Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

James Webb’s Telescopeက ပြောပြခဲ့တဲ့ အနန္တ စကြာဝဠာရဲ့ လျှို့ဝှက်ချက်များ

James Webb’s Telescopeဟာ အနန္တ စကြာဝဠာလို့ ညွှန်းဆိုရမယ့် ကျယ်ပြောလှတဲ့ အာကာသကြီးထဲက လူတွေ မသိနိုင်သေးတဲ့ လျှို့ဝှက်ချက်တွေကို တစ်စချင်းစီ ဖော်ထုတ်နိုင်ဖို့အတွက် သန်းနဲ့ချီတဲ့ ဓာတ်ပုံတွေကို ရိုက်ကူးထားခဲ့ပါတယ်။

James Webb’s Telescope
James Webb’s Telescope

အမေရိကန် အမျိုးသား အာကာသ အေဂျင်စီ (နာဆာ)ဟာ အာကာသထဲ လွှတ်တင်ထားတဲ့ နက္ခတ်တာရာကြည့် မှန်ပြောင်းကြီးဖြစ်တဲ့ James Webb’s Telescopeကနေ ရိုက်ကူးထားတဲ့ ဓာတ်ပုံ ၅ ပုံကို ပထမဆုံးအကြိမ် ထုတ်ပြန်ပေးလိုက်ပါတယ်။ James Webb’s Telescopeဟာ အနန္တ စကြာဝဠာလို့ ညွှန်းဆိုရမယ့် ကျယ်ပြောလှတဲ့ အာကာသကြီးထဲက လူတွေ မသိနိုင်သေးတဲ့ လျှို့ဝှက်ချက်တွေကို တစ်စချင်းစီ ဖော်ထုတ်နိုင်ဖို့အတွက် သန်းနဲ့ချီတဲ့ ဓာတ်ပုံတွေကို ရိုက်ကူးထားခဲ့ပါတယ်။ အဲဒီ ဓာတ်ပုံတွေဟာ လူ့သမိုင်းတလျှောက် ကမ္ဘာကနေ အဝေးကွာဆုံး တွေ့မြင်ရတဲ့ စကြာဝဠာ ဟင်းလင်းပြင် အစိတ်အပိုင်းတွေထိ မှတ်တမ်း တင်ထားတာပါ။ အဲဒီထဲကမှ NASAက ပထမဆုံး ဓာတ်ပုံ ၅ ပုံနဲ့ ဆက်စပ် အကြောင်းအရာတွေကို ထုတ်ပြန် ဖော်ပြပေးလိုက်တာ ဖြစ်ပါတယ်။

James Webb’s Telescope
James Webb’s Telescope

ကြယ်ပွင့်တို့ရဲ့ သားဖွားဆောင်

ကာရီနာ နက်ဗျူလာလို့ နာမည်ပေးထားတဲ့ အာကာသ ဟင်းလင်းပြင် ဇုန်နေရာဟာ ကြယ်တွေ ဆက်တိုက် မွေးထုတ်ပေးနေတဲ့ နေရာတစ်ခုလို့ James Webb’s Telescopeက အဖြေထုတ်ပေးခဲ့ပါတယ်။ ကမ္ဘာမြေ ဖွဲ့စည်းပါဝင်ရာ မစ်ကီဝေး ကြယ်စင်စုကြီးထဲမှာပဲ ဖွဲ့စည်း ပါဝင်နေပြီး ကမ္ဘာကနေ အလင်းနှစ် ၈၅၀၀ လောက် အကွာမှာ တည်ရှိနေတဲ့ ပဟေဠိ နယ်မြေအကြောင်း အရင်က သိပ္ပံပညာရှင်တွေ များများစားစား မသိခဲ့ကြပါဘူး။ ဒါကလည်း ကာရီနာ နက်ဗျူလာနဲ့ အနီးတဝိုက်မှာ ဓာတ်ငွေ့ထုကြီးနဲ့ အာကာသထဲက အမှုန်အမွှားတွေက ကန့်လန့်ကာ တစ်ခုလို ကာရံထားတာကြောင့်ပါ။ အခုတော့ James Webb’s Telescopeက ဒီအတားအဆီးတွေရဲ့ နောက်ကွယ်က အရှိတရားကို ဖော်ထုတ်နိုင်ခဲ့ပါပြီ။ ကာရီနာ နက်ဗျူလာမှာ အရင်က မှတ်တမ်း မတင်ဖူးသေးတဲ့ ကြယ်ပွင့်တွေ ရာနဲ့ချီ တွေ့ရှိခဲ့သလို အမှုန်အမွှား ကန့်လန့်ကာရဲ့ နောက်မှာ ဒီထက်လည်း ကြယ်တွေ အများကြီး ရှိနေဦးမယ်လို့ ယူဆရပါတယ်။ ဒီနေရာဟာ မစ်ကီဝေး ကြယ်စင်စုကြီးရဲ့ အသစ်လွင်ဆုံး၊ သက်တမ်း အနုဆုံး၊ အတောက်ပဆုံး ကြယ်တွေကို မွေးဖွားပေးနေတဲ့ သားဖွားဆောင် တစ်ခုလိုပါပဲ။

