Connect with us

Hi, what are you looking for?

ထိုင်း - ကမ္ဘောဒီးယား

ထိုင်းနဲ့ တင်းမာနေချိန်မှာ ကမ္ဘောဒီးယား နယ်စပ်ရွာတစ်ခု ရွာလုံးကျွတ် ရွှေ့ပြောင်း

ထိုင်းနဲ့ တကျော့ပြန် ဆက်ဆံရေး တင်းမာလာချိန်မှာ ကမ္ဘောဒီးယားဟာ နယ်စပ်ကျေးရွာ တစ်ခုကို ရွာလုံးကျွတ် ရွှေ့ပြောင်းစေခဲ့ကြောင်း သိရပါတယ်။

ဓာတ်ပုံ - AFP

ထိုင်းနဲ့ တကျော့ပြန် ဆက်ဆံရေး တင်းမာလာချိန်မှာ ကမ္ဘောဒီးယားဟာ နယ်စပ်ကျေးရွာ တစ်ခုကို ရွာလုံးကျွတ် ရွှေ့ပြောင်းစေခဲ့ကြောင်း သိရပါတယ်။

နိုဝင်ဘာ ၁၃ ရက်နေ့တုန်းက ထိုင်းနဲ့ ပိုင်ဆိုင်မှု အငြင်းပွားနေရာ နယ်စပ်တစ်နေရာက ကျေးရွာတစ်ခုရဲ့ မိသားစု ၂၅၀ လောက်ကို နယ်စပ်နဲ့ ကီလိုမီတာ ၃၀ လောက်အကွာ ဗုဒ္ဓဘာသာ ဘုရားကျောင်း တစ်ခုဆီ ရွှေ့ပြောင်း နေရာချပေးခဲ့တယ်လို့ ကမ္ဘောဒီးယား အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

အဲဒီ မတိုင်ခင် တစ်ရက်မှာ ကမ္ဘောဒီးယားက ထိုင်းစစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ကမ္ဘောဒီးယား ရွာသားတစ်ဦး သေဆုံးခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။ ထိုင်းကတော့ ပစ်ခတ်မှုကို ကမ္ဘောဒီးယား စစ်သားတွေက စတင်ခဲ့ကြောင်း၊ ပြီးတော့ အရပ်သားတွေကို လူသားဒိုင်းအဖြစ် အသုံးချခဲ့တာကြောင့် ထိုင်းစစ်တပ်က လက်တုံ့ပြန်ချိန်မှာ ရွာသားတွေ အထိအခိုက် ရှိခဲ့တာဖြစ်ကြောင်း တုံ့ပြန်ခဲ့ပါတယ်။

ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ဟာ ဇူလိုင် ၂၄ ကနေ ၂၈ ရက်နေ့ထိ နယ်စပ် စစ်ရေးပဋိပက္ခတွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် အပစ်အခတ် ရပ်စဲခဲ့ပါတယ်။ အောက်တိုဘာ လကုန်ပိုင်းမှာတော့ အမေရိကန်နဲ့ မလေးရှား အစိုးရတွေရဲ့ ကြားဝင် စေ့စပ်ပေးမှုကြောင့် နှစ်နိုင်ငံ စစ်ပြေငြိမ်းရေး စာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အခုတော့ အဲဒီ ငြိမ်းချမ်းရေး သဘောတူညီချက်ရဲ့ အနာဂတ်က မရေမရာတွေ ဖြစ်လာနေပါတယ်။

Public Service Announcement

Public Service Announcement

အခုသီတင်းပတ် အစောပိုင်းတုန်းက နယ်စပ်တစ်နေရာမှာ မြေမြှုပ်မိုင်း ပေါက်ကွဲလို့ ထိုင်းစစ်သားနှစ်ဦး ဒဏ်ရာရခဲ့တဲ့ ဖြစ်စဉ် အပြီးကတည်းက နှစ်ဖက် တင်းမာမှုတွေ တကျော့ပြန် မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။ ထိုင်းက အဲဒီမိုင်းဟာ အပစ်ရပ်ကာလ နောက်ပိုင်းမှ ကမ္ဘောဒီးယားက အသစ်ထပ်ပြီး ထောင်ထားတာလို့ စွပ်စွဲခဲ့ပါတယ်။

