Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဒုံးကျည်အသစ် ထုတ်သုံးပြီး ယူကရိန်းကို တိုက်ခိုက်ခဲ့ကြောင်း ပူတင်ပြော

ရုရှားဟာ ယူကရိန်း စစ်ပွဲမှာ အရင်က ထုတ်မသုံးဖူးခဲ့တဲ့ ဒုံးကျည်တစ်စင်းကို ပစ်ခတ်ခဲ့တယ်လို့ သမ္မတ ဗလာဒီမာ ပူတင်က ပြောကြားခဲ့ပြီး အနောက်မဟာမိတ် နိုင်ငံတွေကိုပါ ခြိမ်းခြောက် သတိပေးသွားခဲ့ပါတယ်။

ရုရှားဟာ ယူကရိန်း စစ်ပွဲမှာ အရင်က ထုတ်မသုံးဖူးခဲ့တဲ့ ဒုံးကျည်တစ်စင်းကို ပစ်ခတ်ခဲ့တယ်လို့ သမ္မတ ဗလာဒီမာ ပူတင်က ပြောကြားခဲ့ပြီး အနောက်မဟာမိတ် နိုင်ငံတွေကိုပါ ခြိမ်းခြောက် သတိပေးသွားခဲ့ပါတယ်။

နိုဝင်ဘာ ၂၁ ရက်နေ့တုန်းက ယူကရိန်းနိုင်ငံ အရှေ့ပိုင်းမှာ တည်ရှိတဲ့ ဒီနီပရိုမြို့ကို ပစ်မှတ်ထားပြီး သမားရိုးကျ ထိပ်ဖူးတပ် တာလတ်ပစ် ဒုံးကျည်တစ်စင်း စမ်းသပ် ပစ်ခတ်ခဲ့တယ်လို့ ပူတင်က ဆိုပါတယ်။ သူက အဲဒီ ဒုံးကျည်ရဲ့ ကုတ်ဒ်နာမည်အဖြစ် အိုရက်ရှ်နစ်ခ်လို့ ထည့်သွင်း ပြောဆိုသွားပြီး အမေရိကန်နဲ့ ရုရှားဒုံးကျည်တွေ ရုရှားပိုင်နက်ထဲထိ ပစ်ခတ်ဖို့ ယူကရိန်းအတွက် ခွင့်ပြုလိုက်တာကို ရုရှားက အခုနည်းလမ်းနဲ့ လက်တုံ့ပြန်တာလို့လည်း ပြောကြားသွားပါတယ်။

ပူတင်က ရုရှားဟာ နိုင်ငံပိုင်နက်ကို ထိပါးလာစေမယ့် တာဝေးပစ် ဒုံးကျည်တွေ ယူကရိန်းကို ထောက်ပံ့တဲ့၊ အသုံးပြုခွင့်ပေးတဲ့ နိုင်ငံတွေရဲ့ စစ်ရေး အဆောက်အအုံတွေကို လက်တုံ့ပြန် တိုက်ခိုက်ပိုင်ခွင့် အပြည့်ရှိတယ်လို့လည်း ကြုံးဝါးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အစောပိုင်းတုန်းက ယူကရိန်း အစိုးရဟာ ရုရှားက မဟာဗျူဟာ တိုက်ချင်းပစ် ဒုံးကျည် (ICBM) တစ်စင်းကို စစ်ပွဲတွေမှာ ပထမဆုံးအကြိမ် အသုံးပြုခဲ့တယ်လို့ စွပ်စွဲ ပြောကြားခဲ့ပေမယ့် ပူတင်ကတော့ အဲဒီအချက်ကို အတည်မပြုဘဲ ဒုံးကျည်အသစ် တစ်စင်းလို့သာ သုံးနှုန်းသွားခဲ့ပါတယ်။ ICBMတွေဟာ သမားရိုးကျ ထိပ်ဖူးတွေရော၊ နျူကလီးယား ထိပ်ဖူးတွေပါ တပ်ဆင်နိုင်ပြီး ကီလိုမီတာ ထောင်ချီ ပျံသန်းရင်း ရန်သူ့ပစ်မှတ်တွေကို ဖျက်ဆီးနိုင်တဲ့ လက်နက်တွေ ဖြစ်ပါတယ်။