James Webb’s Telescope
James Webb’s Telescope

ငါးပွင့်ဆိုင် နဂါးငွေ့တန်းတွေ

အားကောင်းလှတဲ့ နက္ခတ်တာရာကြည့် မှန်ပြောင်းကြီးဟာ မစ်ကီဝေး ကြယ်စင်စု နဂါးငွေ့တန်းရဲ့ အလွန်က နဂါးငွေ့တန်း ငါးခုကို စုစုစည်းစည်း တွေ့မြင်ရတဲ့ ဓာတ်ပုံတွေကိုလည်း ရိုက်ကူးလာနိုင်ခဲ့ပါတယ်။ ကမ္ဘာနဲ့ အလင်းနှစ် သန်း ၂၉၀ လောက် ကွာဝေးတဲ့ နေရာမှာ အရင်တုန်းက နဂါးငွေ့တန်း လေးခုပဲ ရှိတယ်လို့ ယုံကြည်ထားခဲ့တာပါ။ တစ်ခုစီတိုင်းမှာ ဘီလီယံနဲ့ချီ များပြားတဲ့ ကြယ်တွေ စုဖွဲ့ ပါဝင်ထားရာ နဂါးငွေ့တန်းကြီးတွေကို အခုလို ပြက်ပြင်ထင်ထင် တွေ့မြင်လာရတာက ထူးကဲလွန်းတယ်လို့ နာဆာရဲ့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။ ဒီဓာတ်ပုံဟာ ပုံရိပ်ဖော် သိပ်သည်းမှု Pixelပေါင်း သန်း ၁၅၀ လောက်နဲ့ အနုစိတ် ပုံဖော်ထားပြီး James Webb’s Telescopeက ရိုက်ယူလာတဲ့ ပုံရိပ်ပေါင်း ၁၀၀၀ လောက်ကို ချိတ်ဆက် စုစည်းထားတာ ဖြစ်ပါတယ်။ စကြာဝဠာကြီး စတင် ဖြစ်တည်လာတဲ့ အစောပိုင်း ကာလတွေမှာ နဂါးငွေ့တန်းတွေ အချင်းချင်း ဘယ်လို သက်ရောက်မှုတွေ ရှိစေသလဲ ဆိုတာကို လေ့လာဖို့ဆိုရင် ဒီဓာတ်ပုံကနေ အားကောင်းထိရောက်တဲ့ အချက်အလက်တွေ ရရှိလာစေလိမ့်မယ်လို့ နာဆာက ပြောပါတယ်။ ဓာတ်ပုံ အထောက်အထားတွေအရ နဂါးငွေ့တန်း ၃ ခုဟာ အချင်းချင်း သက်ရောက် ဆွဲငင်နေတယ်လို့လည်း ယုံကြည်ရပါတယ်။

