မင်နီယာပိုလစ်မြို့ တရားသူကြီးက အသက် ၄၅ နှစ်အရွယ် ဒါရက်ခ် ချော်ဗင်းဟာ ထောင်ဒဏ် ၂၂ နှစ်နဲ့ ၆ လ ချမှတ် ခံရမယ်ဆိုတဲ့ စီရင်ချက်ကို ဖတ်ကြား ကြေညာခဲ့ပါတယ်။ တရားသူကြီးက ချော်ဗင်းဟာ ပြည်သူလူထု ယုံကြည် အပ်နှံထားတဲ့ အခွင့်အာဏာကို အလွဲသုံးစား ပြုခဲ့တယ်လို့လည်း ဝေဖန် ပြောကြားသွားပါတယ်။
ပြီးခဲ့တဲ့နှစ်၊ မေလက ဖြစ်စဉ်မှာ ဖလွိုက်ဒ်ဟာ ချော်ဗင်းရဲ့ အကြမ်းနည်းနဲ့ ဖမ်းဆီးမှုကြောင့် သေဆုံးခဲ့ရပါတယ်။ အသက် ၄၈ နှစ်အရွယ် ဖလွိုက်ဒ်ဟာ လက်ထိတ်ခတ်ပြီး မှောက်လျက်သား လဲကျနေတဲ့ အနေအထားမှာ လည်ပင်းပေါ် ချော်ဗင်းရဲ့ ဒူးနဲ့ ၉ မိနစ်ကြာ တက်ဖိတာ ခံထားရတဲ့နောက် သေဆုံးသွားခဲ့တာပါ။
ဒီဖြစ်ရပ်ကို လူသတ်မှုနဲ့ တရားစွဲဆိုခဲ့သလို ကမ္ဘာအနှံ့မှာလည်း လူမည်းတွေရဲ့ အခွင့်အရေးကို တောင်းဆိုတဲ့ Black Lives Matter ဆန္ဒပြပွဲတွေ အင်အားကောင်းကောင်းနဲ့ ပေါ်ပေါက်လာခဲ့ပါတယ်။ ချော်ဗင်းဟာ ဒုတိယဒီဂရီ လူသတ်မှုအတွက် ပြစ်မှုထင်ရှားကြောင်း ပြီးခဲ့တဲ့လက ဝန်ခံခဲ့ပါတယ်။ သူ့ရဲ့ ရှေ့နေတွေကတော့ ချော်ဗင်းဟာ ရည်ရွယ်ချက် ကောင်းမွန်ပေမယ့် အမှားတစ်ခု ကျူးလွန်မိခဲ့တာ ဖြစ်တယ်လို့ ခုခံ လျှောက်လဲခဲ့ပါတယ်။
ချော်ဗင်းဟာ ထောင်က လွတ်ခဲ့ရင်တောင် အန္တရာယ် ပေးနိုင်သူဆိုတဲ့ သတိပေးမှုနဲ့ ရှိနေမှာဖြစ်ပြီး ရာသက်ပန် လက်နက် ကိုင်ဆောင်ခွင့် ပိတ်ပင် ခံခဲ့ရပါတယ်။ ဖလွိုက်ဒ်ရဲ့ မိသားစုနဲ့ ရှေ့နေတွေကတော့ အခု စီရင်ချက်ကို ကြိုဆိုကြောင်း ကြေညာခဲ့ပါတယ်။ ဖလွိုက်ဒ်ရဲ့ ရှေ့နေတွေဟာ ချော်ဗင်းကို ထောင်ဒဏ် နှစ်ပေါင်း ၄၀ ထိ အမြင့်ဆုံး စီရင်ချက်ပြစ်ဒဏ် ချမှတ်ပေးဖို့ တရားခွင်မှာ တောင်းဆိုခဲ့ပါသေးတယ်။
ဖလွိုက်ဒ်သေဆုံးမှု အပြီးမှာ မင်နီယာပိုလစ်ကစလို့ အမေရိကန် တနံတလျားက မြို့ကြီးတွေဆီ Black Lives Matter ဆန္ဒပြပွဲတွေ ပျံ့နှံ့သွားခဲ့ပြီး တခြား ကမ္ဘာ့နိုင်ငံကြီးတွေဆီကိုလည်း ရောက်ရှိခဲ့ပါတယ်။ ဖလွိုက်ဒ်ကို အကြမ်းနည်းနဲ့ ဖမ်းဆီးနေတဲ့ ဖြစ်စဉ်ကို ဗီဒီယို မှတ်တမ်းတင်ထားတဲ့ ဆယ်ကျော်သက် မိန်းကလေး တစ်ဦးကတော့ အခုလဆန်းပိုင်းမှာ သတင်းမီဒီယာနဲ့ ပတ်သက်တဲ့ အထူး ပူလစ်ဇာ ဂုဏ်ပြုဆုတစ်ခု ချီးမြှင့် ခံခဲ့ရကြောင်း သိရပါတယ်။