ဇီလန်စကီးကတော့ ရုရှားက ဒုံးကျည် အမျိုးအစားသစ် အသုံးပြုပြီး ယူကရိန်း စစ်ပွဲမှာ တိုက်ခိုက်လာတာဟာ ပင်ကို သဘောထားအားဖြင့် ဘယ်လောက် ကြမ်းကြုတ် ရက်စက်သလဲ ဆိုတာကို ပြသနေတယ်လို့ ဝေဖန်ခဲ့ပါတယ်။ သူက ဒီဖြစ်စဉ်ဟာ ရုရှားအနေနဲ့ ငြိမ်းချမ်းရေးကို အမှန်တကယ် မလိုလားဘူးဆိုတာ ပြသနေကြောင်း၊ ပူတင်က စစ်ပွဲကို သက်တမ်းရှည်စေချင်ရုံသာ မကဘဲ ငြိမ်းချမ်းရေးအတွက် အလေးအနက် ညှိနှိုင်းနေတဲ့ နိုင်ငံတကာ အသိုက်အဝန်း မျက်နှာကိုပါ တံတွေးနဲ့ ထွေးလိုက်တာဖြစ်ကြောင်း ဇီလန်စကီးက လူမှုကွန်ရက် မီဒီယာ Xမှာ ဝေဖန် ရေးသားသွားခဲ့ပါတယ်။

ဇီလန်စကီးဟာ အဲဒီရေးသားမှုမှာတော့ ICBMနဲ့ တိုက်ခိုက်တယ်ဆိုတဲ့ စွပ်စွဲချက်ကို ထပ်မံ ရေးသားမထားတော့ပါဘူး။ အနောက်မဟာမိတ် နိုင်ငံတွေရဲ့ စစ်ရေးသုတေသီတချို့ကလည်း ယူကရိန်းကို ရုရှားက ICBMနဲ့ တိုက်ခိုက်တယ်ဆိုတဲ့ သီအိုရီအပေါ် သံသယနဲ့ ဆန်းစစ်နေကြပါတယ်။

ကုလသမဂ္ဂ လုံခြုံရေး ညီလာခံကတော့ ယူကရိန်းဟာ စမ်းသပ်ဆဲအဆင့် တာလတ်ပစ် ဒုံးကျည်တစ်စင်းနဲ့ တိုက်ခိုက်ခံခဲ့ရတယ်လို့ မှတ်ချက်ပေးထားပြီး ရုရှားဟာ အဲဒီလို လက်နက်မျိုး များများစားစား ပိုင်ဆိုင်ထားခြင်း မရှိနိုင်သေးကြောင်း၊ တစ်နည်းအားဖြင့် စစ်ပွဲရဲ့ အခြေအနေတွေကို အကြီးအကျယ် ပြောင်းလဲသွားစေမယ့် လက်နက်လို့ မယူဆနိုင်သေးကြောင်း မှတ်ချက်ပေးထားပါတယ်။

အမေရိကန်ရဲ့ ပင်တဂွန် စစ်ဌာနချုပ်က ရုရှားဟာ ဒုံးကျည် မပစ်ခတ်ခင် မိနစ်ပိုင်း အလိုမှာ နျူကလီးယား အန္တရာယ် လျှော့ချရေးအတွက် ချိတ်ဆက်ထားတဲ့ channelကနေတဆင့် အမေရိကန်ဆီ ကြိုတင် အသိပေးခဲ့တယ်လို့ အတည်ပြုပါတယ်။ အဲဒီ channelဟာ နျူကလီးယား လက်နက်ပိုင် နှစ်နိုင်ငံကြား ဒုံးကျည်တွေ ပစ်ခတ်မှု အပါအဝင် ထိလွယ်ရှလွယ် ကိစ္စတွေမှာ အပြန်အလှန် အသိပေးဖို့ ထူထောင်ထားတာ ဖြစ်ပါတယ်။

