Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဖူကူရှီးမား နျူကလီးယား ဓာတ်အားပေး စက်ရုံထဲက ရေဒီယို သတ္တိကြွ အပျက်အစီးတွေ ဒုတိယအကြိမ် ဖယ်ရှားဖို့ စီစဉ်

ဂျပန်နိုင်ငံမှာ ငလျင်နဲ့ ဆူနာမီ ရေလှိုင်း ရိုက်ခတ်မှုတွေ နောက်ဆက်တွဲ ရေဒီယို သတ္တိကြွ ယိုစိမ့်မှုတွေ ဖြစ်ပေါ်ခဲ့ရာ ဖူကူရှီးမား နျူကလီးယား ဓာတ်အားပေး စက်ရုံထဲက နျူကလီးယား အညစ်အကြေးတွေ စမ်းသပ်ဖယ်ရှားမှုကို ဒုတိယအကြိမ် လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

ဂျပန်နိုင်ငံမှာ ငလျင်နဲ့ ဆူနာမီ ရေလှိုင်း ရိုက်ခတ်မှုတွေ နောက်ဆက်တွဲ ရေဒီယို သတ္တိကြွ ယိုစိမ့်မှုတွေ ဖြစ်ပေါ်ခဲ့ရာ ဖူကူရှီးမား နျူကလီးယား ဓာတ်အားပေး စက်ရုံထဲက နျူကလီးယား အညစ်အကြေးတွေ စမ်းသပ်ဖယ်ရှားမှုကို ဒုတိယအကြိမ် လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

ကပ်ဘေးသင့် နျူကလီးယား ဓာတ်အားပေး စက်ရုံကို ပိုင်ဆိုင်ထားတဲ့ ကုမ္ပဏီဟာ ရေဒီယို သတ္တိကြွ အညစ်အကြေး နမူနာ တချို့ကို စမ်းသပ်ဖယ်ရှားကြည့်မယ့် ခက်ခဲရှုပ်ထွေးတဲ့ အစီအမံကို မတ်လထဲမှာ အကောင်အထည်ဖော်ဖို့ ရည်ရွယ်ထားကြောင်း ဒီဇင်ဘာ ၂၆ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၁၃ နှစ်တုန်းက ဖူကူရှီးမား ဓာတ်အားပေး စက်ရုံဟာ ရစ်ချ်တာစကေး ၉.၀ အဆင့် ငလျင်ကြီးနဲ့ နောက်ဆက်တွဲ ဆူနာမီ ရေလှိုင်းတွေဒဏ်ကြောင့် ဆိုးရွားတဲ့ ရေဒီယို သတ္တိကြွ ယိုစိမ့်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒါဟာ ဂျပန်သမိုင်းမှာတော့ ဟီရိုးရှီးမားနဲ့ နာဂါစကီ မြို့တွေမှာ ဒုတိယ ကမ္ဘာစစ်တုန်းက အနုမြူဗုံးတွေ ကြဲချတာ ခံခဲ့ရတဲ့နောက်ပိုင်း အဆိုးဆုံး နျူကလီးယား ကပ်ဘေးတစ်ခု ဖြစ်လာခဲ့ပါတယ်။

အက်ကွဲပြီး ယိုစိမ့်မှုတွေ ဖြစ်ပေါ်နေရာ ဓာတ်ပေါင်းဖိုတွေထဲမှာ ရေဒီယို သတ္တိကြွ အပျက်အစီးတွေ စုစုပေါင်း တန်ချိန် ၈၈၀ ဝန်းကျင်လောက် ရှိနေပြီး အဲဒါတွေကို ဖယ်ရှားဖို့ ဆိုတာဟာ အင်မတန် စိန်ခေါ်မှု ကြီးမားပြီး ခက်ခဲရှုပ်ထွေးလွန်းတဲ့ အခြေအနေမျိုးလို့ နျူကလီးယား ဓာတ်အားပေး စက်ရုံကို ပိုင်ဆိုင်ထားတဲ့ တိုကျိုလျှပ်စစ်စွမ်းအား ကုမ္ပဏီ (TEPCO)က ပြောပါတယ်။

