Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဖိလစ်ပိုင်မှာ ဆည်ရေဖောက်ချမှုကြောင့် အိမ်ခြေရာနဲ့ချီ ရေမြုပ်

ဖိလစ်ပိုင် မြောက်ပိုင်းမှာ ဆည်ရေဖောက်ချမှုကြောင့် အိမ်ခြေ ရာနဲ့ချီ ရေနစ်မြုပ်မှုတွေ ကြုံတွေ့ခဲ့ကြောင်း သိရပါတယ်။

ဖိလစ်ပိုင် မြောက်ပိုင်းမှာ ဆည်ရေဖောက်ချမှုကြောင့် အိမ်ခြေ ရာနဲ့ချီ ရေနစ်မြုပ်မှုတွေ ကြုံတွေ့ခဲ့ကြောင်း သိရပါတယ်။

တိုင်ဖွန်းမုန်တိုင်း မန်ယီ ဝင်ရောက်တိုက်ခတ်မှုကြောင့် ဆည်ရေမျက်နှာပြင် မြင့်တက်လာတာကြောင့် မာဂတ်ဆည်ရဲ့ ရေတွေကို မလွှဲမရှောင်သာ ဖောက်ချခဲ့ရတာပါ။ အကျိုးဆက်အဖြစ် နိုဝင်ဘာ ၁၈ ရက်နေ့တုန်းက ကာဂါယန်မြစ်ကမ်း နံဘေးမှာရှိတဲ့ လူနေဧရိယာတွေမှာ အိမ်ခြေ ရာနဲ့ချီ ရေလွှမ်းမိုးကုန်တာ ဖြစ်ပါတယ်။

မန်ယီဟာ ဖိလစ်ပိုင် အရှေ့ပိုင်းက ကျွန်းတစ်ခုကို ဖြတ်သန်းပြီးတဲ့နောက် အရှေ့တောင်အာရှ ဒေသတွင်း ကျွန်းစုနိုင်ငံရဲ့ ပင်မကျွန်းကြီးဖြစ်တဲ့ လူဇုန်ကို နိုဝင်ဘာ ၁၈ ရက်နေ့မှာ ကုန်းတွင်းဝင်ရောက်ခဲ့ပါတယ်။ မန်ယီဟာ ဖိလစ်ပိုင်မှာ တစ်လအတွင်း ကြုံတွေ့တဲ့ ၆ ခုမြောက် မုန်တိုင်းလည်း ဖြစ်လာခဲ့ပါတယ်။

ဆည်ရေဖောက်ချမှုကြောင့် အီလာဂန်မြို့နဲ့ အနီးတဝိုက် ကျေးရွာတွေမှာ နေအိမ်တွေ ရေနစ်ကုန်ပြီး အိမ်ခေါင်မိုး ပေါ်ရုံလောက်သာ ကျန်ပါတော့တယ်။ ဆည်ရဲ့ ရေပိုလွှဲ အားလုံးကနေသာ ရေလွှတ်ရတဲ့ အဆင့်ကို ရောက်သွားရင် အီလာဂန်မြို့ဟာ မြေပုံပေါ်ကနေ ပျောက်ကွယ်သွားနိုင်တယ်လို့ မြို့ရဲ့ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဌာန အကြီးအကဲ ဟွမ် မွန်တာရီရဲလ်က ပြောပါတယ်။ ရေပိုလွှဲ ၅ ခုထိ ဖွင့်ချခဲ့ရတဲ့ အခြေအနေမှာ အီလာဂန်မြို့ရဲ့ အိမ်ပေါင်း ၅၀၀ လောက်ရေနစ်ခဲ့တယ်လို့ သူက ခန့်မှန်းခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဆည်ရေတွေ ဖောက်မချခင် ကြိုတင် သတိပေး ကြေညာခဲ့သလို တစ်ဆင့်ချင်းစီ ရေလွှတ်ခဲ့တာကြောင့် ဒေသခံတွေ ကြိုတင် ရွှေ့ပြောင်းနိုင်ခဲ့သလို အသေအပျောက် သတင်း မကြားရပါဘူး။ ဒါပေမဲ့ မုန်တိုင်းနဲ့ ဆက်စပ်ပြီး သေဆုံးသူ ၈ ဦး ရှိခဲ့သလို ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့တယ်လို့တော့ သိရပါတယ်။ ကာမာရီနက်စ် နော်တီမြို့မှာဆိုရင် အသက် ၈၀ နီးပါး အဖိုးအို တစ်ဦးဟာ မော်တော်ဆိုင်ကယ် စီးလာတဲ့အချိန် မုန်တိုင်းကြောင့် ပြတ်ကျနေတဲ့ ဓာတ်ကြိုးနဲ့ ငြိပြီး သေဆုံးခဲ့ပါတယ်။ လူဇုန်ကျွန်းမှာရှိတဲ့ နျူဗာ ဗစ်ဇ်ကာယာ ဒေသမှာတော့ မိုးသည်းသည်းထန်ထန် ရွာသွန်းရာက မြေပြိုမှုတွေကြောင့် လူ ၇ ဦး အသက်ဆုံးရှုံးခဲ့ပါတယ်။

