Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်းကို ကလက်စတာဗုံးတွေ ထောက်ပံ့မယ့်ကိစ္စ ဘိုင်ဒန် ကာကွယ်

ရုရှားဟာ လက်ရှိစစ်ပွဲမှာ ကလက်စတာဗုံးတွေ အသုံးပြုနေခဲ့ပြီး ဖြစ်ကြောင်း၊ အမေရိကန်က ယူကရိန်းဆီ ပေးပို့မယ့် ဗုံးတွေက ရုရှားသုံးစွဲနေတဲ့ အမျိုးအစားတွေထက် အရပ်သားတွေအတွက် လုံခြုံရေး အာမခံချက် အများကြီး ပိုကြောင်းလည်း ဆူလီဗန်က ကာကွယ် ပြောကြားသွားပါတယ်။

ယူကရိန်းကို ကလက်စတာဗုံးတွေ ထောက်ပံ့မယ့်ကိစ္စ ဘိုင်ဒန် ကာကွယ်
ယူကရိန်းကို ကလက်စတာဗုံးတွေ ထောက်ပံ့မယ့်ကိစ္စ ဘိုင်ဒန် ကာကွယ်

ယူကရိန်းအတွက် ကလက်စတာဗုံး (ပဒေသာဗုံး)တွေ ထောက်ပံ့ပေးသွားမယ့် ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ကာကွယ် ပြောကြားခဲ့ပါတယ်။

သူဟာ ဖျက်ဆီးအား ပြင်းထန်ပြီး ကျင့်ဝတ်ပိုင်းအရ မေးခွန်းထုတ်စရာ ဖြစ်နိုင်တဲ့ အဲဒီ စစ်လက်နက်တွေ ယူကရိန်းဆီ ထောက်ပံ့ရေး ကိစ္စကို သေသေချာချာ အချိန်ယူ စဉ်းစားခဲ့တယ်လို့ ဘိုင်ဒန်က ဆိုပါတယ်။ ဒါပေမဲ့ ယူကရိန်းဟာ လောလောဆယ်မှာ ခဲယမ်းမီးကျောက် ရှားပါးပြတ်လပ်မှု ပြဿနာတွေ ကြုံနေရတဲ့အတွက် အခုကိစ္စကို ဆုံးဖြတ် လက်ခံခဲ့တာလို့ ဘိုင်ဒန်က အကြောင်းပြပါတယ်။

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကတော့ အမေရိကန်ရဲ့ ဆုံးဖြတ်ချက်ကို အချိန်ကိုက် ထိရောက်တဲ့ လှုပ်ရှားမှု တခုလို့ ရည်ညွှန်းပြီး ချီးကျူး ကြိုဆိုခဲ့ပါတယ်။ ဘိုင်ဒန်က သူ့ရဲ့ ခက်ခဲလှတဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး NATO စစ်မဟာမိတ် နိုင်ငံတွေဆီ ကြိုတင် အသိပေးထားပြီး ဖြစ်တယ်လို့လည်း ပြောပါတယ်။

ကလက်စတာ ဗုံးတွေဟာ ပင်မ ဗုံးကြီးတစ်လုံးကနေ ကျယ်ဝန်းတဲ့ ဧရိယာမျိုးဆီ ဗုံးအသေးလေးတွေ ဖြန့်ကျက် ကျရောက်အောင် တည်ဆောက်ထားတာ ဖြစ်ပါတယ်။ နိုင်ငံပေါင်း ၁၂၀ လောက်မှာ အဲဒီဗုံးတွေကို အသုံးမပြုဖို့ ပိတ်ပင်ထားပေမယ့် အမေရိကန်၊ ရုရှား၊ တရုတ်စတဲ့ ကမ္ဘာ့အင်အားကြီး နိုင်ငံတွေကတော့ ဒီသဘောတူညီမှုမျိုးကို လက်ခံမထားပါဘူး။

