Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

အိန္ဒိယက လာရောက်သူတွေ တားမြစ်မယ့်ကိစ္စ ဩစတြေးလျ အစိုးရ နောက်ပြန်ဆုတ်

ဩစတြေးလျ နိုင်ငံသားတွေ အပါအဝင် အိန္ဒိယ နိုင်ငံကနေ ဝင်ရောက်လာသူ အားလုံးကို ရာဇဝတ်မှု ကျူးလွန်တယ်လို့ သတ်မှတ်မယ့် ဆုံးဖြတ်ချက်အပေါ် ဝေဖန်မှုတွေ ပြင်းထန်လာတဲ့အတွက် ဩစတြေးလျ အစိုးရက အစီအစဉ်ကို နောက်ဆုတ်ထားလိုက်ပါတယ်။

အိန္ဒိယမှာ Covid-19 ရောဂါ ပျံ့နှံ့ ကူးစက်မှုတွေ ကြောက်ခမန်းလိလိ မြင့်တက်လာတဲ့နောက် မေလ ၄ ရက်ကစပြီး အိန္ဒိယကနေ ဩစတြေးလျကို လာရောက်တဲ့ ခရီးစဉ်အားလုံး ကန့်သတ် တားဆီးထားဖို့ ဝန်ကြီးချုပ် စကော့ မော်ရစ်ဆန်ရဲ့ အစိုးရက ညွှန်ကြားခဲ့ပါတယ်။ ဒီထုတ်ပြန်ချက်ဟာ ဩစတြေးလျ နိုင်ငံသားတွေ၊ ဩစတြေးလျမှာ အမြဲတမ်း နေထိုင်ခွင့် ရရှိထားသူတွေနဲ့ပါ အကျုံးဝင်ပါတယ်။ တားမြစ်မှုကို ချိုးဖောက်သူဟာ ဩစတြေးလျ နိုင်ငံသား ဖြစ်နေရင်တောင် ထောင်ဒဏ်ထိ ကျခံရနိုင်တဲ့ အရေးယူမှုမျိုးကနေ လွတ်ကင်းမှာ မဟုတ်ကြောင်း အစိုးရက သတိပေးခဲ့ပါတယ်။

ဒါပေမဲ့ ဒီကိစ္စအပေါ် ပြည်တွင်းပြည်ပ ဝေဖန်မှုတွေ အတော်လေး ပြင်းပြင်းထန်ထန် ထွက်ပေါ်ခဲ့သလို ကိုယ့်နိုင်ငံ ကိုယ်ပြန်လို့ ထောင်ကျတယ်ဆိုတာ အဓိပ္ပါယ် မရှိဘူးဆိုတဲ့ ထောက်ပြမှုတွေ ရှိလာပါတယ်။ ဒါ့အပြင် ဩစတြေးလျ အစိုးရရဲ့ လုပ်ရပ်ဟာ အိန္ဒိယနဲ့ ပတ်သက်ပြီး လူမျိုးရေး ခွဲခြားသလို ဖြစ်နေတယ်ဆိုတဲ့ စွပ်စွဲသံတွေပါ ကျယ်လောင်လာပါတယ်။

အခုတော့ ဩစတြေးလျ အစိုးရက အစီအစဉ်ကို မေလ ၁၅ ရက်ထိ ရက်ရွှေ့ပေးလိုက်ပြီး အဲဒီ မတိုင်ခင် အိန္ဒိယရောက် ဩစတြေးလျ နိုင်ငံသားတွေ ပြန်လာခွင့် ရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကိုယ့်နိုင်ငံကို ဘယ်အချိန်ပြန်ပြန် ထောင်ကျနိုင်တယ်ဆိုတဲ့ ခြိမ်းခြောက်မှုမျိုးတော့ မရှိသင့်ကြောင်း လူ့အခွင့်အရေး လှုပ်ရှားသူတွေက ဝေဖန်နေကြပါတယ်။ Twitterပေါ်မှာလည်း ဩစတြေးလျ ဝန်ကြီးချုပ် မော်ရစ်ဆန်ရဲ့ လက်တွေ သွေးစွန်းနေပြီဆိုတဲ့ အရေးအသားတွေ တွေ့လာရပါတယ်။

ဝန်ကြီးချုပ် မော်ရစ်ဆန်ကတော့ ကပ်ရောဂါ ဖိစီးနေတဲ့ ကာလမျိုးမှာ အစိုးရ အနေနဲ့ ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ရနိုင်ကြောင်း၊ သူကိုယ်တိုင်ကတော့ ဩစတြေးလျအပေါ် တာဝန် အပျက်ကွက် ခံမှာ မဟုတ်ဘဲ နယ်စပ်တွေ အဝင်အထွက် ကိစ္စကို တင်းတင်းကျပ်ကျပ် စိစစ်သွားမှာဖြစ်ကြောင်း ပြောကြားထားပါတယ်။

ဩစတြေးလျဟာ ကပ်ရောဂါ ကာလမှာ အဆိုးဆုံး အခြေအနေတွေကို အတော်လေး ထိထိရောက်ရောက် ရှောင်ရှားနိုင်ခဲ့ပါတယ်။ အိန္ဒိယကတော့ လက်ရှိကာလမှာ တစ်ကမ္ဘာလုံးရဲ့ အဆိုးဆုံး ကပ်ရောဂါ ကူးစက်မှုတွေနဲ့ ကြုံနေရပြီး တစ်နေ့တည်းနဲ့ လူနာသစ် ၄ သိန်းကျော် တိုးပွားတဲ့ အနေအထားမျိုးတွေ ရင်ဆိုင်နေရပါတယ်။