Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဖီထာကို ဝန်ကြီးချုပ်အဖြစ် တင်မြှောက်ဖို့ ထိုင်းဒီမိုကရေစီရေး လှုပ်ရှားသူတွေ ဆန္ဒပြ

ထိုင်းရွေးကောက်ပွဲ အနိုင်ရ ပါတီရဲ့ ခေါင်းဆောင်ကို ဝန်ကြီးချုပ်အဖြစ် တင်မြှောက်ဖို့ ထိုင်းလွှတ်တော်ကို ဦးတည်ပြီး ဒီမိုကရေစီ လိုလားသူတွေက ဘန်ကောက်မြို့တော်မှာ ဆန္ဒပြခဲ့ကြပါတယ်။

ဖီထာကို ဝန်ကြီးချုပ်အဖြစ် တင်မြှောက်ဖို့ ထိုင်းဒီမိုကရေစီရေး လှုပ်ရှားသူတွေ ဆန္ဒပြ
ဖီထာကို ဝန်ကြီးချုပ်အဖြစ် တင်မြှောက်ဖို့ ထိုင်းဒီမိုကရေစီရေး လှုပ်ရှားသူတွေ ဆန္ဒပြ

ဇူလိုင် ၂၃ ရက်မှာ ရာနဲ့ချီ များပြားတဲ့ ဆန္ဒပြသူတွေ စုဝေးပြီး Move Forwardပါတီ (MFP) အကြီးအကဲ ဖီထာ လင်မ်ဂျာရွန်ရတ်ကို ဝန်ကြီးချုပ်အဖြစ် ထောက်ခံကြောင်း ပြသခဲ့ကြပါတယ်။ MFPဟာ မေလလယ်က ကျင်းပတဲ့ အောက်လွှတ်တော် ရွေးကောက်ပွဲမှာ လွှတ်တော်အမတ် နေရာ အများဆုံး အနိုင်ရခဲ့တဲ့နောက် ဖီထာက အတိုက်အခံ ၈ ပါတီကို စုစည်းပြီး ဝန်ကြီးချုပ်အဖြစ် ဦးဆောင်ဖို့ ရည်ရွယ်ခဲ့ပါတယ်။

ဒါပေမဲ့ ထိုင်းလွှတ်တော်ထဲက ရွေးကောက်ခံ မဟုတ်တဲ့ အထက်လွှတ်တော် အမတ်များစုက ဖီထာကို ဝန်ကြီးချုပ်အဖြစ် မထောက်ခံခဲ့တာကြောင့် လုံလောက်တဲ့ မဲအရေအတွက် မရရှိခဲ့ဘဲ ဖီထာရဲ့ ဝန်ကြီးချုပ် အိပ်မက် ပျက်ပြယ်ခဲ့ပါတယ်။ ဒါ့အပြင် အခြေခံ ဥပဒေ ခုံရုံးကလည်း ဖီထာဟာ ရွေးကောက်ပွဲဆိုင်ရာ သတ်မှတ်ချက် တစ်ခုကို ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖီထာရဲ့ ရွေးကောက်ခံ အမတ်ဖြစ်ခွင့်ကို ဆိုင်းငံ့ထားလိုက်ပါတယ်။

အခြေအနေ အရပ်ရပ်ကြောင့် ဖီထာဟာ ဝန်ကြီးချုပ်ဖြစ်ခွင့်ကို လက်လွှတ်ပေးလိုက်ပြီး ၈ ပါတီ မဟာမိတ်တွေထဲမှာ ရွေးကောက်ပွဲ ဒုတိယ မဲအများဆုံး ရခဲ့တဲ့ ဖျူထိုင်းပါတီ (PTP)ရဲ့ ဝန်ကြီးချုပ်လောင်းကို ထောက်ခံသွားမယ်လို့ MFPက ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ PTPက ဇူလိုင် ၂၇ ရက်၊ ဝန်ကြီးချုပ်သစ် တင်မြှောက်ရေးကိစ္စ အဆင်ချောစေဖို့ အထက်လွှတ်တော် အမတ်တွေနဲ့ ညှိနှိုင်းခဲ့တဲ့နောက် အခြေအနေတွေက ပိုရှုပ်ထွေးလာပါတယ်။

အထက်လွှတ်တော် အမတ်အများစုက PTP အနေနဲ့ MFPကို လက်တွဲဖြုတ်ပြီး စစ်တပ်လိုလားတဲ့ ပါတီငယ် အများစုနဲ့ ပူးပေါင်းမှသာ အထက်လွှတ်တော်ဆီက ထောက်ခံမှုကို အပြည့်အဝ ရရှိမယ်လို့ အကျပ်ကိုင်ခဲ့တာကြောင့်ပါ။ တကယ်လို့ အဲဒီ ဖိအားပေးမှုကို PTPက လိုက်လျောလိုက်မယ်ဆိုရင် MFPဟာ အတိုက်အခံ ပါတီဘဝကို ရောက်သွားမယ့် သဘောပါပဲ။ ပြည်သူ့ ထောက်ခံမှုကို တခဲနက် ရရှိပြီး ရွေးကောက်ပွဲ ရလဒ်ကောင်းခဲ့တဲ့ ပါတီက အစိုးရကို ဦးဆောင်ခွင့် မရတဲ့အပြင် အစိုးရ အဖွဲ့ထဲတောင် မပါရတော့ဘဲ အတိုက်အခံ ဖြစ်သွားနိုင်တဲ့ အခြေအနေမျိုးထိ ကြုံတွေ့နေတာက ထိုင်းဒီမိုကရေစီမှာ ဘယ်လောက် ချွတ်ချော်မှုတွေ ဆိုးရွားနေသလဲ ဆိုတာကို မြင်သာစေပါတယ်။

