Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပင်စင် အသက်အရွယ် တိုးမြှင့် သတ်မှတ်မယ်လို့ တရုတ်ကြေညာ

တရုတ်ဟာ ၁၉၅၀ ပြည့်လွန်နှစ်တွေနောက်ပိုင်း နိုင်ငံရဲ့ ပင်စင် (အငြိမ်းစား)ယူတဲ့ အသက်အရွယ်ကို ပထမဆုံးအကြိမ် မြှင့်တင် သတ်မှတ်သွားမယ်လို့ သိရပါတယ်။

တရုတ် အစိုးရဟာ နိုင်ငံမှာ အသက်အရွယ် ကြီးရင့်သူ အချိုးအစား မြင့်တက်လာမှုနဲ့ ပင်စင်ရန်ပုံငွေ လျော့ပါးလာမှု ပြဿနာတွေကို ဖြေရှင်းဖို့အတွက် ပင်စင် သတ်မှတ် အသက်အရွယ်ကို တိုးမြှင့်ဖို့ လွန်ခဲ့တဲ့ နှစ်ပိုင်းတွေ ကတည်းက တစ်ဆင့်ချင်းစီ အချိန်ယူ ပြင်ဆင်လာခဲ့တယ်လို့ ဆိုပါတယ်။

တရုတ် အစိုးရရဲ့ အမြင့်ဆုံး ဥပဒေပြု ဌာနက ပင်စင်ခံစားခွင့် အသက်အရွယ်တွေ မြှင့်တင်မယ့် အစီအစဉ်ကို စက်တင်ဘာ ၁၃ ရက်နေ့မှာ အတည်ပြုခဲ့ပါတယ်။

အဲဒီ အပြောင်းအလဲအရ တရုတ်မှာ အမျိုးသားတွေရဲ့ ပင်စင်ခံစားခွင့် အသက်အရွယ်ဟာ လက်ရှိ ၆၀ နှစ်ကနေ အသစ်သတ်မှတ်ချက်အရ ၆၃ နှစ်ထိ မြင့်တက်သွားမှာ ဖြစ်ပါတယ်။ အမျိုးသမီးတွေကတော့ ကော်လံပြာ (အောက်ခြေသိမ်း) အလုပ်တွေ လုပ်ကိုင်သူတွေအတွက် ပင်စင် အသက်အရွယ်ကို ၅၀ ကနေ ၅၅ နှစ်ဆီ တိုးမြှင့်လိုက်ပြီး ကော်လံဖြူ (ရုံးထိုင်) အလုပ်တွေမှာ လုပ်ကိုင်နေသူတွေကိုတော့ ၅၅ နှစ်ကနေ ၅၈ နှစ်ဆီ မြှင့်တင် သတ်မှတ်လိုက်ပါတယ်။

ပင်စင်အသက်အရွယ် အပြောင်းအလဲ အသစ်တွေဟာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့မှာ စတင်သွားမှာ ဖြစ်ပါတယ်။ ပင်စင် အသက်အရွယ် တိုးမြှင့်မှုတွေကို ချက်ချင်း အဆင့်ခုန်တက်ပြီး သတ်မှတ်မှာ မဟုတ်ဘဲ နောက်ထပ် ၁၅ နှစ်တာအတွင်း တဖြည်းဖြည်းချင်းစီသာ မြှင့်တင်သွားမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ တရုတ်ဟာ လက်ရှိ ကမ္ဘာပေါ်မှာ ပင်စင် အသက်အရွယ် သတ်မှတ်ချက် အနိမ့်ဆုံး နိုင်ငံတွေ စာရင်းထဲ ပါဝင်နေပါတယ်။

Public Service Announcement

Public Service Announcement

နောက်ပြီး ၂၀၃၀ ကစလို့ ဝန်ထမ်းတွေဟာ ပင်စင် ခံစားခွင့် ရရှိစေဖို့အတွက် သတ်မှတ်ထားတဲ့ အတိုင်းအတာ ပမာဏမျိုးထိ လူမှုဖူလုံရေး စနစ်ထဲ ထည့်ဝင် ထောက်ပံ့တာတွေ လိုအပ်လာမှာ ဖြစ်ပါတယ်။ တရုတ် လူမှုသိပ္ပံ အကယ်ဒမီက နိုင်ငံရဲ့ ပင်မ ပင်စင်ရန်ပုံငွေ သတ်မှတ်ငွေကြေးတွေဟာ ၂၀၃၅ ခုနှစ်မှာ ကုန်ခန်းသွားနိုင်တယ်လို့ ၂၀၁၉ ခုနှစ်တုန်းက ခန့်မှန်းခဲ့ဖူးပါတယ်။ အဲဒီ ခန့်မှန်းချက်ဟာ ကိုဗစ် ကပ်ရောဂါ မတိုင်ခင် ကာလတုန်းက ဖြစ်ပြီး ကိုဗစ်ကြောင့် အခြေအနေ ပိုလို့တောင် ဆိုးသွားနိုင်ခြေ ရှိပါတယ်။ ကိုဗစ် ကပ်ရောဂါဆိုးဟာ တရုတ်နိုင်ငံရဲ့ စီးပွားရေးကို အကြီးအကျယ် ထိခိုက်အောင် ထိုးနှက်ခဲ့ပါတယ်။