James Webb’s Telescope
James Webb’s Telescope

ကြယ်တို့ရဲ့ ဈာပန

တချို့သော ကြယ်တွေဟာ သူတို့ရဲ့ နောက်ဆုံး ထွက်သက်ကို အလှပဆုံး ပုံရိပ်တွေနဲ့ အမှတ်တရ ချန်ထားခဲ့ချင်ပုံပါပဲ။ နက္ခတ်တာရာကြည့် မှန်ပြောင်းကြီးက ရိုက်ယူထားတဲ့ ဓာတ်ပုံနှစ်ခုဟာ အာကာသ ဟင်းလင်းပြင် နက်ဗျူလာ တစ်နေရာက ပျက်စီးခါနီး ကြယ်တစ်စင်းရဲ့ နောက်ဆုံး တွေ့မြင်ရတဲ့ အလှတရားကို မှတ်တမ်း တင်ထားခဲ့ပါတယ်။ Infrared အလင်းလျှော့ထားတဲ့ ဓာတ်ပုံတစ်ပုံမှာ ရောင်စဉ် စက်ဝန်းရဲ့ အလယ်က တောက်ပနေတဲ့ ကြယ်ဟာ တစ်စင်းတည်း မဟုတ်ဘဲ နှစ်စင်းဖြစ်ကြောင်း တွေ့နိုင်ပါတယ်။ အရင်ကတော့ ဓာတ်ငွေ့နဲ့ ဖုန်လုံးကြီးတွေ ဖုံးလွှမ်းနေတာကြောင့် အလင်းရောင် တောက်ပတဲ့ ကြယ်တစ်စင်းတည်းကိုပဲ သတိပြုမိခဲ့ပါတယ်။ အခုအခါ သေဆုံးခါနီး ကြယ်ပွင့်ဟာ လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာ ကတည်းက ဓာတ်ငွေ့တွေ အလုံးအရင်း ထုတ်လွှတ်ရင်း ဓာတ်ပုံတွေထဲမှာ လှပလွန်းတဲ့ ရောင်စဉ် စက်ဝန်းတစ်ခုကို ဖြစ်ပေါ်စေခဲ့ပါတယ်။ နာဆာရဲ့ သိပ္ပံပညာရှင်တွေကတော့ ကမ္ဘာနဲ့ အလင်းနှစ် ၂၅၀၀ လောက် အကွာမှာ တည်ရှိတဲ့ အာကာသ ဟင်းလင်းပြင်ရဲ့ နောက်ထပ် ပဟေဠိဆန်တဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်နိုင်ဖို့ မစောင့်နိုင်အောင် ဖြစ်နေကြပါပြီ။

Public Service Announcement

Public Service Announcement

James Webb’s Telescope
James Webb’s Telescope

ရေရှိနိုင်တဲ့ ဂြိုဟ်တစ်လုံး

ဒါကတော့ ဓာတ်ပုံတစ်ပုံကို အခြေပြုထားတဲ့ တွက်ချက်မှုတွေပါပဲ။ နေစကြာဝဠာရဲ့ အပြင်ဖက်မှာ ရှိနေတဲ့ တခြားကြယ်တစ်စင်းကို လှည့်ပတ်နေတဲ့ ဂြိုဟ်တစ်လုံးမှာ ရေရှိနိုင်တယ်ဆိုတဲ့ စိတ်ဝင်စားစရာ အချက်အလက်တွေကို ရရှိခဲ့ပါတယ်။ ရေခိုးရေငွေ့တွေနဲ့ ဖွဲ့စည်းထားတဲ့ မိုးတိမ်တွေ၊ နှင်းမှုန်တွေ ရှိနေတဲ့ အထောက်အထားတွေကိုလည်း ဓာတ်ပုံထဲမှာ မြင်နေရပါတယ်။ ပူပြင်းပြီး ဓာတ်ငွေ့တွေ ဖုံးလွှမ်းနေတဲ့ ဂြိုဟ်ကြီးပေါ်မှာ ရေရှိနိုင်တယ် ဆိုတာက နာဆာ ပညာရှင်တွေရဲ့ အာရုံကို အကြီးအကျယ် ဆွဲဆောင်နေပါတယ်။ အရင်က Hubble Space Telescope နက္ခတ်တာရာကြည့် မှန်ပြောင်းကြီးနဲ့ ရိုက်ယူထားတဲ့ ဓာတ်ပုံတွေအရ ဒီဂြိုဟ်မှာ ရေရှိနိုင်လောက်တယ်လို့ ယူဆခဲ့ပေမယ့် အခုတော့ James’ Webb Telescopeကြောင့် ပိုပြီး ပြတ်သား ကြည်လင်တဲ့ ပုံရိပ်တွေကို ရရှိလာခဲ့တာပါ။ ဂျူပီတာဂြိုဟ်ရဲ့ ထက်ဝက်လောက် ဒြပ်ထုရှိပြီး မိခင် နေအဖွဲ့အစည်းက ကြယ်ကို ၃ ရက်ခွဲမှာ ၁ ကြိမ်နှုန်းလောက်နဲ့ လှည့်ပတ်နေတဲ့ အဲဒီဂြိုဟ်ရဲ့ မျက်နှာပြင်က ၁၀၀၀ ဒီဂရီ ဖာရင်ဟိုက်လောက်ထိ ပူပြင်းနေတယ်လို့ နာဆာက ခန့်မှန်းထားပါတယ်။

