အယုံအကြည်မရှိ အဆိုအရ ဝန်ကြီးချုပ် ဖယ်ရှားခံလိုက်ရတဲ့နောက် ပြင်သစ် ညွန့်ပေါင်းအစိုးရ ပြိုကွဲသွားပြီး ရှိရင်းစွဲ နိုင်ငံရေး အကျပ်အတည်းတွေက ပိုမိုဆိုးရွားလာတော့မှာ ဖြစ်ပါတယ်။
သမ္မတ အီမန်နျူရယ်လ် မာခရွန် အတွက်တော့ သူ့ရဲ့ သမ္မတသက်တမ်း နှစ်ကြိမ်ဆက်အတွင်း အဆိုးရွားဆုံး အစိုးရတွင်း အရှုပ်အထွေးတွေနဲ့ ရင်ဆိုင်လာရတာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၃ လကမှ မာခရွန်က ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ထားသူ မိုက်ကယ်ဘာနေဟာ လွှတ်တော်ထဲမှာ အယုံအကြည်မရှိ အဆိုတင်သွင်းမှု အထမြောက်ရာက ရာထူးက နုတ်ထွက်ရမှာ ဖြစ်ပါတယ်။ အဲဒီအတွက် ညွန့်ပေါင်း အစိုးရလည်း ပျက်ပြယ်သွားမှာပါ။ ဒါဟာ ပြင်သစ်မှာတော့ ၁၉၆၂ ခုနှစ်နောက်ပိုင်း အယုံအကြည်မရှိ အဆိုကြောင့် အစိုးရ ပျက်ပြယ်ရတဲ့ ပထမဆုံးအကြိမ် ဖြစ်လာပါတယ်။
ဘာနေဟာ လူကြိုက်မများတဲ့ ဘတ်ဂျတ် အစီအမံတွေကို လွှတ်တော်ရဲ့ ဆုံးဖြတ် အတည်ပြုချက် မရဘဲ သူ့ရဲ့ အထူးအာဏာကို အသုံးချ အတည်ပြုခဲ့တဲ့အပေါ် အတိုက်အခံ ပါတီတွေ ပေါင်းစည်းပြီး အယုံအကြည်မရှိ အဆိုတင်ခဲ့ကြတာ ဖြစ်ပါတယ်။
လက်ဝဲယိမ်းနဲ့ လက်ယာစွန်း အင်အားစုနှစ်ရပ် ပေါင်းစည်းပြီး ဒီဇင်ဘာ ၄ ရက်နေ့မှာ ဘာနေကို ဖြုတ်ချဖို့ မဲပေးခဲ့ကြတာ ဖြစ်သလို ဝန်ကြီးချုပ်ကို ဖယ်ရှားနိုင်မယ့် စုစုပေါင်းမဲ ၂၈၈ ခု လိုအပ်ချိန်မှာ ၃၃၁ မဲထိ ပြတ်ပြတ်သားသား ရရှိခဲ့တာပါ။
သမ္မတ မာခရွန်ကတော့ လွှတ်တော် မဲခွဲမှု မတိုင်ခင် ကတည်းက သူဟာ ရလဒ် ဘယ်လိုထွက်ထွက် နုတ်ထွက်ဖို့ အစီအစဉ် မရှိကြောင်း ပြောကြားထားပါတယ်။ အဲဒီအစား မာခရွန်ဟာ ဝန်ကြီးချုပ်သစ် တစ်ယောက်ကို အဆောတလျင် ရွေးချယ် ခန့်အပ်ပြီး လွှတ်တော်ကို လွှမ်းမိုးနိုင်စွမ်း မရှိတဲ့ အစိုးရ အစုအဖွဲ့မျိုးနဲ့ ရှေ့ဆက်ဖွယ် ရှိပါတယ်။
နောက်ပြီး မာခရွန်က အခြေအနေတွေကို ဖြေရှင်းနိုင်ရေးအတွက် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လမှာ ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပဖို့လည်း အဆိုပြုထားပါတယ်။ ဒါပေမဲ့ အဲဒီအတောအတွင်း ပြင်သစ်ဟာ အစိုးရအဖွဲ့ မတည်ငြိမ်တာ၊ ဘဏ္ဍာရေး နှစ်သစ်အတွက် ဘတ်ဂျတ် မဆုံးဖြတ်နိုင်တာမျိုး ပြဿနာတွေ ကြုံလာနိုင်ကြောင်း ထောက်ပြမှုတွေ ရှိနေပါတယ်။
