ထိပ်တန်း စစ်ဗိုလ်ချုပ် လုပ်ကြံခံခဲ့ရတဲ့ ဖြစ်စဉ်နဲ့ ဆက်စပ်ပြီး ရုရှား လုံခြုံရေး အရာရှိတွေက သံသယရှိသူ တစ်ဦးကို ဖမ်းဆီးထားလိုက်ကြောင်း သိရပါတယ်။
ဒုတိယ ဗိုလ်ချုပ်ကြီး အီဂေါ် ကီရီလော့ဗ်ဟာ ရုရှားရဲ့ နျူကလီးယား၊ ဓာတုနဲ့ ဇီဝ လက်နက်များ ကာကွယ်ရေးတပ်ဖွဲ့ အကြီးအကဲဖြစ်ပြီး အခုသီတင်းပတ် အစောပိုင်းတုန်းက မော်စကိုမြို့တော်မှာ ဗုံးခွဲ လုပ်ကြံ ခံခဲ့ရတာပါ။
ကီရီလော့ဗ်ဟာ ဒီဇင်ဘာ ၁၇ ရက်နေ့က မော်စကို လူနေအိမ်ခန်း တစ်ခုကနေ ကိုယ်ရေး အရာရှိနဲ့အတူ ထွက်အလာ၊ တံခါးပေါက်နားက စကူတာမှာ ထောင်ထားတဲ့ ဗုံးကွဲလို့ နှစ်ဦးစလုံး သေဆုံးခဲ့တာ ဖြစ်ပါတယ်။
နောက်ပိုင်းမှာတော့ ယူကရိန်း လျှို့ဝှက်ထောက်လှမ်းရေးဌာန (SBU)က အဲဒီ လုပ်ကြံမှုကို အကောင်အထည် ဖော်ခဲ့ကြောင်း အတည်ပြု ကြေညာခဲ့ပါတယ်။
ဒီဇင်ဘာ ၁၈ ရက်နေ့မှာတော့ ရုရှား လုံခြုံရေး ဌာနဟာ နာမည်ဖော်မပြတဲ့ ဥဇဘက်ကစ္စတန် နိုင်ငံသား တစ်ဦးကို ဖမ်းဆီးခဲ့ပါတယ်။ အဲဒီ သံသယ တရားခံဟာ SBUရဲ့ စည်းရုံး သိမ်းသွင်းမှုကို ခံခဲ့ရတယ်လို့ ရုရှားက စွပ်စွဲထားပါတယ်။ အသက် ၂၉ နှစ်အရွယ် အမျိုးသားကလည်း သူ့ကို စုံစမ်းစစ်ဆေး မေးမြန်းချိန်မှာ ယူကရိန်းရဲ့ စည်းရုံးသိမ်းသွင်းမှုကို ခံခဲ့ရတယ်ဆိုတာ ထွက်ဆိုခဲ့တယ်လို့ ရုရှားက ထုတ်ပြန်ထားပါတယ်။
သူက ကီရီလော့ဗ်ကို လုပ်ကြံပြီးရင် ငွေသား ဒေါ်လာ တစ်သိန်း ရရှိမယ့်အပြင် ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံတစ်ခုခုဆီမှာ ခိုလှုံခွင့်ပါ မက်လုံးပေး ခံခဲ့ရတယ်လို့ ထွက်ဆိုထားကြောင်း ရုရှားဖက်က ပြောပါတယ်။ နောက်တော့ သူဟာ ကားတစ်စီးကို ငှားပြီး ကီရီလော့ဗ်ရဲ့ နေအိမ်မှာ အသွားအလာ လုပ်ပုံတွေကို စောင့်ကြည့်ဖို့ ဒက်ရှ်ဘုတ် ကင်မရာ တပ်ဆင်ပြီး ယူကရိန်းရဲ့ ဒီနီပရို မြို့မှာ ရှိနေတဲ့ အဆက်အသွယ် အေးဂျင့်ဆီ ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ လုပ်ကြံတဲ့ နေ့မှာတော့ ဗုံးဆင်ထားတဲ့ စကူတာကို အိမ်အပေါက်ဝမှာ ရပ်ထားခဲ့ပြီး ကီရီလော့ဗ်က အိမ်ကအထွက်မှာ အဝေးထိန်း ခလုတ်နှိပ်ပြီး ဖောက်ခွဲခဲ့တာလို့လည်း ရုရှား ထောက်လှမ်းရေးက ပြောပါတယ်။
သူ့ကို မော်စကို မြို့တော် ပိုင်နက်ထဲမှာ ပါဝင်တဲ့ ချာနိုရီဆိုတဲ့ ရွာလေးမှာ ဖမ်းဆီးရမိခဲ့တာလို့လည်း သိရပါတယ်။ ကီရီလော့ဗ်ဟာ ယူကရိန်းကို ရုရှားက ကျူးကျော်ခဲ့တဲ့ စစ်ပွဲကာလ ၃ နှစ်တာ နီးပါးအတွင်း လုပ်ကြံမှုကြောင့် သေဆုံးတဲ့ အဆင့်အမြင့်ဆုံး ရုရှားစစ်ဘက် အရာရှိ ဖြစ်လာခဲ့ပါတယ်။
အသက် ၅၄ နှစ်အရွယ် ကီရီလော့ဗ် ကွယ်လွန်ခြင်းအတွက် ရုရှား သမ္မတ ဗလာဒီမာ ပူတင်ဟာ မိသားစုဆီ ကိုယ်တိုင် ဆက်သွယ်ပြီး အထူး စာနာဝမ်းနည်းတယ်ဆိုတာ ပြောကြားခဲ့ကြောင်း ကရင်မလင် နန်းတော်က ဆိုပါတယ်။
ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာနက ကီရီလော့ဗ်ကို ယူကရိန်းက လုပ်ကြံခဲ့တဲ့ ကိစ္စကို ကုသလမဂ္ဂ လုံခြုံရေး ကောင်စီမှာ အရေးဆို တိုင်ကြားမယ်လို့လည်း ပြောပါတယ်။ ယူကရိန်းကတော့ ကီရီလော့ဗ်ဟာ ယူကရိန်းမှာ ဓာတုလက်နက် အသုံးပြု တိုက်ခိုက်မှုတွေကို ကြီးမှူးခဲ့တဲ့အတွက် တရားဝင် လုပ်ကြံပိုင်ခွင့်ရှိတဲ့ ပစ်မှတ်မျိုးလို့ အစောပိုင်း ကတည်းက သဘောထား ထုတ်ပြန်ထားပါတယ်။
ရုရှား အာဏာပိုင်တွေက အခု လုပ်ကြံမှုရဲ့ အဓိက နောက်ကွယ်က ကြိုးကိုင်သူတွေကို ဖော်ထုတ်ပြီး လက်စားချေသွားမယ်လို့လည်း ကြုံးဝါးထားပါတယ်။
ကိုးကား: BBC