Public Service Announcement

Public Service Announcement

ဘန်ကောက်က မိုးထဲရေထဲမှာ ထီးတွေဆောင်းရင်း ပြုလုပ်ခဲ့တဲ့ ဆန္ဒပြပွဲမှာတော့ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေက သူတို့အနေနဲ့ အချိန်ဘယ်လောက် ကြာပါစေ၊ ဒီမိုကရေစီရေး အခြေခံ စံနှုန်းတွေကို ပြန်လည် ရရှိဖို့ တိုက်ပွဲဝင်သွားမယ်လို့ ပြောပါတယ်။ ပြီးတော့ ရွေးကောက်ပွဲမှာ မဲအများဆုံးနဲ့ အနိုင်ရခဲ့သူကို ဝန်ကြီးချုပ်အဖြစ် လက်ခံမပေးနိုင်ရင် လွှတ်တော်ထဲက ထွက်သွားဖို့လည်း အထက်လွှတ်တော် အမတ်တွေကို တောင်းဆိုခဲ့ပါတယ်။ ဆန္ဒပြသူတွေက အသက် ၄၂ နှစ်အရွယ် ဖီထာရဲ့ နာမည်ကို ကြွေးကြော်ရင်း ဘန်ကောက်ရဲ့ လူစည်ကားရာ လမ်းဆုံတစ်ခုမှာ စုဝေးခဲ့ကြပါတယ်။

ထိုင်းစစ်တပ် အာဏာသိမ်းထားချိန် အတောအတွင်း ပြင်ဆင်ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံ ဥပဒေ မူကြမ်းအရ ရွေးကောက်ခံ မဟုတ်ဘဲ စစ်တပ် အလိုကျ ခန့်အပ်ထားတဲ့ အထက်လွှတ်တော် အမတ် ၂၅၀ လောက်ဟာ လွှတ်တော်ထဲ ပါဝင်နေပြီး ဝန်ကြီးချုပ် ရွေးချယ်သတ်မှတ်မှုအတွက် မဲပေးပိုင်ခွင့် ရရှိထားပါတယ်။ ထိုင်းရွေးကောက်ပွဲတွေဟာ အောက်လွှတ်တော် အမတ်နေရာ ၅၀၀ အတွက်သာ ရည်ရွယ် ကျင်းပတာဖြစ်ပြီး ဝန်ကြီးချုပ် နေရာကိုတော့ အထက်နဲ့အောက် လွှတ်တော် အမတ် စုစုပေါင်း ၇၅၀ ထဲက အနည်းဆုံး ၃၇၆ ဦးရဲ့ ထောက်ခံမှု လိုအပ်ပါတယ်။

မေလလယ် ရွေးကောက်ပွဲအပြီး ဖီထာ ဝန်ကြီးချုပ် ဖြစ်လာရေးအတွက် ထိုင်းလွှတ်တော်မှာ နှစ်ကြိမ်တိုင် ကြိုးစားခဲ့ပေမယ့် မအောင်မြင်တဲ့နောက် အခုအခါ PTPက ဦးဆောင်ပြီး အစိုးရသစ် ဖွဲ့စည်းဖို့ လက်တွေ့ အကောင်အထည် ဖော်နေတာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ PTP ခေါင်းဆောင် တဦးဖြစ်တဲ့ အိမ်ခြံမြေ လုပ်ငန်းရှင် ဆရက်သာ သာဗီဆင်ဟာ ထိုင်းဝန်ကြီးချုပ် ဖြစ်လာဖို့ ထိပ်ဆုံးနေရာက ရေပန်းစားနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ နိုင်ငံခြားရေးဝန်ကြီးရုံးရှေ့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး ဂျပန်အစိုးရအနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)ကို အသိအမှတ်ပြုပြီး ထောက်ခံအားပေးဖို့ ဒီကနေ့ (ဧပြီ ၁၆)မှာ ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ နိုင်ငံရေးအကျဥ်းသားတွေအားလုံးလွတ်မြောက်ရေး လှုပ်ရှားမှုတွေကို ဒီကနေ့ (ဧပြီ ၁၄)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ် ဖားကန့်မြို့နယ်နဲ့ လွတ်မြောက်နယ်မြေက သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ Blue Shirt ကမ်ပိန်းနဲ့ တော်လှန်သံချပ် လှုပ်ရှားမှုတွေကို ဒီကနေ့ (ဧပြီ ၁၁)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ဖမ်းဆီး​ထောင်ချတာခံ​နေရသူ Myanmar Now ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်ကို လွှတ်ပေးဖို့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က မြန်မာသံရုံးရှေ့မှာ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတွေက ဆန္ဒပြခဲ့ကြပါတယ်။

Facebook