Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မွေးကင်းစ ကလေး ၇ ဦးကို သတ်ခဲ့တဲ့ သူနာပြုမှာ ပြစ်မှုထင်ရှားကြောင်း ဗြိတိန် တရားရုံး ဆုံးဖြတ်

လတ်ဘီရဲ့ အမှုအတွက် တရားရုံးက စီရင်ချက်ချဖို့ ပြင်ဆင်နေတဲ့တိုင် ဗြိတိန် ရဲတပ်ဖွဲ့ကတော့ သူ့ရဲ့ နောက်ကြောင်းကို ဆက်လက် စုံစမ်းနေဆဲဖြစ်ပြီး လီဗာပူးမြို့မှာ အလုပ်သင် သူနာပြုအဖြစ် တာဝန်ထမ်းဆောင်ခဲ့တုန်းကရော အလားတူ ပြစ်မှုတွေ ကျူးလွန်တာမျိုး ရှိသလား ဆိုတာကို ဆက်လက် စုံစမ်းနေဆဲလို့ သိရပါတယ်။

မွေးကင်းစ ကလေး ၇ ဦးကို သတ်ခဲ့တဲ့ သူနာပြုမှာ ပြစ်မှုထင်ရှားကြောင်း ဗြိတိန် တရားရုံး ဆုံးဖြတ်
မွေးကင်းစ ကလေး ၇ ဦးကို သတ်ခဲ့တဲ့ သူနာပြုမှာ ပြစ်မှုထင်ရှားကြောင်း ဗြိတိန် တရားရုံး ဆုံးဖြတ်

မွေးကင်းစ ကလေးငယ် ၇ ဦးကို သတ်ဖြတ်မှုနဲ့ တရားစွဲဆို ခံထားရသူ ဗြိတိန် သူနာပြု တစ်ဦးကို ပြစ်မှု ထင်ရှားကြောင်း တရားရုံးက ဆုံးဖြတ်လိုက်ပါတယ်။

အသက် ၃၃ နှစ်အရွယ် လူစီ လတ်ဘီဟာ အင်္ဂလန် အနောက်မြောက်ပိုင်းက ဆေးရုံတစ်ခုရဲ့ မွေးကင်းစ ကလေးဆောင်မှာ အလုပ်လုပ်ခဲ့ချိန် အတောအတွင်း ကလေးငယ် ၇ ဦးကို သတ်ပစ်ပြီး ၆ ဦးကိုလည်း သတ်ဖြတ်ဖို့ အားထုတ်ခဲ့ပါတယ်။ သူ့ရဲ့ သားကောင် ဖြစ်ခဲ့ရှာသူတွေထဲမှာ အသက်အငယ်ဆုံးက ၁ ရက်သား အရွယ်သာ ရှိခဲ့ပါတယ်။

Countess of Chester ဆေးရုံရဲ့ မွေးကင်းစ ကလေးဆောင်မှာ သူနာပြုအဖြစ် တာဝန်ယူခဲ့စဉ် ၂၀၁၅ နဲ့ ၂၀၁၆ ခုနှစ်တွေအတွင်း လတ်ဘီက အခုလို ဆိုးရွားရက်စက်လှတဲ့ လုပ်ရပ်မျိုးတွေ ကျူးလွန်ခဲ့တာ ဖြစ်ပါတယ်။ သူဟာ ညဆိုင်း တာဝန်ယူရတဲ့ အချိန်တွေမှာ မွေးကင်းစ ကလေးတွေကို အဓိက ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့ လတ်ဘီက ဝန်ခံပါတယ်။ သူ့လက်ချက်ကြောင့် မွေးကင်းစ ကလေးငယ် ယောက်ျားလေး ၅ ယောက်နဲ့ မိန်းကလေး ၂ ယောက် အသက်ဆုံးရှုံးခဲ့ရပါတယ်။

