Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂျပန်မှာ မုန်တိုင်း နောက်ဆက်တွဲ မြေပြိုမှု၊ ရေကြီးမှု အန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထား

မုန်တိုင်း ဖြတ်သန်းသွားပေမယ့် နောက်ထပ် ၂၄ နာရီအတွင်း ဂျပန်တောင်ပိုင်း ဒေသတွေမှာ မိုးသည်းသည်းထန်ထန် ရွာသွန်းနိုင်သလို ရေကြီးတာတွေ၊ မြေပြိုတာတွေ ဖြစ်လာနိုင်တယ်လို့ အရေးပေါ် အခြေအနေ တုံ့ပြန်ရေးဌာနက သတိပေးထားပါတယ်။

ဂျပန်မှာ မုန်တိုင်း နောက်ဆက်တွဲ မြေပြိုမှု၊ ရေကြီးမှု အန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထား
ဂျပန်မှာ မုန်တိုင်း နောက်ဆက်တွဲ မြေပြိုမှု၊ ရေကြီးမှု အန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထား

အင်အားပြင်း တိုင်ဖွန်းမုန်တိုင်းကြီး ကျော်ဖြတ်သွားပြီ ဖြစ်ပေမယ့် နောက်ဆက်တွဲ မြေပြိုမှုတွေ၊ ရေကြီးမှုတွေရဲ့ အန္တရာယ်ကို သတိထားကြဖို့ ဂျပန် အာဏာပိုင်တွေက ဆော်ဩထားပါတယ်။

တိုင်ဖွန်းမုန်တိုင်း နန်မက်ဒိုလ်ဟာ စက်တင်ဘာ ၁၉ ရက်မှာ ဂျပန်တောင်ပိုင်း၊ ကျူရှူးကျွန်း ကမ်းရိုးတန်းကနေ ကုန်းတွင်း ဝင်ရောက်ခဲ့တဲ့နောက် အရှေ့မြောက်ဖက်ကို ပြောင်းလဲ ဦးတည်ပြီး ဂျပန်နိုင်ငံ အလယ်ပိုင်း ဒေသတွေကို ဖြတ်ကျော်ခဲ့ပါတယ်။ မုန်တိုင်းရဲ့ အားအပြင်းဆုံး အချိန်မှာ လေတိုက်နှုန်း တစ်နာရီ ကီလိုမီတာ ၂၀၀ ကျော်လောက်ထိ ရောက်ရှိခဲ့ပေမယ့် ကုန်းတွင်း ဝင်ရောက်ပြီးချိန်ကစလို့ သိသိသာသာ အားပြန်လျော့သွားကြောင်း ဂျပန် မိုးလေဝ အေဂျင်စီက ပြောပါတယ်။

လက်ရှိ အချိန်ထိ မုန်တိုင်းနဲ့ ဆက်စပ် သေဆုံးသူ ၂ ဦး ရှိလာပြီး နောက်ထပ် ၂ ဦးလည်း ပျောက်ဆုံးနေပါတယ်။ ပြီးတော့ ဒဏ်ရာရသူ ၉၀ ကျော် ရှိတယ်လို့ ကယ်ဆယ်ရေးတွေက ပြောပါတယ်။ ဒေသဆိုင်ရာ အာဏာပိုင်တွေဟာ မုန်တိုင်း ဝင်ရောက်မလာခင် တစ်ရက်လောက် အလိုကတည်းက လူပေါင်း ၉ သန်းကျော်လောက်ကို အရေးပေါ် ရွှေ့ပြောင်းပေးထားပါတယ်။

မုန်တိုင်း ဖြတ်သန်းသွားပေမယ့် နောက်ထပ် ၂၄ နာရီအတွင်း ဂျပန်တောင်ပိုင်း ဒေသတွေမှာ မိုးသည်းသည်းထန်ထန် ရွာသွန်းနိုင်သလို ရေကြီးတာတွေ၊ မြေပြိုတာတွေ ဖြစ်လာနိုင်တယ်လို့ အရေးပေါ် အခြေအနေ တုံ့ပြန်ရေးဌာနက သတိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