မုန်တိုင်း ဖြတ်သန်းသွားပြီးတဲ့နောက် ဖိလစ်ပိုင်နိုင်ငံရဲ့ ဒေသတချို့မှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုတွေ ဖြစ်ပေါ်နေဆဲပါ။ မုန်တိုင်း အစောဆုံး ဝင်ရောက်ခဲ့ရာ ဖိလစ်ပိုင် အရှေ့ပိုင်း၊ ကန်တန်ဒူရာနက်စ် ကျွန်းမှာတော့ ထိခိုက်ပျက်စီးမှုတွေ အဆိုးဆုံး ဖြစ်ခဲ့ပြီး နေရာအနှံ့ ပြိုလဲနေတဲ့ ဓာတ်တိုင်တွေ၊ အမြစ်က ကျွတ်ထွက်နေတဲ့ သစ်ပင်တွေကို တွေ့နေခဲ့ရပါတယ်။ အဲဒီကျွန်းကို နိုဝင်ဘာ ၁၆ ရက်နေ့ ကတည်းက မုန်တိုင်းက ဖြတ်သန်းခဲ့တာဖြစ်ပြီး အခုတော့ ရှင်းလင်းရေး လုပ်ငန်းတွေ စတင်နေပါပြီ။

မန်ယီဟာ လူဇုန်ကျွန်းကို ဖြတ်သန်းပြီးတဲ့နောက် သိသိသာသာ အင်အားလျော့သွားပြီး အပူပိုင်း လေဖိအားနည်း ရပ်ဝန်းငယ် အဆင့်ထိ ယုတ်လျော့သွားသလို တောင်တရုတ်ပင်လယ် ရေပြင်ဖက်ဆီ ဆက်လက် ဦတည် ရွေ့လျားနေပါတယ်။

မုန်တိုင်းမဝင်ရောက်မီ ကြိုတင် သတိပေး ကြေညာချက်တွေအရ မုန်တိုင်းဖြတ်သန်းမယ့် လမ်းကြောင်းတလျှောက်က အန္တရာယ် အရှိဆုံး ဧရိယာတွေမှာ နေထိုင်သူ ၁ သန်းလောက်ဟာ ကြိုတင် တိမ်းရှောင် ရွှေ့ပြောင်းမှုတွေ လုပ်ဆောင်ခဲ့ရပါတယ်။

ကိုးကား: Manila Times

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့မှာဒီကနေ့ (ဇူလိုင် ၂၉) နံနက်အစောပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့နယ်အချို့မှာအိမ်တွေထဲထိ ရေကြီး၊ ရေဝင်မှုတွေ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

နိုင်ငံတကာ

တောင်တရုတ်ပင်လယ်ထဲက ပိုင်နက် အငြင်းပွားရာ ရေပြင်မှာ တရုတ်နဲ့ ဖိလစ်ပိုင် ရေတပ် တပ်ဖွဲ့ဝင်တွေကြား ကိုယ်ထိလက်ရောက် ရိုက်နှက်မှုတွေ ဖြစ်ခဲ့ပါတယ်။

သတင်း

အရှေ့တောင်အာရှ နိုင်ငံများအစည်းအရုံး (အာဆီယံ)ရဲ့ လူ့အခွင့်အရေးဆိုင်ရာအမတ်များအဖွဲ့ (APHR)ကနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးနဲ့ အသက်ရှင်လျက်ရှိနေဆဲဖြစ်ကြောင်းအတည်ပြုနိုင်ရေး တွန်းအားပေး လုပ်ဆောင်ဖို့ဖိလစ်ပိုင်နဲ့အရှေ့တီမော သမ္မတတွေကို တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာ

တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်မှုနဲ့ ဆက်စပ်တဲ့ မြေပြိုမှုတွေကြောင့် ဖိလစ်ပိုင်မှာ ၁၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။