မူလက သူဟာ တခြား ကလေး ၈ ဦးကိုပါ သတ်ဖြတ်ဖို့ အားထုတ်ခဲ့ကြောင်း စွပ်စွဲခံရပေမယ့် အမှု ၂ ခုမှာ အပြစ်မရှိကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။ မန်ချက်စတာ တော်ဝင်တရားရုံးဟာ ဒီအမှုကို ၁၀ လကြာ ကြားနာ စစ်ဆေးခဲ့ပြီးတဲ့နောက် လတ်ဘီကို ခေတ်သစ် ဗြိတိန်သမိုင်းမှာ ကလေးငယ်တွေကို ပစ်မှတ်ထားတဲ့ အဆိုးဆုံး ကွင်းဆက် လူသတ်သမားအဖြစ် အတည်ပြု သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

လတ်ဘီက သူ့ကိုယ်သူ အဆိုးယုတ်ဆုံး ရက်စက်တတ်သူ တစ်ဦး၊ ကလေးတွေကို ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခဲ့တဲ့ တရားခံ တစ်ဦးလို့ ရေးသားထားတဲ့ စာတစ်စောင်ကိုလည်း တရားရုံးမှာ တင်ပြခဲ့ပါတယ်။ အစိုးရ ရှေ့နေတွေက လတ်ဘီဟာ ကလေးတချို့ကို အင်ဆူလင် ထိုးသွင်းပြီး အဆိပ်ခတ်ခဲ့သလို တချို့ ကလေးတွေကိုတော့ အသက်ရှူ လမ်းကြောင်းထဲ လေနဲ့ နို့ရည်တွေ အလွန်အကျွံ ထိုးထည့်ပြီး မွန်းကျပ် သေဆုံးစေခဲ့ကြောင်း စွပ်စွဲခဲ့ပါတယ်။

လတ်ဘီက သူဟာ ကလေးတွေကို ပျိုးထောင်ပြုစု စောင့်ရှောက်ဖို့ လုံလောက်တဲ့ အရည်အချင်း မရှိဘူးလို့ ခံစားရလို့ အခုလို သတ်ပစ်ခဲ့တာလို့ တရားရုံးမှာ ထွက်ဆိုပါတယ်။ လတ်ဘီရဲ့ သားကောင်တွေထဲမှာ အမြွှာကလေးငယ်တွေလည်း ပါဝင်ခဲ့ပြီး တစ်ကြိမ်မှာတော့ နှစ်ဦးစလုံး သေဆုံးခဲ့ပြီး နောက်တစ်ကြိမ်မှာ ကလေးတစ်ဦး အသက်ရှင်ခဲ့ပါတယ်။

လတ်ဘီကို လာမယ့် သီတင်းပတ် အစောပိုင်းမှာ ပြစ်ဒဏ် စီရင်ချက် ချမှတ်မှာဖြစ်ပြီး ဗြိတိန်နိုင်ငံမှာ ရှားရှားပါးပါး အသုံးပြုလေ့ရှိပြီး အမြင့်ဆုံး ပြစ်ဒဏ်လို့ ဆိုရမယ့် ထောင်ဒဏ်တစ်သက် ချမှတ်ဖွယ် ရှိနေပါတယ်။

လတ်ဘီကြောင့် သေဆုံးခဲ့တဲ့ ကလေးငယ် တစ်ဦးရဲ့ မိသားစုဝင်တွေကတော့ တရားရုံးရဲ့ စီရင် ဆုံးဖြတ်ချက်ကို ကြေညာအပြီးမှာ နာကျင်မှု၊ လွမ်းဆွတ်မှု၊ ဝမ်းနည်းမှုတွေ ရောပြွန်းခံစားရပြီး ထုံကျဉ်သလိုတောင် ဖြစ်နေခဲ့ကြောင်း ပြောပါတယ်။

