Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဘန်ကောက်မှာ ချက်အရက် အဆိပ်သင့်မှုကြောင့် သေဆုံးသူ ၄ ဦးထိရှိလာ၊ ၃၀ ကျော် ဆေးရုံတက်ရ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ မသန့်ရှင်းတဲ့ ချက်အရက် သောက်မိလို့ သေဆုံးသူ ၄ ဦးထိ ရှိလာကြောင်း သိရပါတယ်။

အဲဒီ ချက်အရက်ကို ဘန်ကောက်ရဲ့ ဆာဖန်ဆွန် ရပ်ကွက်ထဲက နေအိမ်တစ်လုံးမှာ ချက်လုပ်ခဲ့တာဖြစ်ပြီး မက်သနောနဲ့ အိုင်ဆိုပရိုပါနောလ်လို အဆိပ်အတောက် ဓာတ်ပစ္စည်းတွေ ရောနှော ပါဝင်နေတယ်လို့ ရဲတွေက ပြောပါတယ်။

ချက်အရက် ပုလင်းတွေကို ဘန်ကောက်မှာရှိတဲ့ လမ်းဘေး စျေးဆိုင်တချို့ကနေ ပြီးခဲ့တဲ့ သီတင်းပတ်မှာ ဝယ်ယူ သောက်သုံးမိသူတွေ ဒါဇင်နဲ့ချီ ရှိခဲ့ပြီး သေဆုံးတဲ့ ဦးရေက ၄ ဦးထိ များပြားလာတာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ရဲတွေရဲ့ အဆိုအရ တရားမဝင် ချက်လုပ်ထားတဲ့ အဲဒီအရက်တွေ သောက်မိလို့ ဆေးရုံရောက်နေသူ ၃၃ ဦး ရှိတယ်လို့လည်း သိရပါတယ်။ ၃ ဦးဟာ အစောပိုင်းမှာ ချက်အရက် အဆိပ်သင့်မှုကြောင့် သေဆုံးခဲ့ပြီး ဩဂုတ် ၂၇ ရက်နေ့မှာ စတုတ္ထမြောက်လူနာတစ်ယောက် သေဆုံးသွားပြန်တယ်လို့ ကျန်းမာရေး ဝန်ကြီး ဆွမ်ဆက်ခ် သပ်ဆူတင်က ပြောပါတယ်။

လူနာတွေထဲမှာ ၂၂ ဦးဟာ ကျောက်ကပ်ဆေးခဲ့ရပြီး အမြင်ဝေဝါးမှုကို ခံစားနေရသူက ၂၁ ဦး ရှိပါတယ်။ ဆေးရုံတက်နေရသူတွေထဲမှာ ၁၅ ယောက်ဟာ အသက်ရှူစက် မဖြစ်မနေ တပ်ထားဖို့ လိုအပ်တယ်လို့လည်း သူက ဆိုပါတယ်။ အဲဒီထဲကမှ လူနာ နောက်တစ်ယောက်ရဲ့ အခြေအနေက အသည်းအသန် အသက်လုနေရပြီး စိုးရိမ်ရတယ်လို့ ဝန်ကြီးက ပြောပါတယ်။ အရက် အဆိပ်သင့်တဲ့ လက္ခဏာတွေ သိပ်မပြင်းလို့ ဆေးရုံကနေ စောစောဆင်းခွင့် ရခဲ့တာက ၈ ယောက်ရှိခဲ့ပါတယ်။

အသက်အငယ်ဆုံး လူနာဟာ ၂၂ နှစ် အရွယ်ဖြစ်ပြီး အသက်အကြီးဆုံးက ၆၉ နှစ်လို့ ဆိုပါတယ်။ ချက်အရက် အဆိပ်သင့်တဲ့ လူနာတွေ ရုတ်တရက် အများအပြား ဆေးရုံတွေဆီ ရောက်လာတဲ့နောက် ရဲတွေက နောက်ကြောင်းပြန် စုံစမ်းခဲ့တဲ့အခါ လမ်းဘေး ဆိုင်တွေမှာ ဝယ်ယူခဲ့ကြောင်း သိရှိလာခဲ့ပါတယ်။ အဲဒီဆိုင်တွေကို စုံစမ်းတော့ အိမ်တစ်အိမ်ကနေပဲ ဝယ်ယူခဲ့တယ် ဆိုတာကို အတည်ပြုနိုင်ခဲ့ပါတယ်။

