Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်းရဲ့ F-16 တိုက်လေယာဉ်တစ်စီး ပျက်ကျ၊ လေယာဉ်မှူးသေဆုံး

NATO စစ်မဟာမိတ် အဖွဲ့တွေဆီက ပူပူနွေးနွေး လက်ခံရရှိထားတဲ့ ယူကရိန်း F-16 တိုက်လေယာဉ် တစ်စီးဟာ အခုသီတင်းပတ် အစောပိုင်းမှာ ပျက်ကျသွားခဲ့တယ်လို့ သိရပါတယ်။

ဩဂုတ်လ ၂၅ ရက်နေ့က ယူကရိန်း နိုင်ငံအနှံ့ မြို့ရွာတွေကို ရုရှားက ဒုံးကျည်တွေ အမြောက်အမြား ပစ်လွှတ် တိုက်ခိုက်တာကို F-16 တိုက်လေယာဉ်တွေက တားဆီးခဲ့တဲ့ မစ်ရှင်အတွင်း တစ်စီး ပျက်ကျခဲ့တာလို့ ယူကရိန်း စစ်ဘက်က BBC သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

ယူကရိန်းဟာ အမေရိကန်နဲ့ NATO မဟာမိတ်တွေဆီကနေ အရေအတွက် အတိအကျ မထုတ်ပြန်ထားတဲ့ F-16 တိုက်လေယာဉ်တွေကို လက်ခံရရှိထားပြီး တစ်စီးကို ပထမဆုံးအဖြစ် ဆုံးရှုံးလိုက်ရတာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန်လုပ် တိုက်လေယာဉ် ပျက်ကျရခြင်း အကြောင်းရင်းကို တိတိကျကျ မသိရပေမယ့် ရန်သူ့ဒုံးကျည် တိုက်ရိုက် ထိမှန်တာမျိုးကြောင့် မဟုတ်ဘူးလို့ BBCရဲ့ သတင်းရင်းမြစ်က ဆိုပါတယ်။

ယူကရိန်း စစ်တပ်ကလည်း ရုရှားရဲ့ ဒုံးကျည်မိုး ရွာမှုကို ဟန့်တားရင်း တိုက်လေယာဉ် တစ်စီးကို ဆုံးရှုံးလိုက်ကြောင်း သီးခြား ထုတ်ပြန်ခဲ့ပါတယ်။ လေယာဉ်မှူးဟာ ပျက်မကျခင်မှာ ရုရှားရဲ့ ခရုစ်ဒုံးကျည် ၃ စင်းနဲ့ ဒရုန်း ၁ စင်းကို ကြားဖြတ် ပစ်ချနိုင်ခဲ့တယ်လို့ ယူကရိန်း စစ်တပ်က ဆိုပါတယ်။

လေယာဉ်မှူး အိုလက်ခ်ဆီ မက်စ်ဟာ ရုရှားဒုံးကျည်တွေရဲ့ ရန်ကနေ ယူကရိန်းကို အစွမ်းကုန် ကာကွယ်ပေးခဲ့ကြောင်း၊ ဒါပေဲ့ ကံအကြောင်းမလှစွာနဲ့ဘဲ သူကိုယ်တိုင်ကတော့ အသက်ဆုံးရှုံးခဲ့ကြောင်း ယူကရိန်း စစ်တပ် ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ယူကရိန်း စစ်တပ်ရဲ့ ကြေညာချက်မှာ လေယာဉ် အမျိုးအစားကို ဖော်ပြမထားပေမယ့် BBC သတင်းရင်းမြစ်ကတော့ F-16 တစ်စီးဖြစ်တယ်လို့ အခိုင်အမာ ပြောပါတယ်။ အစောပိုင်းမှာ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ယူကရိန်းရဲ့ F-16တွေဟာ ရုရှားဒုံးကျည်တွေကို ကြားဖြတ်တားဆီးတဲ့ မစ်ရှင်တွေမှာ ပထမဆုံးအကြိမ် စစ်ဆင်ရေးအဆင့် ပျံသန်းနေပြီလို့ အတည်ပြုထားခဲ့ပါတယ်။

မကြာသေးခင်တုန်းက နယ်သာလန် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အော့တို အိုင်ချယ်လ်ရှိမ်က နယ်သာလန်ဟာ ယူကရိန်းရဲ့ လေကြောင်း စစ်ဆင်ရေး စွမ်းရည်ကို ကူညီမြှင့်တင်ဖို့အတွက် F-16 နောက်ထပ် ၂၄ စီး ပေးပို့မယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

အမေရိကန်နဲ့ ဥရောပ မဟာမိတ် နိုင်ငံတချို့ဟာ ယူကရိန်းကို စုစုပေါင်း F-16 တိုက်လေယာဉ် ၆၅ စင်းလောက် တစ်သုတ်ချင်း ပေးပို့မယ်လို့ ကတိပြုထားပြီး လက်ရှိ ယူကရိန်းမှာ ဘယ်နှစီး ရောက်နေပြီလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။ နည်းပညာပိုင်း စဉ်ဆက်မပြတ် မွမ်းမံ အဆင့်မြှင့်ထားတဲ့ F-16တွေဟာ ယူကရိန်း လေတပ်က အဓိက မှီခို အားထားနေရတဲ့ ဆိုဗီယက်လုပ် တိုက်လေယာဉ်တွေထက် သိသိသာသာ ပိုမိုကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေ ပိုင်ဆိုင်ထားပြီး ဇီလန်စကီးက အဲဒီလေယာဉ်တွေ များများပိုင်ဆိုင်လာရင် ယူကရိန်းဟာ ရုရှားက တစ်ဖက်သတ် အသာစီး ယူထားတဲ့ လေကြောင်းစိုးမိုးမှုကို ထိထိရောက်ရောက် တုံ့ပြန်နိုင်မယ်လို့ ပြောကြားထားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။

နိုင်ငံတကာ

လောလောဆယ်တော့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ တွေ့ဆုံဖို့ မဖြစ်နိုင်လောက်သေးကြောင်း ရုရှား သမ္မတ ဗလာဒီမာ ပူတင်က မှတ်ချက်ပေးခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား သမ္မတ ဗလာဒီမာ ပူတင်နဲ့ မျက်နှာစုံညီ တွေ့ဆုံချင်ကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အတိအလင်း တောင်းဆိုလိုက်ပါတယ်။