နောက်တော့ နှစ်ဖက်တပ်တွေကြား ပစ်ခတ်မှု ဖြစ်ပွားပြီး ကမ္ဘောဒီးယား ရွာသားတစ်ဦး သေဆုံးတဲ့ထိ ပြဿနာတွေ ပိုရှုပ်ထွေးလာခဲ့ပါတယ်။ နိုဝင်ဘာ ၁၃ ရက်နေ့မှာတော့ ကမ္ဘောဒီးယားနိုင်ငံ အနောက်တောင်ဖက်က ဘန်တီယေ မင်ချေပြည်နယ်ထဲက နယ်စပ်ကျေးရွာ ပရေချန်ရဲ့ ရွာခံ မိသားစု ၂၅၀ ဝန်းကျင် အားလုံးကို ရွှေ့ပြောင်းပေးခဲ့ကြောင်း ကျေးရွာ အုပ်ချုပ်ရေးဌာန ဒုတိယ အကြီးအကဲ လိုင်ဆိုဗန်နာရစ်သ်က ပြောကြားခဲ့ပါတယ်။

ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မာနတ်က ပစ်ခတ်မှုနဲ့ ပတ်သက်လို့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုမျိုး ပြုလုပ်သင့်ကြောင်းနဲ့ ထိခိုက်နစ်နာခဲ့သူတွေအတွက် တရားမျှတမှု ရှာဖွေပေးစေလိုကြောင်း ပြောပါတယ်။ တစ်ဖက်မှာတော့ ထိုင်းက စစ်သားတစ်ဦး ကိုယ်အင်္ဂါ ချွတ်ယွင်းပြီး နောက်တစ်ဦး ဒဏ်ရာရခဲ့တဲ့ အခုသီတင်းပတ် အစောပိုင်း မြေမြှုပ်မိုင်း ပေါက်ကွဲမှုအတွက် ကမ္ဘောဒီးယားက ဝန်ချတောင်းပန်ဖို့ တောင်းဆိုထားပါတယ်။

ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ကြားက ရန်ငြှိုးဟာ ရာစုနှစ်တွေနဲ့ချီ သမိုင်းကြောင်း ရှည်လျားခဲ့ပါတယ်။ ရှေးဘုရင်တွေ ခေတ်ကတည်းက အင်ပါယာ အချင်းချင်း စစ်တိုက်ခဲ့ကြသလို မျက်မှောက်ခေတ်မှာလည်း ရှည်လျားတဲ့ နယ်စပ်တလျှောက် ပိုင်နက် အငြင်းပွားမှုတွေကို အကြောင်းပြုပြီး နှစ်ဖက်ဆက်ဆံရေး ဆက်လက် ခက်ထန်နေတာ ဖြစ်ပါတယ်။

ကိုးကား: AP

ဆက်စပ်သတင်းများ

ထိုင်း - ကမ္ဘောဒီးယား

ကမ္ဘောဒီးယားနဲ့ စစ်တိုက်နေတာကို ရပ်တန့်လိုက်မှာ မဟုတ်ကြောင်း ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူလ်က ပြောကြားခဲ့ပါတယ်။

ထိုင်း - ကမ္ဘောဒီးယား

နယ်စပ်မှာ တိုက်ခိုက်နေတာတွေကို ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ ရပ်ကြလိမ့်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောပါတယ်။

ထိုင်း - ကမ္ဘောဒီးယား

ကမ္ဘောဒီးယားနဲ့ ဖြစ်ပွားနေတဲ့ နယ်စပ် တိုက်ပွဲတွေမှာ နယ်မြေတချို့ကို စစ်ရေးအရ တိုက်ခိုက် သိမ်းယူနိုင်ခဲ့ကြောင်း ထိုင်းစစ်တပ်က အတည်ပြုခဲ့ပါတယ်။

ထိုင်း - ကမ္ဘောဒီးယား

ပဋိပက္ခတွေ ဆိုးသထက် ဆိုးမလာခင် သူဟာ ထိုင်းနဲ့ ကမ္ဘောဒီးယား နိုင်ငံခေါင်းဆောင်တွေဆီ ဆက်သွယ် ဆွေးနွေးခဲ့တယ်လို့ မလေးရှား ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က ပြောပါတယ်။