မုန်တိုင်းကြောင့် လေပြင်းတွေ တိုက်ခတ်ပြီး မိုးသည်းသည်းထန်ထန် ရွာသွန်းခဲ့သလို သစ်ပင်တွေ၊ ဓာတ်တိုင်တွေလည်း ပြိုလဲခဲ့ပါတယ်။ နေရာအနှံ့ လျှပ်စစ်ဓာတ်အား ပြတ်တောက်တာတွေ၊ ပို့ဆောင် ဆက်သွယ်ရေးဆိုင်ရာ နှောင့်နှေးမှုတွေလည်း ကြုံခဲ့ပါသေးတယ်။ လူမှုကွန်ရက်တွေပေါ် ရောက်လာတဲ့ ဗီဒီယို တချို့မှာတော့ လေပြင်းတိုက်လို့ အမိုးတွေ လန်ကုန်တာ၊ ပြတင်းမှန်တွေ ကွဲထွက်ကုန်တာ၊ ကြော်ငြာ ဆိုင်းဘုတ်ကြီးတွေ ပြိုလဲကုန်တာတွေကို တွေ့ရပါတယ်။

နိုင်ငံမှာ သဘာဝ ဘေးအန္တရာယ် ကြုံနေရတဲ့ အခြေအနေကြောင့် ဂျပန် ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါကလည်း ကုလသမဂ္ဂ ညီလာခံ တက်ရောက်ဖို့ နယူးယောက်မြို့ဆီ သွားမယ့် ခရီးစဉ်ကိုပါ ဆိုင်းငံ့ထားလိုက်ပါတယ်။ မုန်တိုင်းဟာ လောလောဆယ်မှာ အတော်ကြီး အားပျော့သွားပေမယ့် ဂျပန် ကုန်းတွင်းပိုင်းကို ဆက်လက် ဖြတ်ကျော်နေပြီး စက်တင်ဘာ ၂၁ ရက်မှာတော့ အရှေ့ပင်လယ် ရေပြင်ဆီ ပြန်ရောက်သွားမယ်လို့ ခန့်မှန်းရပါတယ်။

ဂျပန်ဟာ ၁ လမပြည့်ခင် အချိန်တိုအတွင်း တိုင်ဖွန်းအဆင့် မုန်တိုင်း ၃ ခု ဝင်ရောက် တိုက်ခတ်မှုကို ကြုံခဲ့ရတာပါ။ ကမ္ဘာ့ ရာသီဥတု ပူနွေးလာခြင်းနဲ့အတူ ပင်လယ် ရေမျက်နှာပြင် အပူချိန် မြင့်တက်လာတာကြောင့်လည်း ကမ္ဘာအနှံ့မှာ မုန်တိုင်းတွေ အရင်ကထက် ပိုမို အဖြစ်များလာနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ယုံကြည်ထားကြပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အင်အားပြင်း တိုင်ဖွန်းမုန်တိုင်းတစ်ခု ချဉ်းကပ်လာမှုကြောင့် ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း ဒေသတွေမှာ လူပေါင်း သိန်းနဲ့ချီ အရေးပေါ် ပြောင်းရွှေ့နေစေသလို လေယာဉ် ခရီးစဉ် ၅၀၀ ကျော်ကို ဖျက်သိမ်းခဲ့ရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ မူးမြစ်ရေကြီးမှုကြောင့် ကျေးရွာ ၁၄ ရွာထက်မနည်း နေရာရွှေ့ပြောင်းနေရပါတယ်။

နိုင်ငံတကာ

ဂျပန်ရဲ့ လက်နက်ပြန်လည် တပ်ဆင်နေမှုအတွက် စစ်ရေးအရ ရွေးချယ်စရာ အစီအမံ အသစ်တွေကို ပြင်ဆင်သွားမယ်လို့ မြောက်ကိုရီးယား အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

ကျူရှူးကျွန်းပေါ်က ငလျင်ဘေးသင့် ကူမာမိုတို ဒေသဆီ ဂျပန်ဝန်ကြီးချုပ် စနအဲ တကိချိက ကိုယ်တိုင် သွားရောက်ခဲ့ပြီး ကယ်ဆယ်ရေး အဖွဲ့ဝင်တွေ၊ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။