ရုရှားနိုင်ငံ အနောက်ဖက်စွန်းက ကာ့စ်ခ်ဒေသထဲ ယူကရိန်းတပ်တွေ အလုံးအရင်း ဝင်ရောက်ပြီး မြို့ရွာတွေကို ထိန်းချုပ်သိမ်းယူနေတဲ့ စစ်ဆင်ရေးနဲ့ ပတ်သက်ပြီး စွန့်စားလွန်းတဲ့ ရွေးချယ်မှုလို့ ဝေဖန်တာတွေ ရှိနေသလို အမှန်တကယ် အကျိုးဖြစ်ထွန်းနိုင်မလား ဆိုတဲ့ သံသယ မေးခွန်းတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။
အထူးသဖြင့် ရုရှားရဲ့ ကျူးကျော်စစ်ပွဲကို တန်ပြန်ဖို့ ရုရှားပိုင်နက်ထဲ ယူကရိန်းတပ်တွေ စေလွှတ်လိုက်တဲ့ တန်ပြန်အခင်းအကျင်းက အလုပ်ဖြစ်ပါ့မလားဆိုတဲ့ ထောက်ပြမှုတွေ ရှိနေပါတယ်။
ယူကရိန်း စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အိုလက်ခ်ဇန္ဒာ ဆာစကီကတော့ ကာ့စ်ခ်ကို ထိုးစစ်ဆင်ခဲ့တဲ့ စစ်ဆင်ရေးဟာ အမှန်တကယ် လိုအပ်သလို ရုရှားရဲ့ စစ်ရေး အခင်းအကျင်းကို အားလျော့သွားအောင် သေသေချာချာ အလုပ်ဖြစ်စေခဲ့တယ်လို့ ဆိုပါတယ်။
အခုဆိုရင် ရုရှားဟာ ယူကရိန်းနိုင်ငံ အရှေ့ပိုင်းမှာ အလုံးအရင်း စုစည်းထားတဲ့ တပ်တွေထဲက ထောင်ပေါင်း တော်တော်များများကို ကာ့စ်ခ်နဲ့ နောက်ထပ် ယူကရိန်း ခြိမ်းခြောက်မှု ခံရနိုင်ခြေရှိတဲ့ ဒေသတွေဆီ မဖြစ်မနေ ခွဲဝေပြီး ဖြန့်ကျက်ပေးထားရပြီလို့ သူက CNNနဲ့ အင်တာဗျူးမှာ ပြောကြားသွားပါတယ်။
ကာ့စ်ခ်ကို ယူကရိန်းက ဝင်ရောက် ထိုးစစ်ဆင်ခဲ့ခြင်းဟာ ရုရှားဆီက အလုံးအရင်း တိုက်ခိုက်လာမယ့် ခြိမ်းခြောက်မှု အလားအလာကို ထိထိရောက်ရောက် လျှော့ချပြီး ဖြစ်သွားစေတယ်လို့လည်း သူက မှတ်ချက် ပေးခဲ့ပါတယ်။ အခုဆိုရင် ရုရှားဟာ ကာ့စ်ခ်မှာ လေကြောင်းချီ တပ်တွေကိုပါ စမ်းသပ်ပြီး စတင် ဖြန့်ကျက်ရတဲ့အထိ အရေးတကြီး တုံ့ပြန်နေရတယ်လို့ ဆာစကီက ရှင်းပြခဲ့ပါတယ်။
ဗျာများနေတဲ့ ရန်သူ့တပ်ဟာ လွန်ခဲ့တဲ့ ၆ ရက်အတွင်း ပေါ့ခ်ရော့ဗ်စ်ခ်မြို့တဝိုက် စစ်ဆင်ရေးတွေမှာ တစ်စင်တီမီတာတောင် ရှေ့တိုးလို့ မရခဲ့ကြောင်း၊ ဒါဟာ ယူကရိန်းရဲ့ အခင်းအကျင်းတွေ အလုပ်ဖြစ်နေတယ် ဆိုတာကို ပြသနေကြောင်း သူက ပြောကြားသွားပါတယ်။
ရုရှားဟာ ယူကရိန်း ခုခံရေး တပ်တွေကို အလွန်အကျွံ ဖိအားပေးနိုင်အောင် ရည်ရွယ်ထားတဲ့ တပ်ကူတွေကို ရှေ့တန်း ပို့မယ့်အစား ကာ့စ်ခ်လို နေရာတွေကို ကာကွယ်ဖို့ လမ်းကြောင်းပြောင်း ပို့ဆောင်နေရတာကိုလည်း သူက ထောက်ပြခဲ့ပါတယ်။
လက်ရှိမှာတော့ ရုရှားဟာ ယူကရိန်း အရှေ့ပိုင်းမှာရှိတဲ့ ဒွန်းညက်စ်ခ် ဒေသထဲမှာ ပေါ့ခ်ရော့ဗ်စ်ခ်မြို့ကို အဓိက ထိုးစစ်ဆင် တိုက်ခိုက်နေပြီး အနီးတဝိုက်မှာရှိတဲ့ ချာဆစ်ဗ်ယာနဲ့ တော်ရတ်စ်ခ် မြို့တွေကိုပါ သိမ်းယူဖို့ ကြိုးစားနေပါတယ်။ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ရုရှားရဲ့ စစ်ရေး ရည်မှန်းချက်ဟာ ဒွန်းညက်စ်ခ်ဒေသ တစ်ခုလုံးကို ထိန်းချုပ်နိုင်ရေး ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
အစောပိုင်းမှာ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကလည်း ဩဂုတ် ၆ ရက်နေ့မှာ စတင်ခဲ့တဲ့ ကာ့စ်ခ်ဒေသ ထိုးစစ်ကြောင့် ရုရှားဟာ ယူကရိန်းမှာ ဖြန့်ကျက်ထားတဲ့ တပ်တွေထဲက အင်အား ၆၀၀၀၀ လောက်ကို ထုတ်နုတ်ပြီး ခံစစ်အတွက် ရွှေ့ပြောင်း ဖြန့်ကျက်ခဲ့ရကြောင်း ပြောကြားထားပါတယ်။
ကိုးကား: CNN