Public Service Announcement

Public Service Announcement

TEPCOဟာ အရေအတွက် ပမာဏ နည်းနည်းလောက်သာရှိတဲ့ ရေဒီယို သတ္တိကြွ အညစ်အကြေးတွေကို ပထမဆုံးအကြိမ် စမ်းသပ် ဖယ်ရှားမှုကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ကြောင်း နိုဝင်ဘာ လတုန်းက ကြေညာခဲ့ပါတယ်။ အဝေးထိန်း စက်ရုပ်တွေကို အသုံးပြုပြီး လုပ်ဆောင်ခဲ့တဲ့ အဲဒီ အော်ပရေးရှင်းမှာ ရေဒီယို သတ္တိကြွ အပျက်အစီး ၀.၇ ဂရမ်ကိုသာ သယ်ထုတ်နိုင်ခဲ့တာဖြစ်ပြီး အခုတော့ တိုကျိုမှာရှိတဲ့ ဓာတ်ခွဲခန်း တစ်ခုဆီ ပို့ဆောင်ထားပြီး ဖြစ်ပါတယ်။

TEPCOရဲ့ တာဝန်ရှိသူ တစ်ဦးကတော့ အလားတူ စမ်းသပ်ဖယ်ရှားမှုမျိုးကို မတ်လကနေ ဧပြီလအတွင်းမှာ ဒုတိယအကြိမ် အကောင်အထည် ဖော်နိုင်ဖို့ လျာထားကြောင်း ပြောပါတယ်။ နောက်ပြီး ပထမအကြိမ်တုန်းက အသုံးပြုခဲ့တဲ့ စက်ယန္တားတွေကို ပိုမို ကောင်းမွန်အောင် အဆင့်မြှင့်ထားတယ်လို့လည်း သူက မှတ်ချက်ပေးသွားပါတယ်။

ဖူကူရှီးမား နျူကလီးယား ဓာတ်အားပေး စက်ရုံမှာ စုစုပေါင်း ဓာတ်ပေါင်းဖို ၆ ခုရှိတဲ့အနက် ၃ ခုဟာ ၂၀၁၁ ခုနှစ် ငလျင်နဲ့ ဆူနာမီတွေကြောင့် အက်ကွဲပြီး အတွင်းပိုင်း အရည်ပျော် ယိုစိမ့်မှုတွေ ပေါ်ပေါက်ခဲ့တာပါ။ အဲဒီ ပျက်စီးယိုယွင်းသွားတဲ့ ဓာတ်ပေါင်းဖိုတွေကို အပူလွန်ကဲမလာအောင် ထိန်းသိမ်းဖို့ ဂျပန်ဟာ ရေထုပမာဏ အမြောက်အမြားနဲ့ အအေးပေးခဲ့ရပြီး အဲဒီ ရေဒီယို သတ္တိကြွ ရေတွေကို နှစ်ရှည်လများ သိုလှောင်ထားခဲ့ရပါတယ်။

ဒါပေမဲ့လည်း မနှစ်ကစလို့ ဂျပန်ဟာ အဲဒီ ရေဒီယို သတ္တိကြွ ရေတွေကို ပြန်လည်သန့်စင်ပြီး ပင်လယ်ပြင်ဆီ ဖောက်ချမှုတွေ စတင်ခဲ့ပါတယ်။ လက်ရှိ အချိန်ထိ ဂျပန်ဟာ ပစိဖိတ် သမုဒ္ဒရာထဲကို သန့်စင်ပြီး ရေဒီယို သတ္တိကြွ ရေတွေကို အိုလံပစ် ရေကူးကန် ၅၄၀ စာလောက် ဖောက်ချထားပြီး ဖြစ်ပါတယ်။

ကိုးကား: CNA

ဆက်စပ်သတင်းများ