Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကာကွယ်ဆေး ထိုးပြီးသူတွေ နှာခေါင်းစည်း မပါဘဲ သွားလာဖို့ အမေရိကန် အစိုးရ ခွင့်ပြု

အမေရိကန်မှာ ကာကွယ်ဆေး ထိုးနှံပြီးသူတွေ အနေနဲ့ နေရာ အတော်များများမှာ နှာခေါင်းစည်း မဝတ်ဘဲ သွားလာခွင့် ပြုလိုက်တဲ့အပေါ် သမ္မတ ဂျိုးဘိုင်ဒန်က ချီးကျူး ကြိုဆိုလိုက်ပါတယ်။

မေလ ၁၃ ရက်မှာ သမ္မတ ဘိုင်ဒန်က အိမ်ဖြူတော်ရဲ့ ဘဲဥပုံ ရုံးခန်းထဲ ရှိနေတုန်း သူဝတ်ဆင်ထားတဲ့ နှာခေါင်းစည်းကို ကိုယ်တိုင် ဖယ်ရှားလိုက်ပါတယ်။ ရီပတ်ဘလစ်ကန် ပါတီဝင် အမတ်တွေနဲ့ သမ္မတတို့ကြား ဆွေးနွေးမှု အစီအစဉ်မှာ ဘိုင်ဒန်က နှာခေါင်းစည်းကို ချွတ်လိုက်ပြီး အမေရိကန်အတွက် ထူးခြားတဲ့ နေ့တစ်နေ့ကို ရောက်ရှိလာပြီလို့ ညွှန်းဆိုသွားခဲ့ပါတယ်။

အမေရိကန် အစိုးရရဲ့ ကပ်ရောဂါ ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက် အသစ်အရ Covid-19 ကာကွယ်ဆေး ထိုးနှံပြီးသူတွေ အနေနဲ့ လေဟာပြင် ဧရိယာတွေမှာရော၊ အများပိုင် အဆောက်အအုံတွေထဲမှာ နှာခေါင်းစည်း မတပ်ဘဲ သွားလာခွင့် ရှိလာတော့မှာပါ။ ဒါပေမဲ့ အရမ်းလူကျပ်တဲ့ အလုံပိတ် ဧရိယာတွေ၊ အထူးသဖြင့် ဘတ်စ်ကား၊ လေယာဉ်ပျံနဲ့ ဆေးရုံလို နေရာတွေမှာတော့ ကာကွယ်ဆေး ထိုးထားသူတွေလည်း ဆက်ပြီး နှာခေါင်းစည်း တပ်ဖို့ အကြံပြုထားပါတယ်။

ဘိုင်ဒန် ကိုယ်တိုင်ကလည်း ကာကွယ်ဆေးအပေါ် ပြည်သူလူထု ယုံကြည်မှု ရှိစေဖို့အတွက် စောစောစီးစီး ဆေးအထိုး ခံပြထားပြီးသား ဖြစ်ပါတယ်။ ဘိုင်ဒန် သမ္မတ ဖြစ်လာချိန်ကစလို့ အမေရိကန်ကို Covid-19 ကပ်ရောဂါ ဖိစီးတဲ့ ကာလမတိုင်ခင် အခြေအနေမျိုးဆီ အမြန်ဆုံး ပြန်သွားနိုင်ဖို့ အစွမ်းကုန် တွန်းအားပေး လုပ်ဆောင်နေပါတယ်။

လတ်တလောမှာတော့ အမေရိကန်မှာ အရွယ်ရောက်ပြီးသူတွေကို ကာကွယ်ဆေး ထိုးနှံပေးဖို့ အရှိန်မြှင့် ဆောင်ရွက်နေသလို အသက် ၁၂ နှစ်ကနေ ၁၅ နှစ်ကြား ကလေးတွေကိုလည်း Pfizer ကုမ္ပဏီထုတ် ကာကွယ်ဆေး ထိုးပေးဖို့ ခွင့်ပြုချက် ပေးထားပါပြီ။ နိုင်ငံအနှံ့မှာလည်း ကျောင်းတွေ ပြန်ဖွင့်ဖို့ ပြင်ဆင်နေပါပြီ။