အမေရိကန်နဲ့ ဗြိတိန်တို့ရဲ့ တာဝေးပစ် စစ်လက်နက်တွေ ယူကရိန်းကို လွတ်လွတ်လပ်လပ် အသုံးပြုခွင့် ပေးလိုက်တာကို တုံ့ပြန်တဲ့ အနေနဲ့ ရုရှားဟာ နိုဝင်ဘာ ၂၁ ရက်နေ့မှာ နျူကလီးယားထိပ်ဖူး တပ်ဆင်ထားတာ မဟုတ်တဲ့ ဟိုက်ပါဆောနစ် မြန်နှုန်းမြင့် ဒုံးကျည်ကို စမ်းသပ် အသုံးပြု တိုက်ခိုက်ခဲ့ကြောင်း၊ အဲဒီ ဒုံးကျည်ဟာ ပစ်မှတ်ကို အောင်အောင်မြင်မြင် ထိမှန်ခဲ့ကြောင်း ပြောကြားသွားပါတယ်။ အဲဒီဒုံးကျည်ဟာ ပစ်မှတ်ဆီ အသံရဲ့ မြန်နှုန်းထက် ၁၀ ဆပိုတဲ့ အလျင်နဲ့ ဦးတည် ပျံသန်းနိုင်တာကြောင့် ကြားဖြတ်ပစ်ချဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့လည်း ပူတင်က ကြွေးကြော်ခဲ့ပါသေးတယ်။

ပူတင်ဟာ အဲဒီဒုံးကျည်ကို တာလတ်ပစ် အမျိုးအစား တိုက်ချင်းပစ် (IRBM)အဖြစ် ရည်ညွှန်းခဲ့တာကြောင့် ကီလိုမီတာ ၃၀၀၀ ကနေ ၅၅၀၀ ကြား ပျံသန်းနိုင်စွမ်း ရှိတယ်လို့လည်း ခန့်မှန်းရပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လေကြောင်းကာကွယ်ရေး ဒုံးခွင်းဒုံးတွေ ပြတ်လပ်မှုနဲ့အတူ ယူကရိန်းအတွက် ရက်စက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ ဆောင်းရာသီကို မျှော်လင့်ထားရလိမ့်မယ်လို့ သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ဝန်ခံ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

NATO စစ်မဟာမိတ် အဖွဲ့ရဲ့ သွေးစည်းညီညွတ်မှုကို အကဲစမ်းဖို့ ရုရှားက အကန့်အသတ်နဲ့ ရန်စ တိုက်ခိုက်တာမျိုးတွေ ရှိလာနိုင်ကြောင်း အမေရိကန် ထောက်လှမ်းရေး အစီရင်ခံစာတွေမှာ ဖော်ပြထားပါတယ်။

နိုင်ငံတကာ

ရုရှားဆီက မျိုးဆက်သစ် Su-57E တိုက်လေယာဉ်တွေ ဝယ်ယူဖွယ်ရှိကြောင်း သတင်းတွေကို အိန္ဒိယက ငြင်းပယ်သွားခဲ့ပါတယ်။

ဆောင်းပါး

ယူကရိန်းစစ်ပွဲက ရုရှားအတွက်တော့ ကြီးမားတဲ့ စစ်ရေးအခက်အခဲနဲ့ ကုန်ကျစရိတ်တွေကို ယူဆောင်လာခဲ့ပေမယ့်၊ ဒီစစ်မြေပြင်က တရုတ်အတွက်တော့ မဟာဗျူဟာမြောက် စစ်သင်တန်းကျောင်းကြီးဖြစ်လာပါတယ်။