ဆေးရုံမှာ ကလေးတွေ အကြောင်းအရင်း တိတိကျကျ မသိရဘဲ ရုတ်တရက် သေဆုံးမှုတွေ ခပ်စိပ်စိပ် ဖြစ်လာတာကို ဆရာဝန်တွေက စတင် သတိပြုမိလာပါတယ်။ ကလေးတွေကလည်း မွေးကင်းစ ကလေးဆောင်မှာချည်း သေဆုံးခဲ့တာပါ။ ဆေးပညာ ရှုထောင့်ကနေ အဖြေရှာမရတဲ့အခါ ဒီပြဿနာကို ရဲတပ်ဖွဲ့က ကိုင်တွယ်လာခဲ့ပါတယ်။ ကာလရှည်ကြာ စုံစမ်းမှုတွေ အပြီးမှာတော့ သေဆုံးတဲ့ ကလေးအားလုံးကို ထိန်းသိမ်း စောင့်ရှောက်ရတဲ့ သူနာပြုတွေ စာရင်းမှာ လတ်ဘီ ပါနေတယ် ဆိုတာကို ရဲတွေက ခြေရာခံမိသွားပါတယ်။

အစောပိုင်းတုန်းက လတ်ဘီဟာ မွေးကင်းစ လူနာဆောင်မှာ ကလေးတွေ သေဆုံးတာဟာ လုပ်ဖော်ကိုင်ဖက် ဆရာဝန် ၄ ဦးရဲ့ ညံ့ဖျင်းမှုကြောင့်လို့ စွပ်စွဲပြီး ရဲတွေ တွေ့ရှိခဲ့တဲ့ သက်သေခံ စာရွက်ကလည်း သူရေးထားတာ မဟုတ်ဘဲ အဲဒီ ဆရာဝန်တွေ လုပ်ကြံ ဖန်တီးထားတာပါလို့ ထွက်ဆိုခဲ့ပါသေးတယ်။

လတ်ဘီရဲ့ အမှုအတွက် တရားရုံးက စီရင်ချက်ချဖို့ ပြင်ဆင်နေတဲ့တိုင် ဗြိတိန် ရဲတပ်ဖွဲ့ကတော့ သူ့ရဲ့ နောက်ကြောင်းကို ဆက်လက် စုံစမ်းနေဆဲဖြစ်ပြီး လီဗာပူးမြို့မှာ အလုပ်သင် သူနာပြုအဖြစ် တာဝန်ထမ်းဆောင်ခဲ့တုန်းကရော အလားတူ ပြစ်မှုတွေ ကျူးလွန်တာမျိုး ရှိသလား ဆိုတာကို ဆက်လက် စုံစမ်းနေဆဲလို့ သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဗြိတိန်နဲ့ ပြင်သစ်တို့ရဲ့ စစ်ရေးစွမ်းရည်အပေါ် ချိုးချိုးဖဲ့ဖဲ့ ဝေဖန် ပြောဆိုခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်က ငြင်းဆိုသွားခဲ့ပါတယ်။

နိုင်ငံတကာ

ယူကရိန်း သမ္မတ ဗိုလိုဒီမာဇီလန်စကီးဟာ ဗြိတိန် တစ်နိုင်ငံလုံးရဲ့ အားပေး ထောက်ခံမှုကို ရရှိထားကြောင်း ဇီလန်စကီးရဲ့ လန်ဒန်မြို့တော် ခရီးစဉ်မှာ ဗြိတိန် ဝန်ကြီးချုပ်ဆာကီရာစတာမာကပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ယူကရိန်းရဲ့ လုံခြုံရေး ကဏ္ဍကို ကူညီ အားဖြည့်ပေးနိုင်မယ့် ဥရောပ အစောင့်အရှောက် တပ်တစ်ခုကို ဖွဲ့စည်းဖို့ ဗြိတိန်နဲ့ ပြင်သစ် အစိုးရတွေ ဦးဆောင်ပြီး ကြိုးစားနေကြောင်း သိရပါတယ်။

သတင်း

ရက္ခိုင်ပြည်နယ်နယ်စပ်တလျှောက်ရှိ ဧရာဝတီတိုင်း မြို့နယ် ၇ခုကို ခရီးသွားလာခြင်းမပြုရန် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနက ယမန်နေ့(ဇန်နဝါရီ ၂၂ရက်)ထုတ်ပြန်ကြေညာသည်။