတ်ခဲ့သလို ထိုင်းကလည်း F-16 တိုက်လေယာဉ်တွေကိုပါ အသုံးပြုပြီး ကမ္ဘောဒီးယား စစ်စခန်းတွေကို ဗုံးကြဲခဲ့ပါတယ်။

ထိုင်းယာယီ ဝန်ကြီးချုပ် ဖုန်သမ် ဝီချာရာချိုင်ကတော့ လက်ရှိ အခြေအနေတွေထက် ပိုဆိုးရွား ကျယ်ပြန့်လာရင် နယ်စပ်တိုက်ပွဲတွေ အဆင့်ကနေ နှစ်နိုင်ငံကြားက စစ်ပွဲကြီးအသွင် ကူးပြောင်းသွားနိုင်တယ်လို့ သတိပေးထားပါတယ်။

ကိုးကား – Thai Enquirer, Khmer Times

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်နားက စာသင်ကျောင်း ပစ်ခတ်မှုမှာ အဓိက သံသယတရားခံ ကျောင်းသား လူငယ်ရဲ့ အဖိုးအဖွားတွေကိုပါ သေဆုံးလျက်သား ရှာတွေ့ခဲ့ကြောင်း ရဲတွေက ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ နေ့ကလေးထိန်း ကျောင်းအဆောက်အအုံကို ကားတစ်စီးက ဝင်တိုက်မိပြီး လူ ၁၀ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းဝန်ကြီးချုပ် အန်နုတင် ချန်ဗီရာကူလ်က နွန်သဘူရီမြို့ကျောင်းတွင်းပစ်ခတ်မှုကြောင့် လူသေဆုံးခဲ့ရတဲ့ဖြစ်ရပ်အပေါ် အလွန်အမင်း ဝမ်းနည်းကြောင်းပြောကြားပြီး၊ ဒီဖြစ်ရပ်ဟာအလွန်ဆိုးရွားတဲ့ထိတ်လန့်ဖွယ် ဖြစ်ရပ်လို့​ပြောပါတယ် ။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော် မြောက်ပိုင်းနားမှာ ဖြစ်ပွားခဲ့တဲ့ စာသင်ကျောင်း ပစ်ခတ်မှုမှာ သေနတ်သမား အပါအဝင် အနည်းဆုံး ၃ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။