အခုလို ပင်စင် အသက်အရွယ် ပြောင်းလဲဖို့ စီစဉ်လိုက်တာနဲ့ ပတ်သက်ပြီး တကယ်တမ်း လက်တွေ့ အကျိုးရှိမရှိ သံသယနဲ့ ဝေဖန်တာတွေ၊ စိတ်ပျက်လက်ပျက် ငြီးငြူတာတွေကိုလည်း တရုတ်လူမှု ကွန်ရက် မီဒီယာ သုံးစွဲသူတွေကြားမှာ တွေ့မြင် ကြားသိလာရပါတယ်။

နောက် ၁၀ နှစ်ကြာတဲ့အခါ ပင်စင် အသက်အရွယ်ကို ၈၀ ထိ မြှင့်တင်လိုက်ပါပြီဆိုတဲ့ သတင်းမျိုး ကြားမိရင်လည်း အံ့ဩတော့မှာ မဟုတ်ဘူးလို့ လူမှုကွန်ရက် သုံးစွဲသူ တစ်ဦးက အငေါ်တူး ရေးသားခဲ့ပါတယ်။ တချို့ကလည်း ဒီကိစ္စဟာ ကြိုတင် ခန့်မှန်းထားပြီးသား အကြောင်းအရာမျိုးသာ ဖြစ်တယ်လို့ ပြောပါတယ်။

ဥရောပ နိုင်ငံတွေမှာ အမျိုးသားတွေက အသက် ၆၅ နှစ်ကနေ ၆၇ နှစ်ထိ အလုပ်လုပ်ပြီးမှ အနားယူသလို အမျိုးသမီးတွေက အသက် ၆၀ လောက်မှ ပင်စင်ယူတာဟာ ပုံမှန် အခြေအနေ ဖြစ်ကြောင်း၊ တရုတ်ဟာလည်း ဒီလမ်းစဉ်ကို လိုက်သင့်ခဲ့ကြောင်း တခြားတစ်ဦးက Weiboမှာ ရေးသားထားခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့ လူဦးရေဟာ ၂၀၂၃ ခုနှစ်မှာလည်း ၂ နှစ်ဆက်တိုက်အဖြစ် ကျဆင်းခဲ့ပြီး မွေးဖွားနှုန်းကလည်း တောက်လျှောက် အကျဖက်ကို ဦးတည်နေပါတယ်။ တစ်ဖက်မှာတော့ နိုင်ငံရဲ့ ပျမ်းမျှသက်တမ်းဟာ ၇၈.၂ နှစ်ထိ တိုးမြင့်လာပါတယ်။ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး (WHO)ရဲ့ ခန့်မှန်းချက်အရ တရုတ် လူဦးရေရဲ့ သုံးပုံ နှစ်ပုံလောက်နဲ့ ညီမျှတဲ့ လူပေါင်း ၄၀၂ သန်းဟာ ၂၀၄၀ ပြည့်နှစ်ကျရင် အသက် ၆၀ ကျော်အရွယ် ဖြစ်နေမယ်လို့ သိရပါတယ်။ ၂၀၁၀ ပြည့်နှစ်တုန်းက အဲဒီ အသက်အရွယ်ဟာ တရုတ်တစ်နိုင်ငံလုံးမှာ ၂၅၄ သန်းသာ ရှိခဲ့တာ ဖြစ်ပါတယ်။

ကိုးကား: BBC⁩

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံး(အာဆီယံ)နဲ့ကုလသမဂ္ဂ (UN) လိုနိုင်ငံတကာအဖွဲ့အစည်းတွေမှာတရုတ်နဲ့ မြန်မာကြားပူးပေါင်းဆောင် ရွက်မှုတွေမြှင့်တင်သွားမယ်လို့အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့တရုတ်နိုင်ငံခရီးစဉ်အတွင်းပူးတွဲထုတ်ပြန်ချက်မှာဖော်ပြလာခဲ့ပါတယ်။

နိုင်ငံတကာ

မြေရှား သတ္တုတွေ ရရှိနိုင်ရေးအတွက် တရုတ်အပေါ် အလွန်အကျွံ မှီခိုနေရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ စီးပွားရေး အင်အားကြီး နိုင်ငံတွေ စုဖွဲ့ထားတဲ့ G7 ထိပ်သီး ညီလာခံမှာ ဆွေးနွေးခဲ့ကြပါတယ်။