ရဲတွေက အဲဒီအိမ်ကို ဝင်ရောက် စီးနင်း ရှာဖွေတဲ့ အခါမှာတော့ အရက်ချက်ရာမှာ အသုံးပြုတဲ့ ကိရိယာတွေ၊ ဓာတုပစ္စည်းတွေကို ရှာတွေ့ခဲ့ပြီး နမူနာတွေကို ဓာတ်ခွဲ စစ်ဆေးဖို့ ပို့ဆောင်ထားပါတယ်။ အခုဖြစ်ရပ်နဲ့ ပတ်သက်လို့ သံသယရှိသူတွေကို ဖမ်းဆီးထားသလား ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။

အာဏာပိုင်တွေက တရားမဝင် ချက်လုပ်တဲ့ အရက်ပုန်းတွေရဲ့ အန္တရာယ်ကို လူထုက ပိုမို သတိထားကြပြီး ရှောင်ရှားကြဖို့ အလေးအနက် နှိုးဆော်ထားပါတယ်။ ဒါပေမဲ့ ဩဂုတ် ၂၇ ရက်နေ့မှာတောင် အသက်ရှူ လမ်းကြောင်း ထိခိုက်မှု ပြဿနာတွေနဲ့ နောက်ထပ် ချက်အရက် လူနာနှစ်ယောက် ဆေးရုံ ထပ်ရောက်လာသေးတယ်လို့ ဆိုပါတယ်။ သူတို့တွေဟာ အဲဒီ ချက်အရက်ကို လွန်ခဲ့တဲ့ ၃ ရက်အတွင်း သောက်သုံးခဲ့မိတယ်လို့ အတည်ပြုထားပါတယ်။

လူနာနှစ်ယောက်က သူတို့ဟာ အရက်အဆိပ်သင့်တဲ့ လက္ခဏာတွေ ခံစားခဲ့ရပေမယ့် ဆေးရုံသွားရင် အမှုပတ်မှာကို စိုးရိမ်ပြီး နောက်ကျမှ ဆေးရုံလာပြခဲ့ကြတာလို့လည်း သိရပါတယ်။

ကိုးကား: Bangkok Post⁩

ဆက်စပ်သတင်းများ

သတင်း

သဘာဝအတိုင်း ပေါက်နေတဲ့ ရှားပါးမျိုးစိတ် မြေလျှောက်ပင်တွေကို တက်နင်းခဲ့တဲ့အတွက် မင်္ဂလာပွဲကြို (pre-wedding) ဓာတ်ပုံရိုက်သူ မြန်မာနှစ်ဦးဟာ ဒဏ်ကြေး ဘတ် ၁၀,၀၀၀ ပေးဆောင်ခဲ့ရပါတယ်။

နိုင်ငံတကာ

မိုးပျံရထားလမ်း တစ်နေရာမှာ မီးလောင်မှု ဖြစ်ပွားရာက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ပြေးဆွဲနေတဲ့ MRT ရထားခရီးစဉ် တချို့ကို ဆိုင်းငံ့ခဲ့ရပါတယ်။

နိုင်ငံတကာ

ထိုင်းမှာ နိုင်ငံခြားသား ရွှေ့ပြောင်း အခြေချသူတွေအတွက် တရားမဝင် မှတ်ပုံတင် လုပ်ပေးမှုနဲ့ ဆက်စပ်ပြီး လူ ၂၇ ဦးကို ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

သတင်း

ထိုင်းနိုင်ငံက ဖမ်း၀ရမ်းထုတ်ထားတဲ့ မြ၀တီမြို့နယ်အခြေစိုက် ကရင်နယ်ခြားစောင့်တပ် (BGF) အမှတ်(၄)တပ်နယ်မှူး စောမုတ်သုန်က ဗိုလ်မှူးချုပ်အဆင့်ရာထူးတိုးပြီး ဂုဏ်ပြုပွဲအတူ မွေးနေ့ပွဲ အထိမ်းအမှတ်တွေ ပြုလုပ်နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

Facebook