Public Service Announcement

Public Service Announcement

အမေရိကန်ဟာ ကမ္ဘာပေါ်မှာ Covid-19 ရောဂါ ကူးစက်မှုရော၊ အသေအပျောက်ပါ အများဆုံး နိုင်ငံအဖြစ် ရပ်တည်နေပေမယ့် လက်ရှိ အနေအထားအရ ကူးစက်နှုန်း သိသိသာသာ ကျဆင်းလာနေတာကို တွေ့ရပါတယ်။

ဘိုင်ဒန်က ကာကွယ်ဆေး မထိုးရသေးတဲ့ အမေရိကန် နိုင်ငံသားတွေ အနေနဲ့တော့ အပြင်ထွက် သွားလာတဲ့အခါ နှာခေါင်းစည်း မပျက်မကွက် ဆက်ပြီး တပ်ဆင်ကြဖို့ တိုက်တွန်းသွားပါတယ်။ အမေရိကန် သမ္မတဟာ နိုင်ငံသားတွေကို ကာကွယ်ဆေး ထိုးကြဖို့၊ ဒါမှမဟုတ် မဖြစ်မနေ နှာခေါင်းစည်း တပ်ရမယ်လို့ အမိန့်ပေးပိုင်ခွင့် မရှိကြောင်း၊ ဒါပေမဲ့ အများကောင်းကျိုးအတွက် ဖြစ်သင့်တာတွေကို ပြည်သူတွေက လေးစား လိုက်နာ ကူညီပေးကြဖို့ တိုက်တွန်းလိုကြောင်း ဘိုင်ဒန်က Twitterမှာ ရေးသားထားပါတယ်။

ဘိုင်ဒန်က အမေရိကန် လွတ်လပ်ရေးနေ့ဖြစ်တဲ့ ဇူလိုင် ၄ ရက် မတိုင်ခင်မှာ နိုင်ငံသား ဦးရေ စုစုပေါင်းရဲ့ ၇၀ ရာခိုင်နှုန်းထိ အနည်းဆုံး ကာကွယ်ဆေး တစ်ကြိမ် ထိုးပြီးဖို့ ရည်ရွယ်ထားပါတယ်။ လောလောဆယ်ထိ အမေရိကန်မှာ လူပေါင်း သန်း ၂၅၀ လောက် ကာကွယ်ဆေး ထိုးပြီးနေပါပြီ။

အမေရိကန်မှာ Covid-19 ရောဂါ ကူးစက်သူ ၃၃.၆ သန်းကျော် ရှိနေပြီး သေဆုံးသူက ၆ သိန်းနား နီးကပ်လာပြီ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပြီးခဲ့တဲ့နှစ်အတွင်း ကမ္ဘာပေါ်မှာ ကလေးဦးရေ ၁၄ သန်းကျော်ဟာ ဘာကာကွယ်ဆေး တစ်မျိုးမှ မထိုးဖူးတဲ့ အခြေအနေမျိုး ကြုံတွေ့ခဲ့ရကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန် ကျန်းမာရေးဝန်ကြီး ရောဘတ် အက်ဖ် ကနေဒီ ဂျူနီယာဟာ အစိုးရရဲ့ ကာကွယ်ဆေး ထိုးနှံမှုတွေကို စိစစ် အတည်ပြုပေးရတဲ့ ကော်မတီ တစ်ခုလုံးကို အလုပ်ထုတ်ပစ်ခဲ့ပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်း ကခွေးလေးခွေးလွင့်​တွေနဲ့ အိမ်မွေးခွေး၊ကြောင်​တွေကို မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊မွေးမြူရေးနှင့် ကုသရေးဌာနက ကာကွယ်ဆေးအခမဲ့ လိုက်လံထိုးပေး​နေပါတယ်။

နိုင်ငံတကာ

ငှက်ဖျားနဲ့ ပတ်သက်လို့ အာဖရိကတိုက်မှာ နောက်ထပ် အားတက်စရာ သတင်းတစ်ခုကတော့ အခုလ အစောပိုင်းတုန်းက ကိပ်ဗာဒီ နိုင်ငံဟာ နှစ်ပေါင်း ၅၀ လောက်အတွင်း ပထမဆုံးသော ငှက်ဖျားကင်းစင်တဲ့ ဆာဟာရ ဆက်စပ် နိုင်ငံအဖြစ် ကြေညာနိုင်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။