မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်ကောင်စီက အာဏာသိမ်းယူလိုက်တာ တစ်နှစ်ပြည့်တဲ့ ဖေဖော်ဝါရီ ၁ ရက်ကစလို့ ကောလိပ် အဆောက်အအုံမှာ အနီရောင် မီးတွေ ထွန်းညှိထားမယ်လို့ RCPSGရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ ဒါဟာ ခက်ခဲ ကြမ်းတမ်းလွန်းတဲ့ တစ်နှစ်တာ ကာလအတွင်း အပြင်းအထန် ရုန်းကန်ခဲ့ရတဲ့၊ ဒါမှမဟုတ် အသက်ပေးရတဲ့ထိ စွန့်လွှတ် အနစ်နာ ခံခဲ့ရတဲ့ ဆေးပညာရှင်တွေ၊ ကျန်းမာရေး ဝန်ထမ်းတွေကို ထောက်ခံ အားပေးဖို့၊ အောက်မေ့ သတိရကြောင်း ပြသဖို့ ရည်စူးထားတဲ့ သဘောလည်း ဖြစ်ပါတယ်။
အာဏာသိမ်းမှု အပြီးကတည်းက မြန်မာနိုင်ငံမှာ စစ်ကောင်စီရဲ့ ရက်စက် ကြမ်းကြုတ်မှုတွေ ဘယ်လောက် ဆိုးဆိုးရွားရွား ဖြစ်ပေါ် နေသလဲ ဆိုတာကို သတိပြုမိကြောင်း၊ ဒီအတောအတွင်း အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံက ဆရာဝန်တွေ ဆုံးရှုံးနေရတဲ့ ပညာသင်ယူ လေ့လာခွင့်တွေကို ဖြည့်တင်းပေးဖို့လည်း ကောလိပ် အနေနဲ့ စီစဉ်ထားကြောင်း၊ ဒီအတွက် RCPSG Learning Hub for Myanmarဆိုတဲ့ အခမဲ့ အွန်လိုင်း သင်ယူမှု ပလက်ဖောင်းကို ဖန်တီးပေးထားကြောင်း RCPSGက ဆိုပါတယ်။
အဲဒီ ဒစ်ဂျစ်တယ် သင်ယူမှု ပလက်ဖောင်းဟာ MRCP စာမေးပွဲ ဖြေဆိုဖို့ ပြင်ဆင်နေသူတွေ မြန်မာနိုင်ငံက ကျေးလက်နဲ့ ပဋိပက္ခ နယ်မြေတွေမှာ အခြေချ လုပ်ကိုင်နေတဲ့ ဆရာဝန်တွေ၊ ခွဲစိတ် အထူးကုတွေအတွက် အဓိက ရည်ရွယ် ထူထောင်ထားတာလို့ သိရပါတယ်။
RCPSGရဲ့ ဥက္ကဋ္ဌဖြစ်သူ မိုက်ခ်မက်ကာဒီက မြန်မာနိုင်ငံမှာ အသက်ကိုရင်းပြီး တာဝန်ကျေအောင် ကြိုးစားနေတဲ့ ကျန်းမာရေး ပရော်ဖက်ရှင်နယ် ဝန်ထမ်း အားလုံးနဲ့ထပ်တူ ရပ်တည်ကြောင်း၊ မြန်မာနိုင်ငံရဲ့ ဆေးပညာ အသိုက်အဝန်းနဲ့ ကောလိပ်ကြားမှာ နက်ရှိုင်းတဲ့ ဆက်နွှယ်မှုတွေ ဆက်ရှိနေမှာ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံက ဆရာဝန်တွေနဲ့ ပဋိပက္ခတွေကြား ပိတ်မိနေသူတွေ အားလုံးအတွက် သတိတရ ဆုတောင်းပေးနေကြောင်း ပြောပါတယ်။

Public Service Announcement
ဒါ့အပြင် အာဏာသိမ်းမှု တစ်နှစ်ပြည့်တဲ့ ဖေဖော်ဝါရီ ၁ ရက်မှာ ကောလိပ် အဆောက်အအုံကို မီးအနီရောင်တွေ ထွန်းညှိထားမယ့် ကိစ္စကိုလည်း အတည်ပြုခဲ့ပါတယ်။ ပြီးခဲ့တဲ့ တစ်နှစ်တာအတွင်း ဘဝတွေ၊ အသက်တွေရင်းပြီး ကြိုးစား ရုန်းကန်ပေးခဲ့တဲ့ ကျန်းမာရေး ဝန်ထမ်းတွေနဲ့ ထပ်တူရပ်တည်နေဦးမယ် ဆိုတာကို ဒီတစ်နှစ်ပြည့် ကာလမှာလည်း RCPSGက ခိုင်ခိုင်မာမာ ရပ်တည် ပြသသွားမယ်လို့ ကောလိပ်ရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။


















































