အိန္ဒိယဟာ လက်ရှိ သီတင်းပတ်တွေအတွင်း Covid-19 ကပ်ရောဂါဒဏ် အဆိုးရွားဆုံး ခံစားနေရတဲ့ ကမ္ဘာ့နိုင်ငံတစ်ခု ဖြစ်လာပါတယ်။ အိန္ဒိယရဲ့ အခြေအနေကို အဆိုးဆုံး ဖြစ်လာစေတာကတော့ Sars-Cov-2 ကိုရိုနာဗိုင်းရပ်စ်ရဲ့ ဒေသခံ မျိုးကွဲကြောင့်လို့ ပညာရှင်တွေက လက်ခံထားပါတယ်။

B1617လို့ နာမည်ပေးထားတဲ့ မျိုးကွဲသစ်ဟာ မူရင်း ကိုရိုနာဗိုင်းရပ်စ်ကနေ မျိုးဗီဇ သွင်ပြင်လက္ခဏာတချို့ ပြောင်းလဲသွားပြီး ကူးစက်နှုန်း ပိုမြန်လာသလို ကာကွယ်ဆေးတွေရဲ့ ထိရောက်မှု အာနိသင်ကိုပါ လျော့ပါးသွားစေနိုင်တယ်လို့ WHOက ထုတ်ပြန်ထားပါတယ်။ အခုဆိုရင် အိန္ဒိယ အပြင်ဖက် နိုင်ငံ တစ်ဒါဇင်ကျော်မှာ B1617 မျိုးကွဲ ကိုရိုနာဗိုင်းရပ်စ် ကူးစက် ခံရသူ ၁၂၀၀ ကျော်လောက် တွေ့ရှိထားပြီးပြီလို့ ဆိုပါတယ်။ ဒါဟာ နိုင်ငံတကာ အတိုင်းအတာ အနေနဲ့ အလွန်အမင်း စိုးရိမ်ရတဲ့ ပမာဏ မဟုတ်သေးဘူး ဆိုပေမယ့် မပေါ့ဆသင့်ဘူးလို့ WHOက မှတ်ချက် ပေးထားပါတယ်။
အိန္ဒိယမှာ ဧပြီ ၂၇ ရက်က တစ်နေ့တည်းနဲ့တင် Covid-19 လူနာအသစ် ၃ သိန်းခွဲကျော် တိုးပွားလာပါတယ်။ ဒါဟာ ကပ်ရောဂါ စတင်လာချိန် ကတည်းက ကမ္ဘာနိုင်ငံ အားလုံးမှာ တစ်နေ့တာ ကူးစက်နှုန်း စံချိန်တင် မြင့်တက်လာတဲ့ အရေအတွက် ဖြစ်ပါတယ်။ အိန္ဒိယမှာ ကပ်ရောဂါ ကူးစက်ခံရသူ စုစုပေါင်း ၁၈ သန်း နီးပါးလောက်ထိ များပြားနေပြီး သေဆုံးသူ အရေအတွက်ကလည်း အခုသီတင်းပတ်မှာတင် ၂ သိန်း ပြည့်သွားပါပြီ။

အိန္ဒိယမှာ ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲတချို့ ပျံ့နှံ့နေပေမယ့် B1617ရဲ့ ကူးစက်နှုန်းကတော့ အမြင့်ဆုံး ဖြစ်နေပြီး ဒီမျိုးကွဲ ဗိုင်းရပ်စ်ဟာ ကူးစက်နိုင်စွမ်း အရမ်းမြင့်တယ်လို့ ယေဘုယျ ကောက်ချက်ချနိုင်ကြောင်း WHOရဲ့ ပညာရှင်တွေက ပြောကြားထားပါတယ်။
တရုတ်နိုင်ငံ အလယ်ပိုင်း၊ ဝူဟန်မြို့ကနေ ၂၀၁၉ ခုနှစ် ကုန်ပိုင်းမှာ စတင် ပျံ့နှံ့လာတဲ့ Covid-19 ကပ်ရောဂါဟာ ကမ္ဘာတလွှားမှာ လူပေါင်း သန်း ၁၅၀ နီးပါးထိ ကူးစက်ခဲ့ပြီး သေဆုံးသူ ၃.၁ သန်း ကျော်လွန်လာပြီလို့ သိရပါတယ်။