Public Service Announcement

Public Service Announcement

အမေရိကန် အစိုးရရဲ့ အမျိုးသား အကြံပေး အရာရှိ ဂျက်ဆူလီဗန်က ကလက်စတာ ဗုံးတွေ အသုံးပြုလိုက်ချိန် မပေါက်ကွဲဘဲ ကြွင်းကျန်နေတဲ့ ဗုံးအသေးတွေက နောင်တစ်ချိန်မှာ အရပ်သား ပြည်သူတွေကို ထိခိုက်စေနိုင်တယ် ဆိုတာကို ဝန်ခံခဲ့ပါတယ်။ ဒါကြောင့်လည်း အမေရိကန်ဟာ အခုကိစ္စကို တတ်နိုင်သမျှ အချိန်ဆွဲပြီး နောက်ဆုတ်ထားခဲ့တာလို့ သူက ပြောပါတယ်။ ဒါပေမဲ့လည်း လက်ရှိ ရုရှားနဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲရဲ့ အနေအထားအရ ယူကရိန်းကို အကာအကွယ် ကင်းမဲ့သွားအောင် မျက်ကွယ်ပြုထားလို့လည်း မရဘူးလို့ သူက ဆိုပါတယ်။

ရုရှားဟာ လက်ရှိစစ်ပွဲမှာ ကလက်စတာဗုံးတွေ အသုံးပြုနေခဲ့ပြီး ဖြစ်ကြောင်း၊ အမေရိကန်က ယူကရိန်းဆီ ပေးပို့မယ့် ဗုံးတွေက ရုရှားသုံးစွဲနေတဲ့ အမျိုးအစားတွေထက် အရပ်သားတွေအတွက် လုံခြုံရေး အာမခံချက် အများကြီး ပိုကြောင်းလည်း ဆူလီဗန်က ကာကွယ် ပြောကြားသွားပါတယ်။

ဘိုင်ဒန်က အခုဆုံးဖြတ်ချက်အတွက် အမေရိကန်မှာ အဲဒီဗုံးလက်နက်တွေ ထုတ်လုပ်ဖို့ ကန့်သတ်ထားတဲ့ ဥပဒေတွေကို ကျော်လွှားပြီး ခွင့်ပြုသွားမယ်လို့ ပြောပါတယ်။ ပြီးတော့ အမှားအယွင်း ဖြစ်နိုင်ခြေ၊ တနည်းအားဖြင့် ကြဲချချိန်၊ ဒါမှမဟုတ် ပစ်ခတ်ချိန်မှာ ဗုံးငယ်တွေ မပေါက်ကွဲဘဲ ကြွင်းကျန်နေနိုင်ခြေ ၁ ရာခိုင်နှုန်းလောက်ထိ လျှော့ချနိုင်မယ့် ကလက်စတာဗုံး အမျိုးအစားတွေကိုသာ ယူကရိန်းဆီ လွှဲပေးမယ်လို့လည်း ဆိုပါတယ်။

အမေရိကန် အတွက်ကတော့ အခုလုပ်ဆောင်မှုဟာ အပြောနဲ့အလုပ် မညီသလို အဓိပ္ပါယ်မျိုး ဖြစ်နေပါတယ်။ စစ်ပွဲကာလ အစောပိုင်းမှာ ရုရှားက ကလက်စတာဗုံးတွေနဲ့ လေဟာနယ်ဗုံးတွေ အသုံးပြုခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့တဲ့အခါ အိမ်ဖြူတော်ရဲ့ ပြန်ကြားရေး အရာရှိ ဒီလက်နက်မျိုးတွေသာ သုံးစွဲရိုး မှန်ခဲ့ရင် ရုရှားဟာ စစ်ရာဇဝတ်မှု ကျူးလွန်နေတဲ့ အဓိပ္ပါယ်ပဲလို့ တင်းတင်းမာမာ စွပ်စွဲခဲ့ဖူးပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။

နိုင်ငံတကာ

လောလောဆယ်တော့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ တွေ့ဆုံဖို့ မဖြစ်နိုင်လောက်သေးကြောင်း ရုရှား သမ္မတ ဗလာဒီမာ ပူတင်က မှတ်ချက်ပေးခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား သမ္မတ ဗလာဒီမာ ပူတင်နဲ့ မျက်နှာစုံညီ တွေ့ဆုံချင်ကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အတိအလင်း တောင်းဆိုလိုက်ပါတယ်။