Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

သိုသိုသိပ်သိပ် လက်ထပ်ပွဲ ကျင်းပခဲ့တဲ့ ဗြိတိန် ဝန်ကြီးချုပ် စုံတွဲ

ဗြိတိန် ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆန်ဟာ သူ့ရဲ့ အတူနေ ချစ်သူနဲ့ သိုသိုသိပ်သိပ် လက်ထပ်ခဲ့ကြောင်း သိရပါတယ်။

ဒေါင်းနင်းလမ်း၊ ဝန်ကြီးချုပ် အိမ်တော်ကတော့ ဂျွန်ဆန်နဲ့ ကယ်ရီဆိုင်မွန်စ်တို့ လက်ထပ်လိုက်ပြီ ဆိုတာကို တရားဝင် မထုတ်ပြန်သေးပါဘူး။ ဗြိတိန် သတင်းဌာနတွေက ဒီမင်္ဂလာပွဲကို လန်ဒန်မြို့က ဝက်စ်မင်စတာ ဘုရားကျောင်းမှာ အကျဉ်းချုံး ပြုလုပ်ခဲ့တာလို့ ရေးသားနေကြပါတယ်။

မေလ ၂၉ ရက် မင်္ဂလာပွဲကို ဝန်ကြီးချုပ်တို့ စုံတွဲရဲ့ အရင်းနှီးဆုံး မိတ်ဆွေတွေနဲ့ မိသားစုဝင် အနည်းအကျဉ်းသာ ဖိတ်ကြားခဲ့တယ်လို့ ဆိုပါတယ်။ အလုပ်သမားနဲ့ ပင်စင်ရေးရာ ဝန်ကြီး ထရီဆီ ကော့ဖီးက ဂျွန်ဆန်နဲ့ ဆိုင်မွန်စ်တို့ရဲ့ မင်္ဂလာပွဲအတွက် ဂုဏ်ပြုကြောင်း Twitter ပေါ်မှာ ရေးသားထားခဲ့ပါတယ်။ ညပိုင်းမှာတော့ ဝန်ကြီးချုပ် အိမ်တော်ကနေ ဂီတသမားတချို့ ဖျော်ဖြေပြီး ပြန်လည် ထွက်ခွာသွားတာကို တွေ့ရပါတယ်။

Daily Mail သတင်းဌာနရဲ့ ဖော်ပြချက်အရ ပွဲတက်ခွင့်ရတဲ့ ဧည့်သည် ၃၀ လောက်ဟာ မင်္ဂလာပွဲ မတိုင်ခင် ရက်ပိုင်းအလိုမှ ကပ်ပြီး ဖိတ်ကြား ခံခဲ့ရတာလို့ သိရပါတယ်။ ပြီးတော့ ဝန်ကြီးချုပ်ရုံးက ဝန်ထမ်းတွေက ဒီမင်္ဂလာပွဲမှာ ပါဝင်ကူညီ ဆောင်ရွက်ပေးတာမျိုး မရှိခဲ့ဘဲ သာမန် ကက်သလစ် မိသားစု မင်္ဂလာပွဲဆန်ဆန် ပြုလုပ်သွားတယ်လို့ ဆိုပါတယ်။

အသက် ၃၃ နှစ်အရွယ် ဆိုင်မွန်စ်ဟာ ဂျွန်ဆန်အတွက် သားလေးတစ်ဦးကို ပြီးခဲ့တဲ့နှစ်၊ ဧပြီလက မွေးဖွားပေးထားပါတယ်။ သူနဲ့ အသက် ၅၆ နှစ်အရွယ် ဝန်ကြီးချုပ်တို့ဟာ ၂၀၁၉ ခုနှစ် အစောပိုင်းမှာ လူသိထင်ရှား စပြီး တွဲခဲ့ကြတာ ဖြစ်ပါတယ်။