ကိုဗစ်ရောဂါ ရှိမရှိ စစ်ဆေးတဲ့ ကိရိယာ (Test Kit) ၂ သန်းလောက်ကို စျေးကွက်ထဲကနေ ပြန်လည် သိမ်းယူဖို့ အမေရိကန် အစားအသောက်နဲ့ ဆေးဝါး ကွပ်ကဲရေးဌာန (FDA)က ညွှန်ကြားလိုက်ပါတယ်။
အဲဒီ Test Kit အားလုံးဟာ ဩစတြေးလျ နိုင်ငံက ဇီဝ နည်းပညာ ကုမ္ပဏီ Ellumeရဲ့ ထုတ်ကုန်တွေချည်း ဖြစ်ပါတယ်။ Test Kitတွေမှာ ချွတ်ယွင်းချက် တချို့ ရှိနေရာက လွဲမှားတဲ့ ဆေးစစ်အဖြေမျိုး ပြသနိုင်တယ်လို့ FDAက ဆိုပါတယ်။
Ellumeရဲ့ Test Kitတွေကို အသုံးပြုပြီး ဆေးစစ်ကြည့်တဲ့အခါ ရောဂါ တကယ် မရှိဘဲ Positive အဖြေ ထွက်ပေါ်တာမျိုးတွေ ရှိခဲ့ကြောင်း အမေရိကန် မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ ဒီပြဿနာဟာ ထုတ်လုပ်မှု လုပ်ငန်းစဉ်မှာ အမှားအယွင်း ရှိခဲ့တာကြောင့် ဖြစ်တယ်လို့ FDAက ဆိုပါတယ်။
အထူးသဖြင့် အောက်တိုဘာလမှာ အမေရိကန်ကို ရောက်ရှိလာတဲ့ Test Kitတွေထဲမှာ အဲဒီလို ချွတ်ယွင်းချက် ပါနေတာ တော်တော်များများ ဖြစ်နေတယ်လို့ သိရပါတယ်။ အခုတော့ FDAက ဖေဖော်ဝါရီ ၂၄ ရက်ကနေ ဩဂုတ် ၁၁ ရက်ကြားထိ ထုတ်လုပ် တင်ပို့လာတဲ့ Ellumeရဲ့ Test Kitတွေကို စျေးကွက်ထဲက ပြန်လည် သိမ်းဆည်းဖို့ ညွှန်ကြားခဲ့တာပါ။ ဒီ Test Kitတွေကို သုံးပြီး စစ်ဆေးရာမှာ Positive အဖြေအမှား ပြသမိတာ အနည်းဆုံး ၃၅ ကြိမ်လောက် ရှိခဲ့ကြောင်း သိရပါတယ်။

Public Service Announcement
Ellumeရဲ့ Test Kitဟာ နှာခေါင်းနဲ့ အာခေါင်တို့ဖတ်ကို ဆေးစစ်ပေးတာဖြစ်ပြီး ဆေးဝါးပစ္စည်း အရောင်းဆိုင် တော်တော်များများကို ဖြန့်ဝေထားပါတယ်။ FDAနဲ့ Ellumeတို့က Test Kitတွေမှာ Negativeရလဒ် မှားပြတာမျိုးတော့ မတွေ့ရဘူးလို့ ပြောပါတယ်။
အခုအခါမှာ ကုမ္ပဏီရဲ့ ထုတ်လုပ်မှု ကဏ္ဍ အမှားအယွင်းကို ပြင်ဆင်ထားပြီးပြီလို့ Ellumeက ကြေညာပြီး FDAကလည်း နောက်ဆက်တွဲ အခြေအနေတွေကို စောင့်ကြည့်သွားမယ်လို့ ထုတ်ပြန်ထားခဲ့ပါတယ်။18m


















































