တရုတ်ရဲ့ ထိပ်တန်း ဆက်သွယ်ရေး နည်းပညာ ကုမ္ပဏီကြီး တစ်ခုအတွက် လုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်ကို အမေရိကန်က ရုပ်သိမ်းလိုက်ပါတယ်။
China Telecomကို ပြည်တွင်းမှာ လုပ်ငန်း လုပ်ကိုင်ခွင့် ပေးထားတာဟာ အမျိုးသား လုံခြုံရေး ကဏ္ဍအတွက် စိုးရိမ်စရာ ဖြစ်နေတယ်လို့ အမေရိကန် အစိုးရက ပြောပါတယ်။ တရုတ်မှာ အကြီးမားဆုံး စာရင်းဝင် ဆက်သွယ်ရေး နည်းပညာ လုပ်ငန်းစုကြီးဖြစ်တဲ့ China Telecom အနေနဲ့ အမေရိကန် အခြေစိုက် လုပ်ငန်းတွေကို ရက်ပေါင်း ၆၀ အတွင်း ရုပ်သိမ်းရတော့မှာပါ။
အမေရိကန်မှာ နှစ်ပေါင်း ၂၀ နီးပါးလောက် အခြေစိုက်လာတဲ့ China Telecomကတော့ အမေရိကန် အစိုးရရဲ့ ဆုံးဖြတ်ချက်ဟာ စိတ်ပျက်စရာ ဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။ တရုတ် အစိုးရ ထိန်းချုပ်မှုအောက်မှာ ရှိနေတဲ့ China Telecomအနေနဲ့ အမေရိကန်ရဲ့ ဆက်သွယ်ရေး ကွန်ရက်ဆိုင်ရာ အချက်အလက်တွေကို ပေါက်ကြားစေတာမျိုး ဖြစ်နိုင်တယ်လို့ အမေရိကန် အာဏာပိုင်တွေက ပြောပါတယ်။
နောက်ဆက်တွဲ အနေနဲ့ သူလျှိုမှုတွေ၊ အမေရိကန် နိုင်ငံသားတွေရဲ့ လွတ်လပ်ခွင့်အပေါ် ထိခိုက်နစ်နာတာတွေပါ ရှိလာနိုင်တယ်လို့လည်း အမေရိကန်ဖက်က ယူဆနေပါတယ်။ China Telecomကတော့ သူတို့ အနေနဲ့ လက်လျှော့ဦးမှာ မဟုတ်ဘဲ အမေရိကန်က ဖောက်သည်တွေကို ဆက်ပြီး ဝန်ဆောင်မှုပေးဖို့ နည်းလမ်းအားလုံးနဲ့ ကြိုးစားသွားဦးမယ်လို့ ဆိုပါတယ်။

Public Service Announcement
အမေရိကန် ဘဏ္ဍာရေးဝန်ကြီး ဂျဲနက် ယယ်လန်နဲ့ တရုတ် ဒုတိယ ဝန်ကြီးချုပ် လျူဟီတို့က နိုင်ငံတကာ စီးပွားရေး ကဏ္ဍနဲ့ ပတ်သက်လို့ ဆွေးနွေးကြပြီး နာရီပိုင်း အကြာမှာ China Telecom လိုင်စင် အသိမ်းခံရတဲ့သတင်း ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
အမေရိကန် ဆက်သွယ်ရေး နည်းပညာ စောင့်ကြည့်မှု အာဏာပိုင်တွေဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း လုံခြုံရေး ကဏ္ဍနဲ့ ပတ်သက်လို့ တရုတ် ကုမ္ပဏီတွေအပေါ် ပိုမို ပစ်မှတ်ထားလာပါတယ်။ မနှစ်ကလည်း Huaweiနဲ့ ZTEတို့ဟာ အမေရိကန် ကုမ္ပဏီတွေက သူတို့ရဲ့ ထုတ်ကုန်တွေကို ဝယ်ယူရခက်အောင် ရည်ရွယ်ချက်ရှိရှိ လုပ်ကိုင်နေကြောင်း အမေရိကန်က စွပ်စွဲခဲ့ပါတယ်။
၂၀၁၉ တုန်းကလည်း China Mobile၊ China Unicomနဲ့ Pacific Networksတို့ရဲ့ အမေရိကန်မှာ လုပ်ငန်း ဆောင်ရွက်ခွင့် လိုင်စင်တွေ ရုပ်သိမ်းခံခဲ့ရပြီး ဖြစ်ပါတယ်။