James Webb’s Telescope
James Webb’s Telescope

အနန္တ စကြာဝဠာသို့ မျှော်ကြည့်ခြင်း

James Webb’s Telescopeက ရိုက်ယူခဲ့တဲ့ အခု ဓာတ်ပုံဟာ လူ့သမိုင်းတလျှောက်မှာ စကြာဝဠာကြီးကို အဝေးကွာဆုံး မျှော်ကြည့်နိုင်တဲ့ မြင်ကွင်းလို့ နာဆာက ပြောပါတယ်။ SMACS 0723လို့ ကုတ်ဒ်နာမည် ပေးထားပြီး ကြယ်စင်စုတွေ ပျံ့နှံ့ တည်ရှိနေရာ စကြာဝဠာ ဇုန်နယ်မြေ တစ်ခုကို ရိုက်ယူထားခဲ့တာပါ။ နဂါးငွေ့တန်း ထောင်နဲ့ချီ ပါဝင်နေပြီး Infrared အလင်းလျှော့ပြီး ကြည့်မယ်ဆိုရင် အလင်းဖျော့ဖျော့ တောက်ပနေတဲ့ နောက်ထပ် ကြယ်စင်စုတွေကို မြင်နိုင်ပါသေးတယ်။ တချို့ အလင်းရောင်တွေဟာ ကမ္ဘာကနေ အလင်းနှစ် ၁၃ ဘီလီယံလောက် အကွာအဝေးကို ဖြတ်သန်းပြီး James Webb’s Telescopeရဲ့ မှန်ဘီလူးတွေပေါ် ပုံရိပ် လာထင်ခဲ့တာ ဖြစ်ပါတယ်။ နာဆာကတော့ ဒီဓာတ်ပုံတွေမှာ တွေ့ရတဲ့ မြင်ကွင်းဆိုတာ ကောင်းကင်ပြင်ကြီး တစ်ခုလုံးရဲ့ သဲတစ်မှုန်လောက်စာ အစိတ်အပိုင်းလေးကိုသာ အကြီးချဲ့ထားတာ ဖြစ်တယ်လို့ ပြောပါတယ်။ စကြာဝဠာကြီး ဘယ်လောက် ကြီးမား ကျယ်ပြန့်သလဲ ဆိုတာကို ပြောပြဖို့ ဒီဓာတ်ပုံက အကောင်းဆုံး သက်သေတစ်ခုပါပဲ။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တချို့သတင်းတွေကတော့ အခုသီတင်းပတ် အစောပိုင်းတုန်းက ဘာဒင်ညက်စ်ခ် မြို့ထဲမှာ တပ်စွဲထားတဲ့ ရုရှားတပ်တွေကို ယူကရိန်းက တိုက်ခိုက်ရာမှာ နောက်ထပ် ဒုံးကျည်တစ်စင်း ထပ်သုံးခဲ့ကြောင်း ဖော်ပြနေပါတယ်။

နိုင်ငံတကာ

ရုရှား အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဒစ်မစ်ထရီ ပက်စ်ကော့ဗ်ကတော့ အခုဆုံးဖြတ်ချက်ဟာ အမေရိကန်ကို ကြွယ်ဝသထက် ကြွယ်ဝစေပြီး ယူကရိန်း အတွက်တော့ နောက်ထပ် အသက်တွေ စတေးရင်း တွင်းဆုံးကျစေမယ့် ကိစ္စမျိုးလို့ တုံ့ပြန်သွားပါတယ်။

နိုင်ငံတကာ

အမေရိကန်က အဲဒီအဆိုကို ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့မေယ့် အမေရိကန်ရဲ့ အနီးစပ်ဆုံး မဟာမိတ်တွေထဲက ပြင်သစ်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ကလည်း ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေး အဆိုကို ထောက်ခံခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ကုလသမဂ္ဂဆိုင်ရာ အီရန် သံတမန် အဖွဲ့က အီရန်ရဲ့ တိုက်ခိုက်မှုဟာ တရားမျှတပြီး အမေရိကန် အနေနဲ့ ကြားမဝင်ဖို့ လိုတယ်လို့ သတိပေးလိုက်တာ ဖြစ်ပါတယ်။