အယုံအကြည်မရှိ အဆို မဲခွဲမှု ရလဒ်နဲ့အတူ ဘာနေက အတည်ပြုခဲ့ဖူးတဲ့ ဘတ်ဂျတ်အစီအမံကလည်း အလိုအလျောက် ပျက်ပြယ်သွားမှာ ဖြစ်ပါတယ်။ လက်ယာစွန်း အမျိုးသား အစည်းအရုံး (NR) ပါတီ အကြီးအကဲ မာရင် လီပန်းက အဲဒီ ဘတ်ဂျတ်ဟာ အဆိပ်အတောက် တစ်ခုလို့ ဝေဖန်ခဲ့ပါတယ်။
မဲမပေးခင် လွှတ်တော်မှာ မိန့်ခွန်းမှာတော့ ဘာနေက ဘတ်ဂျတ် လိုငွေပြမှုတွေကို ယူရို ၆၀ ဘီလီယံလောက် လျော့ကျအောင် အစီအမံတွေ ထည့်သွင်းထားတဲ့ သူ့ရဲ့ ဘတ်ဂျတ်လျာထားချက်ကို ကာကွယ် ပြောကြားသွားပါတယ်။ ပြင်သစ်ဟာ ကြွေးမြီတွေနဲ့ ပတ်သက်တဲ့ အရှိတရားကို ရှောင်လွှဲနေလို့ မရဘဲ မှန်ကန်နဲ့ တာဝန်ယူမှုတွေ လိုအပ်တဲ့ ကာလမျိုးကို ဖြတ်သန်းနေရပြီလို့ သူက ပြောပါတယ်။ သူ့ကို ဝန်ကြီးချုပ် နေရာကနေ ကန်ထုတ်လိုက်ရုံနဲ့လည်း ပြဿနာတွေ ပြေလည်သွားမှာ မဟုတ်ကြောင်း၊ လူကြိုက်မများပေမယ့် လိုအပ်တဲ့ အစီအမံတွေကို အဆိုပြုခဲ့ရခြင်းက သူ့အတွက်လည်း ခက်ခဲခဲ့ကြောင်း ဘာနေက မှတ်ချက်ပေးသွားပါတယ်။
ပြင်သစ်မှာ ဝန်ကြီးချုပ်ဟာ အစိုးရအဖွဲ့ ခေါင်းဆောင်အဖြစ် သတ်မှတ်ခံရပြီး ဝန်ကြီးချုပ် ဖယ်ရှားခံရတာဟာ အစိုးရ ပြိုကွဲခြင်းလည်း ဖြစ်ပါတယ်။ တကယ်တမ်း နိုင်ငံရဲ့ အမြင့်ဆုံး အာဏာပိုင်ဖြစ်တဲ့ သမ္မတ အပေါ်မှာတော့ ဒီမဲခွဲမှုက တိုက်ရိုက် သက်ရောက်မှု မရှိပါဘူး။ ဒါပေမဲ့လည်း ဘာနေကို ရွေးချယ် ခန့်အပ်ထားတဲ့ မာခရွန် အတွက်တော့ သိက္ခာကျစရာ ဖြစ်လာပါတယ်။
ပြင်သစ်မှာ လွှတ်တော်တွင်း ရွေးကောက်ပွဲတွေက ဇူလိုင်လထိ ကျင်းပလို့ မရသေးသလို လက်ရှိ အခြေအနေအရ လွှတ်တော်ထဲမှာ ထင်သာမြင်သာ အင်အား ပြတ်ပြတ်သားသား အသာစီး ရထားတဲ့ အစုအဖွဲ့လည်း မရှိသေးတာကြောင့် မူဝါဒရေးရာ ကိစ္စတွေမှာ အကျေအလည် ညှိနှိုင်းမှုတွေနဲ့ ရှေ့ဆက်ရမယ့် သဘောပါ။
ပြင်သစ်သာ မကဘဲ ဂျာမနီဟာလည်း ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အတွင်းပိုင်းက ပြိုကျနိုင်တဲ့ ပြဿနာတွေနဲ့ ရုန်းကန်နေရတာကြောင့် အဲဒီအခြေအနေတွေဟာ ဥရောပ သမဂ္ဂရဲ့ အင်အားကို ထိပါးပွန်းပဲ့စေနိုင်ကြောင်း ဝေဖန် ထောက်ပြမှုတွေလည်း ရှိနေပါတယ်။
ကိုးကား: Reuters